Monday, June 22, 2009

သံသယ ရှိဖွယ် မြောက်ကိုရီးယား သင်္ဘော မြန်မာနိုင်ငံကို ဦးတည်

ဗွီအိုအေ၊ ဇွန်လ ၂၂ ရက် ၂၀၀၉

မြန်မာနိုင်ငံဘက်ကို ဦးတည်နေပုံရတဲ့ တရုတ် ပင်လယ်ပြင်က မြောက်ကိုရီးယား ကုန်တင် သင်္ဘောတစင်းမှာ စစ်လက်နက် ပစ္စည်းတွေ သယ်ဆောင်လာနိုင်ခြေရှိတယ်ဆိုပြီး အမေရိကန် စစ်သင်္ဘောတစင်းက နောက်ယောင် ခံလိုက်နေပါတယ်။ အကြောင်းစုံကို ကိုသားညွှန့်ဦးက တင်ပြပါတယ်။

ကောင်နမ် ၀မ်း (Kang Nam 1) လို့ အမည်ရတဲ့ မြောက်ကိုးရီးယား သင်္ဘောကို အမေရိကန် ရေတပ် ဖျက်သင်္ဘော တစင်းက နောက်ယောင်ခံလိုက်နေပြီး၊ ဆက်သွယ်ရေး ဂြိုလ်တုနဲ့လည်း သူ့ရဲ့ လမ်းကြောင်းကို စောင့်ကြည့်နေပါတယ်။ လမ်းကြောင်းအရဆိုရင် မြန်မာနိုင်ငံဘက်ကို ဦးတည်နေတယ်လို့ ခန့်မှန်းထားကြတာပါ။ ဒီသတင်းတွေကို တောင်ကိုရီးယား သတင်းတွေမှာ ပြသနေပါတယ်။

“မြောက်ကိုရီးယား နန်ဖို ဆိုတဲ့ နေရာကနေပြီး တန်ချိန် ၂၀၀၀ရှိတဲ့ ကောင်နမ် ၁ ဆိုတဲ့ သင်္ဘော တစင်းက မြောက်ကိုရီးယား နိုင်ငံကနေ စတင်ထွက်ခွာပြီး၊ မြန်မာနိုင်ငံကို ဦးတည်နေတဲ့အကြောင်းကို သတင်းမှာ ဖော်ပြနေပါတယ်။ အဲဒီသင်္ဘောက ငါးစင်းရှိတယ်။ ကောင်နမ် ဖိုး ဆိုတဲ့ သင်္ဘောက နံပါတ် ၁ ကနေ နံပါတ် ၅အထိ ၅စင်းရှိတဲ့အကြောင်း၊ အဲဒီသင်္ဘောအများစုက လက်နက်တွေ သယ်ဆောင်ပြီး တင်ပို့နေတဲ့အကြောင်းကို သတင်းတွေမှာ ပြနေတယ်။ အမေရိကန် က ဂြိုလ်တုကနေ တွေ့နေရတယ်ဆိုတဲ့အကြောင်း၊ အကျယ်ချဲ့ပြီးတော့ ဖော်ပြထားတာ မရှိဘူး။ နောက်ယောင်ခံလိုက်တာနဲ့၊ ဂြိုလ်တုကနေ တွေ့နေရတယ်ဆိုတာပဲ ဖော်ပြထားတယ်။ အခုနောက်ဆုံးသတင်းကတော့ တရုတ်ပင်လယ်ပြင်ကို ဖြတ်ကျော်နေတဲ့အကြောင်းပေါ့။ အဲဒါကိုတော့ သူတို့ ပြထားတယ်။ သင်္ဘောသွားနေတဲ့ ပုံက အစပေါ့။ တောင်ကိုရီးယားသတင်းတွေမှာ ဖော်ပြထားတာက မြောက်ကိုရီးယားရဲ့ အလုပ်သမား သတင်းစာက အဲဒီသင်္ဘောပေါ်မှာ ကြီးမားတဲ့ လက်နက်တွေ၊ မစ်ဇိုင်းတွေ၊ နြူကလီးယားနဲ့ ပတ်သက်တဲ့ လက်နက်တွေ ပါနိုင်တယ်ဆိုတဲ့အကြောင်းကို ကိုရီးယား နောက်ဆုံး သတင်းမှာ တွေ့နေရတယ်။”

မြောက်ကိုရီးယားနဲ့ တောင်ကိုးရီးယားကလည်း မြောက်ကိုရီးယား နောက်ဆုံးတချိန် မကြာခင်က နြူကလီးယား လက်နက် စမ်းသပ်မှု ပြုလုပ်ပြီးနောက်ဆုံးမှာ တင်းတင်းမာမာ ဖြစ်နေချိန်မှာ၊ မြန်မာနဲ့ မြောက်ကိုရီးယား ဆက်ဆံမှုတွေ ရှိလာတာ၊ အခုလည်း မြန်မာဘက်ကို မြောက်ကိုရီးယား သင်္ဘော တစင်း ဦးတည်သွားနေတာနဲ့ ပတ်သက်ပြီး တောင်ကိုရီးယားက ဘယ်လို စိုးရိမ်မှုတွေ ရှိတာနဲ့ ပတ်သက်ပြီး ဘာများကြားသလဲခင်ဗျ။

“ယေဘူယျ လက်နက်တွေ ပါနိုင်တဲ့အကြောင်းတွေကို ဖော်ပြတာပဲ ရှိတယ်။ တောင်ကိုရီးယားအနေနဲ့ သင်္ဘောသွားတဲ့ ကိစ္စကို အစိုးရက ပြန်လည် တုံ့ပြန်တဲ့သတင်းကို မကြားသေးရပါဘူး။”

တောင်ကိုးရီးနိုင်ငံက ကိုဇော်မိုးအောင်က ပြောပြထားတာပါ။

အခု အဖြစ်အပျက်ဟာ လဆန်းပိုင်းအတွင်း မြောက်ကိုရီးယားနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ ဆုံးဖြတ်ချက် ချမှတ်အပြီး ပထမဆုံးအကြိမ် ဖြစ်လာတာပါ။ ဆုံးဖြတ်ချက်ထဲမှာ မြောက်ကိုးရီးယား နြူကလီးယား လက်နက်အစီအစဉ်၊ ဒုံးကျည်လက်နက် အစီအစဉ်တွေ မလုပ်နိုင်အောင် မြောက်ကိုရီးယား သဘောင်္တွေကို ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေက ၀င်ရောက် ရှာဖွေ စစ်ဆေးနိုင်တယ်ဆိုတဲ့ အချက်ပါပါတယ်။ နောက်ကလိုက်နေတဲ့ အမေရိကန် စစ်သင်္ဘော က မြောက်ကိုရီးယား သင်္ဘောကို ကြားဖြတ် ဟန့်တား ရှာဖွေတာမျိုး လုပ်မလားဆိုတာကိုတော့ အမေရိကန် က ထုတ်ပြောတာမျိုး မရှိသေးပါဘူး။ မြောက်ကိုရီးယား တလောက နြူကလီးယား စမ်းသပ်မှု တခု လုပ်ခဲ့လို့ အနောက်နိုင်ငံတွေနဲ့ တင်းတင်းမာမာ ပြန်ဖြစ်ခဲ့တာပါ။ အထူးသဖြင့် အမေရိကန် ဟာဝါအီ ကျွန်းဘက်ကို ချိန်ရွယ်ပြီးတော့ ဒုံးကျည် ပစ်ခတ် စမ်းသပ်မှုတခု လုပ်နိုင်တယ်ဆိုတဲ့ သတင်းကြောင့် အမေရိကန် ပြည်ထောင်စုဘက်က မြောက်ကိုရီးယားရဲ့ လှုပ်ရှားမှု မှန်သမျှကို အထူး ဂရုပြု စောင့်ကြည့်နေတယ်လို့ ပြောရမှာပါ။

0 comments: