Wednesday, May 27, 2009

အာဆီယံမှ မြန်မာကို ဆိုင်းငံ့ရန် စင်္ကာပူအမတ်တောင်းဆို

ဧရာဝတီ-ကိုစိုး၊ မေလ ၂၇ ရက် ၂၀၀၉

အာဆီယံ အဖွဲ့အနေနှင့် မြန်မာနိုင်ငံကို အဖွဲ့ဝင်အဖြစ်မှ ရပ်ဆိုင်းထားရန် စင်္ကာပူ ပါလီမန်အမတ် တဦးက ဘန်ကောက်အခြေစိုက် နိုင်ငံခြား သတင်းထောက်များ ကလပ်၌ ယမန်နေ့က ပြုလုပ်သော ဒေါ်အောင်ဆန်း စုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးရေး လက်မှတ်ထိုးလှုပ်ရှားမှု သတင်းစာရှင်းလင်းပွဲတွင် ပြောကြားလိုက်သည်။

စင်္ကာပူ ပါလီမန်အမတ် Mr Charles Chong က အာဆီယံ အနေနှင့် မြန်မာနိုင်ငံ ဒီမိုကရေစီ ထွန်းကားရေး ဖော်ဆောင်ရန် ပျက်ကွက်ခဲ့ပြီး မြန်မာနိုင်ငံကို အဖွဲ့ဝင်အဖြစ်မှ ထုတ်ပယ်ရန် မဆိုထားနှင့် အကန့်အသတ်ဖြင့် အရေးယူပိတ်ဆို့ ရေးပင် မပြုလုပ်ဟုလည်း ဝေဖန်ပြောကြားကြောင်း ယနေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာ တွင်ဖော်ပြထားသည်။

“အာဆီယံရဲ့သြဇာဟာ မြန်မာအစိုးရ အပေါ်သက်ရောက်မှုမရှိဘူးဆိုတော့ မြန်မာကို အာဆီယံ အဖွဲ့ဝင်အဖြစ် ကနေ ရပ်ဆိုင်းထားသင့်ပါတယ်”ဟု Mr Charles Chong က ပြောဆိုသည်။

Mr Charles Chong က လတ်တလော မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တရားရင်ဆိုင် နေရသည့် အမှု အပါအဝင် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုအခြေအနေများကို ရှုတ်ချ ဝေဖန် လိုက်ပြီး မြန်မာပြည်သူများထက် စစ်အစိုးရကို ပိုမိုထိခိုက်စေသော အရေးအယူ ပိတ်ဆို့မှုများကို ပြုလုပ်သင့် ကြောင်း ပြောဆိုသည်။

မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင် စဖြစ်သည့် အချိန်ကတည်းက အငြင်းပွားဖွယ်နိုင်ငံဖြစ်ခဲ့ရာမှ ယခုအချိန်တွင် ဒေါ်အောင်ဆန်းစုကြည် ကဲ့သို့သော ဒီမိုကရေစီ ခေါင်းဆောင်တဦးအား တရားစီရင်နေသည့် နိုင်ငံ တနိုင်ငံဖြစ်နေ ကြောင်းလည်း ဘန်ကောက်ပို့စ်က ရေးသားထားသည်။

“မြန်မာနိုင်ငံကို လက်ပန်းကျနေတဲ့ အဆင့် ရောက်သွားမှာကို ကျနော်တို့ မလိုလားပါဘူး”ဟု လည်း Mr Charles Chong က ပြောသည်။

Mr Charles Chong ၏ ပြောကြားချက်များသည် စင်္ကာပူ အစိုးရကိုယ်စားပြုပြောကြားခြင်းမဟုတ်ဘဲ မြန်မာစစ် အစိုးရ၏ စိတ်ပျက်ဖွယ်ရာလုပ်ရပ်များကို ပုဂ္ဂလိက အမြင်ဖြင့်ပြောကြားခြင်းဖြစ်ကြောင်းလည်း ဘန်ကောက်ပို့စ်က ဖော်ပြထားသည်။

ယမန်နေ့က ဘန်ကောက် နိုင်ငံခြားသတင်းထောက်များ ကလပ်တွင် ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေး အကျဉ်းသား များ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) နှင့် မြန်မာနိုင်ငံ ဒီမိုကရက်တစ် အင်အားစု (FDB) တို့ ပူးပေါင်းကာ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး လက်မှတ်ထိုးလှုပ်ရှားမှုနှင့် ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အတိုက်အခံ အင်အားစုများ သတ်မှတ်ထားသည့် မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့ မေလ ၁၃ ရက်နေ့တွင် စတင် ပြုလုပ်ခဲ့သော ယင်းလက်မှတ်ထိုးလှုပ်ရှားမှုသည် ယမန်နေ့အထိ နိုင်ငံပေါင်း ၂၀၀ ကျော်မှ လက်မှတ်ပေါင်း ၆ သိန်း ခွဲ ရရှိကြောင်း လှုပ်ရှားမှုအဖွဲ့က ကြေညာခဲ့ပြီး ယင်းလှုပ်ရှားမှုသည် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး ချုပ် မစ္စတာ ဘန်ကီမွန်းမှ နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးရေး စစ်အစိုးရကို ဖိအားပေး တောင်းဆိုရန် ပြုလုပ် ခြင်းဖြစ်ကြောင်း သိရသည်။

ယမန်နေ့ကပင် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင် ကျင်းပနေသော ၉ ကြိမ်မြောက် အာရှ-ဥရောပ ASEM အစည်း အဝေးသို့ တက်ရောက်လာသော အာရှ-ဥရောပ နိုင်ငံခြားရေး ဝန်ကြီးများက ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို အမြန်ဆုံးလွှတ်ပေးရန် တောင်းဆိုသည့် ထုတ်ပြန်ချက်တခု သတ်မှတ် ထုတ် ပြန်ခဲ့သည်။

0 comments: