Wednesday, February 25, 2009

UDP ခေါင်းဆောင် မူးယစ်လုပ်ငန်း ပတ်သက်ခဲ့ဟု VOA သတင်းကဆို

ဧရာဝတီ၊ ဖေဖော်ဝါရီလ ၂၄ ရက် ၂၀၀၉

နိုင်ငံရေးပါတီ ခေါင်းဆောင် တဦးသည် မူးယစ်ဆေး လုပ်ငန်း၊ ငွေမည်း ခဝါချသည့် လုပ်ငန်းများနှင့် ဆက်နွယ် နေကြောင်း ထောက်လှမ်းရေး အရာရှိဟောင်း ဦးအောင်လင်းထွဋ်က ဗီအိုအေ မြန်မာပိုင်း အသံလွှင့်ဌာနသို့ ပြောလိုက်သည်။

အဆိုပါ ခေါင်းဆောင်မှာ ညီညွတ်သော ဒီမိုကရက်တစ် ပါတီ (UDP) ဒုဥက္ကဋ္ဌ ဦးကျော်မြင့် ဖြစ်ကြောင်း၊ ဝ ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA)၏ ဘဏ္ဍာရေးဌာနတွင် ဒုတိယဌာနမှူးအဖြစ် ဦးကျော်မြင့် တာဝန်ယူခဲ့စဉ်က ထိုလုပ်ငန်းများကို လုပ်ကိုင်ခဲ့ခြင်း ဖြစ်ကြောင်း ဦးအောင်လင်းထွဋ်က ဆိုသည်။

ထိုအချိန်က မြန်မာကျုံယွမ် ကုမ္ပဏီကို တည်ထောင်ပြီး၊ UWSA အဖွဲ့က စီးပွားရေးဘဏ် ၄ ခုကို ကျောထောက် နောက်ခံ ပြုပေးခဲ့သည်ဟု ဦးအောင်လင်းထွဋ်က ဆိုသည်။

Asiaweek မဂ္ဂဇင်းကလည်း မြန်မာကျုံယွမ်သည် ငွေမည်း ခဝါချသည့် လုပ်ငန်းများနှင့် ဆက်နွယ်နေသည့် ကုမ္ပဏီ အဖြစ် စွပ်စွဲခံနေရကြောင်း ၁၉၉၈ခုနှစ် ဇန်နဝါရီလတွင် ရေးသားခဲ့သည်။

မြန်မာစစ်အစိုးရက အဆိုပါ ကုမ္ပဏီကို နာမည်ပျက်စာရင်း သွင်းခဲ့သည်၊ အဘယ်ကြောင့် ဆိုသော် “UWSA၏ ဘဏ္ဍာရေးဌာန ဒုဝန်ကြီးဟု ဆိုသော မိုက်ကယ်ဟွာဟူ (ခေါ်) ဗိုလ်မှူးကျော်မြင့်သည် စီးပွားရေးဆိုင်ရာ ဥပဒေ နှင့် စည်းကမ်းများကို ပြောင်ပြောင် တင်းတင်း ချိုးဖောက်ခဲ့သည်” ဟု Jane’s ထောက်လှမ်းရေး စာစောင်က ၁၉၉၈ နိုဝင်ဘာလတွင် ဖော်ပြခဲ့သည်။ ဦးကျော်မြင့်သည် ယခုအခါ ကနေဒါနိုင်ငံတွင် နေထိုင်လျက်ရှိသည်။

မြန်မာနိုင်ငံတွင် ရှိစဉ်က ဦးကျော်မြင့်သည် ဥပဒေ စည်းမျဉ်းများ ချိုးဖောက်မှု နှင့် ငွေကြေး မသမာမှုများကြောင့် ထောင်ဒဏ် ၁ဝ နှစ်ခန့် ချမှတ်ခံခဲ့ရသည်ဟု ဦးအောင်လင်းထွဋ်က ဆိုသည်။

“တကယ်တော့ ဦးကျော်မြင့်က ထောင်ပြေးပါ၊ - - - ရဲဘက်စခန်းကနေ ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးသွားတယ်လို့ သိရပါတယ်” ဟု ဦးအောင်လင်းထွဋ်က ပြောကြားခဲ့သည်။

ဦးကျော်မြင့်သည် ကနေဒါနိုင်ငံတွင် မကြာသေးမီကမှ အာရုံစိုက်ခြင်း ခံခဲ့ရသူဖြစ်သည်။ ပြီးခဲ့သည့်လကုန်ပိုင်းတွင် Future Canada China Environment Inc. ကုမ္ပဏီ၏ အစုရှယ်ယာတန်ဖိုး ဒေါ်လာ ၁ ဘီလျံမက တက်သွားသည့်အတွက် အမေရိကန် ပြည်ထောင်စုက အဆိုပါ ကုမ္ပဏီကို တားမြစ် ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။

ဦးကျော်မြင့်ကုမ္ပဏီနှင့် ပူးပေါင်းလိုက်ပြီး ရှယ်ယာတန်ဖိုးများ ခုန်တက်သွားခဲ့ခြင်း ဖြစ်ကြောင်း ကနေဒါနိုင်ငံထုတ် Vancouver Sun သတင်းစာက ဆိုသည်။

“Future Canada China Environment Inc. ၏ လုပ်ငန်းများကို ယာယီ ပိတ်သိမ်းလိုက်ကြောင်း၊ အဆိုပါ ကုမ္ပဏီ၏ အစုရှယ်ယာ တန်ဖိုးများမှာ ဝ.၉၂ ဒေါ်လာ မှ ၂၈.၅ဝ ဒေါ်လာအထိ ခုန်တက်သွားသောကြောင့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း” စသဖြင့် အမေရိကန် ပြည်ထောင်စု၏ ငွေကြေး လဲလှယ်မှု ကြီးကြပ်ရေး ကော်မရှင်၏ ဇန်နဝါရီလ ၂၈ ရက်နေ့ ကြေညာချက်တွင် ဖော်ပြထားသည်။

ကော်မရှင်က အဆိုပါ ကုမ္ပဏီ၏ နောက်ခံ အချက်အလက်များ၊ ထုတ်ပြန်မည့် သတင်းများနှင့် ပတ်သက်ပြီး ဂရုပြုကြရန် စတော့ရှယ်ယာ ပွဲစားများ၊ ရှယ်ယာပိုင်ရှင်များ၊ ရှယ်ယာဝယ်ယူမည့်သူများကို သတိပေးထားသည်။

“အဆိုပါ ကုမ္ပဏီတွင် ပိုင်ဆိုင်မှု အနည်းငယ်သာ ရှိပြီး လုပ်ငန်း လည်ပတ်မှုလည်း မရှိပါ” ဟု ဖေဖော်ဝါရီ ၄ ရက်နေ့ထုတ် Vancouver Sun သတင်းစာက ဆိုသည်။

ဦးကျော်မြင့်သည် ကနေဒါ အခြေစိုက် ကုမ္ပဏီ NAH Development Group Inc., ကို ပိုင်ဆိုင်သူဖြစ်သည်။

ဧရာဝတီမဂ္ဂဇင်းက ရေးသားထားချက်များနှင့် ပတ်သက်ပြီး ဦးကျော်မြင့်က ၎င်းအနေဖြင့် မူးယစ်ဆေးဝါးလုပ်ငန်း၊ ငွေမည်းခဝါချမှု လုပ်ငန်းများနှင့် ဆက်နွယ်မှု မရှိပါဟု ငြင်းဆိုထားသည်။

“ကျွန်ုပ် ဦးကျော်မြင့်သည် ဘဝတလျှောက်လုံး တရားမဝင် မူးယစ်ဆေးဝါး လုပ်ငန်း၊ ငွေကြေး ခဝါချမှု လုပ်ငန်းများနှင့် မည်သည့်အခါကမျှ ပတ်သက် ဆက်နွယ်မှုမရှိခဲ့ပါ” ဟု ၎င်း၏ အင်တာနက် စာမျက်နှာရှိ ကြေညာချက် တစောင်တွင် ဖော်ပြထားသည်။

“မြောက်အမေရိကတိုက် နှင့် အာရှတိုက်ရှိ ကျွန်ုပ်၏ လုပ်ငန်းများ အားလုံးမှာ တရားဝင်လုပ်ငန်းများဖြစ်သည်” ဟု ကြေညာချက်က ဆိုသည်။

မကြာသေးမီက ဦးကျော်မြင့်သည် လာမည့်နှစ်တွင် ပြုလုပ်မည်ဟု ဆိုသော ရွေးကောက်ပွဲတွင် ပါဝင်ရန် UDP ပါတီကို ဖွဲ့စည်း ထူထောင်ထားသည်။

မြန်မာပြည်တွင်းရှိ ဝါရင့် နိုင်ငံရေးသမား ဦးသုဝေ၊ ထင်ရှားသည့် စီးပွားရေးသမား ဦးရဲထွန်းတို့ ကို ပါတီ၏ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ များအဖြစ် တာဝန်ပေးလိုက်ကြောင်း ပြီးခဲ့သည့် လကုန်ပိုင်းက ထုတ်ပြန်ကြေညာခဲ့သည်။

ဦးကျော်မြင့်သည် ပြည်ပမှနေ၍ ငွေကြေး ထောက်ပံ့ပေးခဲ့ခြင်းဖြင့် ထင်ရှားသည့် နိုင်ငံရေးသမားများကို ပါတီတွင် တာဝန်ယူရန် စည်းရုံးနေကြောင်း ပြည်ပရောက် အတိုက်အခံများက ပြောဆိုနေကြသည်။

ပါတီ အဖွဲ့ဝင်စာရင်းတွင် ဝန်ကြီးချုပ်ဟောင်း ဦးကျော်ငြိမ်း၏ သမီးဖြစ်သူ ဒေါ်ချိုချိုကျော်ငြိမ်း၏ အမည်ကို တွေ့ရသည် ဟူသော သတင်းများ ထွက်ပေါ်ခဲ့သော်လည်း ဒေါ်ချိုချိုကျော်ငြိမ်းကမူ UDP ပါတီနှင့် ပတ်သက်ခြင်း မရှိကြောင်း ငြင်းဆိုထားသည်။

ကျောင်းသားခေါင်းဆောင်ဟောင်း ဦးထွန်းအောင်ကျော်ကလည်း ပါတီတွင် ၎င်း ပါဝင်ခြင်း မရှိကြောင်း ငြင်းဆိုထားသည်။

“သူ့ရဲ့ အကျိုးစီးပွားတွေ မြန်မာပြည်ထဲမှာ ရှိနေပါဦးမယ်၊ ဒါ့အပြင် သူနဲ့ ပတ်သက်ရာ ပတ်သက်ကြောင်း ဖြစ်ခဲ့တဲ့သူတွေ၊ တချို့လည်း လူကြီးတွေ ဖြစ်နေကြပါပြီ။ သူ့ကို မြန်မာအစိုးရကများ လွတ်ငြိမ်း ချမ်းသာခွင့်များ ပေးလေမလား ဆိုပြီး ပြန်ပြီးတော့ ချည်းကပ်တယ်လို့ ထင်ပါတယ်” ဟု ဦးအောင်လင်းထွဋ်က ဗီအိုအေ နှင့် ဆက်သွယ်မေးမြန်းခန်းတွင် ပြောကြားခဲ့သည်။

ဦးကျော်မြင့်သည် တရုတ်လူမျိုးဖြစ်သည်ဟု ဦးအောင်လင်းထွဋ်က ပြောသည်။ သို့သော်လည်း ဦးကျော်မြင့်က ၎င်းသည် မြန်မာပြည်မှ ကချင်တိုင်းရင်းသားဖြစ်သည်ဟု ၎င်း၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။

0 comments: