Sunday, February 8, 2009

ဦးကျော်သူကို ရာထူးတိုး ချောင်ထိုး၊ စစ်အစိုးရ အိမ်တွင်းပုန်း လုပ်ပြန်

လာရီဂျေဂင်
စနေနေ့၊ ဖေဖေါ်ဝါရီလ ၇ ရက် ၂၀၀၉


ဘန်ကောက် (မဇ္ဈိမ)။ ။ နိုင်ငံတကာ အသိုင်းအဝိုင်းကို၎င်း၊ သူတို့ဆောင်ရွက်နေသော လူသားချင်းစာနာသည့် ကူညီမှုလုပ်ငန်းများကို၎င်း၊ စိတ်မဝင်စားကြောင်း မြန်မာစစ်အစိုးရ ထိပ်တန်းခေါင်းဆောင်များက နောက်ထပ် အရိပ်လက္ခဏာများ စတင်ပြသနေပြီဖြစ်သည်။

ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးကျော်သူကို ဖြုတ်ပစ်လိုက်ခြင်းဖြင့် တိုင်းပြည်၏ နံပါတ် ၁ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ပြင်ပကမ္ဘာနှင့် ဝေးဝေးနေလိုကြောင်း အချက်ပြလိုက်သည်။

ယမန်နှစ် မေလအတွင်း တိုက်ခတ်ခဲ့သော နာဂစ်ဆိုင်ကလုံးမုန်တိုင်းအပြီး၊ တိုင်းပြည်၏ ကယ်ဆယ်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများအတွက် စောင့်ကြည့်လေ့လာ ညှိနှိုင်းဆောင်ရွက်ပေးနေသည့် သုံးပွင့်ဆိုင် ဗဟိုအဖွဲ့ (TCG) ဥက္ကဋ္ဌဖြစ်သူ ဦးကျော်သူအား ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့ ဥက္ကဋ္ဌအဖြစ် ပြောင်းရွှေ့ ခန့်ထားလိုက်ခြင်းဖြင့် စစ်အစိုးရသည် အားလုံးကို အထူးသဖြင့် လူသားချင်းစာနာသည့် အကူအညီပေး အေဂျင်စီများ၊ ကုလသမဂ္ဂ အပါအဝင် သံတမန်များအားလုံးအား ယခုရက်သတ္တပတ် အစောပိုင်းက အံ့အားတသင့် ဖြစ်စေလိုက်သည်။

ဤရာထူးမှာ ဝန်ကြီးအဆင့်ရှိ ရာထူးဖြစ်သော်လည်း အရေးမပါသော ရာထူးအဖြစ် ယူဆကြသည်။ ‘အနိမ့်ဆုံး ယခု လောလောဆယ်’တော့ ဦးကျော်သူသည် TCG လုပ်ငန်းများကို ဆက်လက်ကြီးကြပ်နေဦးမည်ဖြစ်ပြီး ဘန်ကောက်တွင် ဖေဖော်ဝါရီလ ၉ ရက်နေ့၊ တနင်္လာနေ့တွင် ကျင်းပမည့် အရေးပါသော ၉ လ အစည်းအဝေးသို့ တက်ရောက်မည်ဖြစ်သည်ဟု သူက ရန်ကုန်ရှိ ကုလသမဂ္ဂ အကြီးတန်းသံတမန်များကို ပြောကြားလိုက်သည်။

သို့သော် နာဂစ်လွန် အစီအစဉ်များ၌ ပါဝင်ဆောင်ရွက်နေကြသော သံတမန်များ၊ အကူအညီပေးရေး လုပ်သားအများစုမှာ ဤကြေညာချက်ကြောင့် စိတ်ပျက်လက်ပျက် ဖြစ်သွားကြပြီး၊ ဤအဖွဲ့၏ ရှေ့လုပ်ငန်းများ မည်သို့ဖြစ်မည်ကို စဉ်းစားပြီး စိတ်မသက်မသာ ဖြစ်ကြရသည်ဟု ဆိုသည်။

လွန်ခဲ့သော ၉ လအတွင်း ဦးကျော်သူသည် မြန်မာနိုင်ငံနှင့် ပြင်ပကမ္ဘာအကြား အရေးပါသော ကွင်းဆက်တခု ဖြစ်နေသည်။ သူသည် အာဆီယံ၊ ကုလသမဂ္ဂနှင့် မြန်မာအစိုးရတို့ ပူးပေါင်းဖွဲ့စည်းထားသည့် သုံးပွင့်ဆိုင် ဗဟိုအဖွဲ့ (TCG) တွင် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ပြီး အစိုးရနှင့် နိုင်ငံတကာက ဆောင်ရွက်နေသော ကယ်ဆယ်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများကို စီမံကွပ်ကဲခဲ့သည်။

ဤ ဒုတိယနိုင်ငံခြားရေး ဝန်ကြီးဟောင်းသည် အကူအညီပေးရေး အေဂျင်စီများအတွက် နောက်ထပ် လိုအပ်သော ဝန်ထမ်းများ ဗီဇာ အလျင်အမြန် ရရှိရေးအတွက်၎င်း၊ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသသို့ အလွယ်တကူ သွားရောက်နိုင်စေရန်အတွက်၎င်း၊ ကယ်ဆယ်ရေးပစ္စည်းများနှင့် စက်ကိရိယာပစ္စည်းများ တိုင်းပြည်တွင်းသို့ အမြန်ဆုံး ရောက်ရှိရေးအတွက်၎င်း ဆောင်ရွက်ပေးခဲ့ရာတွင် အခရာကျသူဖြစ်ပြီး နှောင့်နှေးကြန့်ကြာစေသည့် ကြိုးနီစနစ်အများအပြားကို ပယ်ဖျက်ပေးခဲ့သည်။

“ဒါ ကျနော်တို့ အလှူရှင်အသိုင်းအဝိုင်း တခုလုံးကို ပါးရိုက်စော်ကားလိုက်တာပဲ။ ဒီအလှူရှင်တွေက ဆိုင်ကလုံးလွန် လုပ်ငန်းတွေအတွက် တိုင်းပြည်ထဲကို ရန်ပုံငွေတွေရောက်အောင် ကြိုးစားဆောင်ရွက်ပေးနေတဲ့သူတွေ” ဟု မြန်မာနိုင်ငံ တွင်းသို့ သူ့နိုင်ငံမှ အကူအညီပေးရေး အစီအစဉ်များအတွက် တာဝန်ရှိသူ ဘန်ကောက်အခြေစိုက် သံတမန်တဦးက ပြောသည်။ “အခုလောလောဆယ် ဦးကျော်သူက ဒီတာဝန်ကို ဆက်လုပ်မယ်ဆိုရင်တောင် သူ့ကို နိုင်ငံခြားရေးဝန်ကြီးဌာနက ဖယ်ရှားလိုက်တာဟာ အနာဂတ်မှာ အစိုးရနဲ့ နိုင်ငံတကာ အကူအညီတွေအကြား ပူးပေါင်းဆောင်ရွက်မှုမှာတော့ ရေရှည်မှာ အရိပ်မဲကြီး ထိုးနေမှာပဲ” ဟု သူက ပြောသည်။

ကုလသမဂ္ဂရှိ အကြီးတန်း တာဝန်ရှိသူများကမူ ပိုမို၍ မျှော်လင့်ချက်ထားကြသည်။ အဆိုးဆုံး အခြေအနေကို ရောက်ပြီဟု မယူဆမီ၊ ရှေ့တွင် ဘာဖြစ်လာမည်လဲဆိုသည်ကို စောင့်ကြည့်ရန် လိုသေးသည်ဟု သူတို့က မဇ္ဈိမကို ပြောသည်။ အနည်းဆုံး ကုလအတိုင်ပင်ခံတဦးက အကြံပြုသည်မှာ ဖြစ်နိုင်ခြေတခုတွင် ဤအပြောင်းအလဲက ဦးကျော်သူ၏ TCG ရှိ အခန်းကဏ္ဍကို ပိုမိုခိုင်မာသွားစေနိုင်မည်ဟု ဆိုသည်။ ယခင်က ကုလအရာရှိများ၊ သံတမန်များနှင့် တွေ့ဆုံရာတွင် ဤနိုင်ငံခြားရေးဝန်ကြီးက သူ့တွင် TCG ကြောင့် များစွာအလုပ်ပိကြောင်း မကြာခဏ ညည်းညူပြောကြားခဲ့သည်။

“ဒီအလုပ်က အချိန်ပြည့်အလုပ်၊ ကျနော့်မှာ တခြား ဝန်ကြီးတာဝန်တွေနဲ့ ဒီကိစ္စမှာ အပြည့်အဝ အာရုံစိုက် မလုပ်နိုင်ဘူး” ဟု ဘန်ကောက်တွင် နောက်ဆုံးကျင်းပခဲ့သော TCG အကဲဖြတ်သုံးသပ် အစည်းအဝေးတွင် ကုလအရာရှိများကို သူက ပြောကြားခဲ့သည်။ ယခုတော့ သူသည် နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်များမှ လွတ်ကင်းသွားပြီ၊ ဆိုင်ကလုံးဒဏ်ခံဒေသ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများကို အာရုံစိုက် လုပ်နိုင်တော့မည်ဟု ကုလအရာရှိတဦးက တွေးတွေးဆဆ ပြောသည်။ သို့သော် ဤသို့ဖြစ်လာရန်မှာ ကုလနှင့် နိုင်ငံတကာ အလှူရှင်များနှင့် ယခုပုံစံအတိုင်း ဆက်သွယ် ဆောင်ရွက်နေမှုများကို ဗိုလ်ချုပ်မှူးကြီးက လိုလားမှသာ ဖြစ်ပေလိမ့်မည်။

သူသည် TCG ဥက္ကဋ္ဌ ရာထူးတာဝန်ကို ယူလိုက်ကတည်းက ဦးကျော်သူမှာ ရေပန်းစားလာခဲ့သည်။ မကြာသေးခင်က အာဆီယံအဖွဲ့ဝင် နိုင်ငံများသို့ လှည့်လည်သွားရောက်ကာ သက်ဆိုင်ရာ နိုင်ငံများမှ ဝန်ကြီးများနှင့် တွေ့ဆုံ၍ TCG အစည်းအဝေးများ၊ ကွန်ဖရင့်များကို တက်ရောက်ခဲ့ပြီး၊ မြန်မာနိုင်ငံ၏ ကယ်ဆယ်ရေးလုပ်ငန်း ကြိုးပမ်းမှုများအတွက် အကူအညီများ ပိုမိုရရှိရန် ဆောင်ရွက်ခဲ့သည်။ ယခုရက်သတ္တပတ် အစောပိုင်းကလည်း ဆိုင်ကလုံးမုန်တိုင်း ဒဏ်ခံခဲ့ရသော မြစ်ဝကျွန်းပေါ်ဒေသသို့ လိုက်လံစစ်ဆေးကြည့်ရှုသည့် ကုလသမဂ္ဂ အထူးသံတမန်၏ ခရီးစဉ်တွင်လည်း အတူလိုက်ပါခဲ့သည်။

သူ့ကို ရာထူးမှ ဖယ်ရှားရန် ကြိုးစားနေသူများကို ကြောက်နေရသည့်အတွက် သူ့အနာဂတ်နှင့် စပ်လျဉ်း၍ စိုးရိမ်ပူပန်မိကြောင်းဖြင့် လွန်ခဲ့သော ရက်သတ္တပတ်များစွာကပင် ဦးကျော်သူနှင့် နီးစပ်သည့် သတင်းရပ်ကွက်များက မဇ္ဈိမကို သတိပေးပြောကြားခဲ့သည်။ အစိုးရအဖွဲ့ဝင်အချို့၊ အထူးသဖြင့် ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်းသည် နာဂစ်ပြီးကတည်းက ဒုတိယနိုင်ငံခြားရေး ဝန်ကြီး လူသိများ ရေပန်းစား ထင်ရှားလာခြင်းအတွက် မနာလို ဖြစ်နေကြောင်း ပြောသည်။

နိုင်ငံတကာ အသိုင်းအဝိုင်းအကြား၊ အထူးသဖြင့် အာဆီယံအဖွဲ့ဝင် နိုင်ငံများ၏ မြို့တော်များတွင် ဦးကျော်သူ နေရာရနေခြင်းကို နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းရော၊ နောက်ထပ် ဒုတိယနိုင်ငံခြားရေး ဝန်ကြီးဖြစ်သည့် ဦးမောင်မြင့်ရော မနာလို ဖြစ်နေသည်ဟု သိရသည်။

“သူက အစိုးရအဖွဲ့ထဲမှာ အခုလို မနာလို ဖြစ်ခံနေရတာကို စိတ်မသက်မသာ ဖြစ်လာတာ။ သူ့ကို ဝိုင်းချောက်တွန်းဖို့ ချောင်းနေတာက အတော်ကြာပြီ” ဟု ထိပ်တန်းဗိုလ်ချုပ်ကြီးများနှင့် နီးနီးစပ်စပ်ရှိသူ မြန်မာနိုင်ငံမှ စီးပွားရေးသမားတဦးက မဇ္ဈိမကို ပြောသည်။

သူသည် ယခုအခါ အရပ်သားတဦး ဖြစ်နေပြီဖြစ်ပြီး စစ်အစိုးရထဲတွင် စစ်သားချင်းသာ အယုံအကြည်ရှိကြသဖြင့် သူ့ကို ကူညီနိုင်မည့်သူ၊ ကယ်မည့်သူ မရှိတော့ပါ။ ဦးကျော်သူသည် တပ်မ ၃၃ တွင် တာဝန်ထမ်းဆောင်ခဲ့သော်လည်း သူသည် အရည်အချင်းရှိသော သံတမန်တဦး ဖြစ်လာခဲ့ပြီး တောင်အာဖရိကနှင့် အိန္ဒိယနိုင်ငံတို့တွင် သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ သူ့အဖေသည် ယခင်သမ္မတဟောင်းနှင့် ပညာရှင် ဒေါက်တာမောင်မောင်ဖြစ်ပြီး လက်ရှိဖွဲ့စည်းပုံကို အဓိက ရေးဆွဲခဲ့သူဟု ယုံကြည်ရသည်။

သို့သော် ယခုအချိန်အတွက် အရေးပါသော မေးခွန်းမှာ အနာဂတ်တွင်ရှိမည့် နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် ဆက်ဆံရေး၊ အထူးသဖြင့် TCG နှင့် ဆက်ဆံရေး မည်သို့ဖြစ်လာမည်လဲဆိုသည့် ကိစ္စဖြစ်သည်။ ရန်ကုန်တွင် ကျင်းပခဲ့သော နိုင်ငံတကာ အလှူရှင်များကွန်ဖရင့်အပြီး ယမန်နှစ် ဇွန်လက စတင်ဖွဲ့စည်းခဲ့ပြီး ၄ လအကြာတွင် သက်တမ်း ကုန်ဆုံးရမည်။ နိုင်ငံတကာ အသိုင်းအဝိုင်း၊ ကုလသမဂ္ဂနှင့် အာဆီယံတို့က ယင်းအဖွဲ့၏ လုပ်ပိုင်ခွင့်ကို ထပ်မံ၍ သက်တမ်း တိုးလိုသော်လည်း မြန်မာအစိုးရကသာ ဤကိစ္စကို အဆုံးအဖြတ်ပေးနိုင်သည်။

ဤသို့ ဦးကျော်သူကို ထိထိမိမိ ရာထူးတိုး ချောင်ထိုးထားလိုက်ခြင်းကြောင့် TCG နိဂုံးချုပ်ပြီဟု အချက်ပေးလိုက်ခြင်းလည်း ဖြစ်နိုင်ကြောင်း စိုးရိမ်မှုများလည်း ပေါ်ပေါက်လာသည်။ စစ်အစိုးရထဲတွင် တင်းမာသော သဘောထားရှိသူများလည်း အများအပြားရှိသည်။ အထူးသဖြင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ နားများသဖွယ် ဖြစ်နေသော စီမံကိန်းဝန်ကြီးဌာန ဦးစိုးသာ၊ သိပ္ပံနှင့် နည်းပညာဝန်ကြီး ဦးသောင်း၊ စက်မှု ၁ ဝန်ကြီး ဦးအောင်သောင်းတို့က ကတိပြုထားသော အကူအညီပေးရေး ရန်ပုံငွေများအနက် အမှန်တကယ်တွင် အနည်းအကျဉ်းသာ ရရှိခဲ့ကြောင်းကို ထောက်ပြဝေဖန်ကြသည်။ ထို့ပြင် ဤသို့ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နိုင်ငံတကာ အသိုင်းအဝိုင်း၏ အစစ်အမှန် ဆန္ဒဖြစ်သော အစိုးရပြောင်းလဲရေးကိုပင် သဘောထားပြောင်းလဲအောင် မလုပ်နိုင်ခဲ့၊ အထူးသဖြင့် ပိတ်ဆို့အရေးယူမှုများ အဆုံးသတ်သွားအောင်လည်း မတတ်နိုင်ခဲ့ဟု သူတို့က ပြောကြသည်။

လေ့လာသုံးသပ်သူ အများအပြားကမူ ဦးကျော်သူသည် လက်ရှိ TCG ဥက္ကဋ္ဌ ရာထူးတွင် ဇွန်လအထိ ဆက်လက် တာဝန်ယူနိုင်ပြီး၊ ထိုအချိန်ကျော်၍ စစ်အစိုးရက TCG ၏ သက်တမ်းကိုတိုးရန် ဆုံးဖြတ်ခဲ့ပါက သဘောထားတင်းမာသူ စီမံကိန်းဝန်ကြီး ဦးစိုးသာက အစားထိုးနေရာယူနိုင်ကြောင်း ယုံကြည်နေကြသည်။ ဤသို့ဆိုလျှင် TCG မှာ ဆက်လက်ရှိနေမည် ဖြစ်သော်လည်း ချိနဲ့သွားမည်။ အပြင်ပန်းအားဖြင့် ဆက်လက်တည်ရှိနေသော်လည်း နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် ပူးပေါင်းဆောင်ရွက်မှုမှာ လျော့နည်းကျဆင်းသွားမည်၊ အထူးသဖြင့် အာဆီယံနိုင်ငံများကိုသာ လိုက်လိုက်လျောလျော ဆက်ဆံတော့မည်။

အခုအထိတော့ TCG ၏ အနာဂတ်နှင့်ပတ်သက်၍ စစ်အစိုးရက ပြတ်ပြတ်သားသား မရှိသေးပါ။ “သုံးပွင့်ဆိုင်ဗဟို အဖွဲ့၏ သက်တမ်းကို ထပ်မံတိုးမြှင့်ခြင်းကို စဉ်းစားပါမည်” ဟုသာ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်က မစ္စတာဂမ်ဘာရီကို ပြောကြားခဲ့ကြောင်း စစ်အစိုးရ ထုတ်ဝေသော မြန်မာ့အလင်း သတင်းစာပါ သတင်းဖော်ပြချက်အရ သိရှိရသည်။

“ဒီကိစ္စကို နိုင်ငံခြားရေးဝန်ကြီးနဲ့ ဆွေးနွေးနေပါတယ်။ ၂ဝဝ၉ ခုနှစ် ဇွန်လအထိတော့ ဒီကိစ္စကို ဒီအတိုင်း ထားပါဦးမယ်။ ၂ဝဝ၉ ခုနှစ် ဇွန်လ နောက်ပိုင်းမှသာ လိုအပ်သလို အရေးယူ ဆက်လက်လုပ်ဆောင်ပါမယ်” ဟု သူက ပြောခဲ့သည်ဟု ဆိုသည်။

ဤကိစ္စဆွေးနွေးရာတွင်မူ ဦးကျော်သူ ပါဝင်ဖွယ် မရှိတော့ပါ။ အာဆီယံအဖွဲ့ကြီး၏ အထွေထွေအတွင်းရေးမှူး ဆူရင် ပစ်စဝမ် တဦးတည်းကသာ ဤသုံးပွင့်ဆိုင်နည်းနာတွင် အနာဂတ်ရှိပါသေးသည်ဟု သတိကြီးကြီးထား၍ အကောင်းမြင်သည်။

“ဆိုင်ကလုံးနာဂစ် ကယ်ဆယ်ရေး ကြိုးပမ်းမှုတွေအတွက် စစ်အစိုးရနဲ့ ဆက်ဆံလုပ်ကိုင်ရာမှာနဲ့ ယုံကြည်မှု တည်ဆောက်တဲ့ ကိစ္စတွေမှာ သုံးပွင့်ဆိုင် ဗဟိုအဖွဲ့လုပ်ငန်းတွေကနေ ကျနော်တို့ သင်ခန်းစာတွေ ရယူနိုင်ပါတယ်။ ဒီသင်ခန်းစာတွေကို နောက်ထပ် တခြားအရေးကြီးတဲ့ ပြဿဿနာကြီးတွေဖြစ်တဲ့ လူသားချင်း စာနာကူညီမှု၊ စီးပွားရေးနဲ့ နိုင်ငံရေး သဘောသဘာဝရှိတဲ့ ကိစ္စတွေမှာ နောင်မှာ လမ်းည¸န်အဖြစ် ကျနော်တို့ အသုံးပြုနိုင်ပါတယ်” ဟု သူက မစ္စတာဂမ်ဘာရီ မြန်မာနိုင်ငံသို့ လွန်ခဲ့သော အပတ်က မသွားမီ အကြိုနေ့က မဇ္ဈိမကို ပြောကြားခဲ့သည်။

အနာဂတ်အတွက် အရိပ်အမြွက် အလားအလာများသည် တနင်္လာနေ့တွင် ကျင်းပမည့် TCG အစည်းအဝေးအပြီးတွင် ပေါ်ပေါက်လာနိုင်သည်။ သို့သော် ဤသို့ ဦးကျော်သူကို နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဖယ်ရှားလိုက်ခြင်းမှာ စစ်အစိုးရဘက်မှ စိတ်သဘောထားကောင်း ပြသခြင်းဖြစ်သည်ဟုတော့ မယူဆနိုင်ကြောင်း စစ်အစိုးရနှင့် အလွန်နီးစပ်သူ မြန်မာစီးပွားရေးလုပ်ငန်းရှင်က သတိပေးပြောကြားခဲ့သည်။

0 comments: