Saturday, February 21, 2009

အန်အယ်လ်ဒီနှင့်စစ်အစိုးရ တွေ့ဆုံဖို့အရေး ခပ်ဝေးဝေး (သတင်းသုံးသပ်ချက်)

ခေတ်ပြိုင်၊ ဖေဖော်ဝါရီလ ၂၀ ရက် ၂၀၀၉

မြန်မာစစ်အစိုးရနှင့် အတိုက်အခံ အန်အယ်လ်ဒီတို့ ကြိုတင်စည်းကမ်းသတ်မှတ်ချက်မထားဘဲ မြန်မြန်ဆန်ဆန် ဆွေးနွေးကြရန်၊ ကုလသမဂ္ဂ အထွေထွေညီလာခံ ဥက္ကဋ္ဌက ယမန်နေ့က တိုက်တွန်းလိုက်သည်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စတာဂမ်ဘာရီနှင့် တွေ့ဆုံဆွေးနွေး အပြီးတွင် အထွေထွေညီလာခံ ဥက္ကဋ္ဌ မီးဂဲလ်ဒက်စကိုတို က ယင်းကဲ့သို့ တောင်းဆိုလိုက် ခြင်းဖြစ်သည်။

မစ္စတာဂမ်ဘာရီ၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း တင်ပြခဲ့သည့် အကြံပေးချက်များအရ ခိုင်မာသည့် ရလဒ်ကောင်းများပေါ်ထွက်အောင် လုပ်သည့်နည်းဖြင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ၏ ဆောင်ရွက်ပေးမှုအား ပူးပေါင်းလုပ်ကိုင်ပါမည်ဆိုသည့် မိမိတို့ကတိကို အကောင်အထည် ဖော်ပြသရန် အခွင့်အရေးကောင်းတခု ဖြစ်သည့်အတွက် ထိုအခွင့်အရေးကို အမိအရ ဆုပ်ကိုင်ထားရန် စစ်အစိုးရအား မစ္စတာဒက်စကိုတိုက ဆက်လက်တိုက်တွန်းထားသည်။

အထွေထွေညီလာခံ ဥက္ကဋ္ဌ၏ ထုတ်ပြန်ချက်သည် ယင်းညီလာခံမှ ချမှတ်ထားသည့် ဆုံးဖြတ်ချက်များမှ အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်အရ မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး လေးစားရေး၊ ဒီမိုကရေစီနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးတို့ ပေါ်ထွန်းလာအောင် အထွေထွေညီလာခံ၏ အဆက်မပြတ်လုပ်ကိုင်နေမှုကို ထပ်လောင်းအတည်ပြုစေသည်။ ထို့အပြင် မစ္စတာဂမ်ဘာရီ၏ ကြိုးပမ်းအားထုတ်မှုနှင့် ကုလသမဂ္ဂအထွေထွေအတွင်း ရေးမှူးချုပ်၏ ဆောင်ရွက်မှုကို အထွေထွေညီလာခံ ဥက္ကဋ္ဌက ဆက်လက်ထောက်ခံနေကြောင်း ထပ်လောင်းပြသခြင်းလည်း ဖြစ်သည်ဟု ဖော်ပြထားသည်။

မစ္စတာဂမ်ဘာရီသည် မြန်မာနိုင်ငံ၏အခြေအနေနှင့် ပတ်သက်ပြီး ယနေ့ ကုလသမဂ္ဂလုံခြုံရေး ကောင်စီသို့ ရှင်းလင်းတင်ပြမည်ဖြစ်သည်။

စစ်အစိုးရနှင့် အန်အယ်လ်ဒီတို့ တွေ့ဆုံဆွေးနွေးရန် အထွေထွေညီလာခံဥက္ကဋ္ဌက တောင်းဆို နေသော်လည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အာဏာယူထားသမျှ ကာလပတ်လုံး တွေ့ဆုံဆွေးနွေး ပွဲဖြစ်ရန် အလားအလာနည်းသည်ဟု ၀ါရင့်နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းက ခေတ်ပြိုင်သို့ ပြောသည်။

“အခြေအနေကတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ရှိနေသမျှတော့ တွေ့ဆုံဖို့မလွယ်ဘူး။ နောင်ကျ ရင်တော့ အပြောင်းအလဲတွေ ဖြစ်လာရင်တော့ မြန်မာ့နိုင်ငံရေးလည်း ပြောင်းလဲသွားမယ်လို့ ဒီလိုပဲ ယုံကြည်တယ်။ ဒါတကယ့်အခြေအနေပဲလေ။ သူကတော့ သူ့တသက်ကို အာဏာရှင် အနေနဲ့ နေသွားချင်တယ်လို့ ဒီလိုပဲမြင်တယ်လေ။ အခုအခြေအနေအရကလည်း နေနိုင်တဲ့ အခြေအနေလို့ ကျနော်ကတော့ မြင်တယ်။ ဘာလို့လဲဆိုတော့ ဒီဟာက ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ် အင်ဒိုနီးရှားဖြစ်ဖြစ်၊ ကိုရီးယားဖြစ်ဖြစ်၊ ဖိလစ်ပိုင်ဖြစ်ဖြစ် အပြောင်းအလဲပေါ်လာတယ်ဆိုတာ က အတွင်းကလူတွေကိုယ်တိုင်က တပ်ဆို တပ်တွင်းကလူတွေကိုယ်တိုင်က ဒီမိုကရေစီကိုလို လားပြီးတော့ ပူးပေါင်းဆောင်ရွက်လာမှသာဖြစ်တာ။ မြန်မာပြည်မှာ အဲဒီလိုအခြေအနေကို အခုထိအောင်တော့ ကျနော်မမြင်သေးဘူး။ အတွင်းမှာ ဘယ်လောက်ဖြစ်နေမယ်ဆိုတာတော့ မသိဘူးပေါ့လေ။ ဒါပေမဲ့ အပေါ်ယံကြည့်ရတာကတော့ နိုင်နိုင်နင်းနင်း အုပ်ချုပ်နေနိုင်တယ်လို့ ဒီလိုပဲမြင်တယ်။ ကုလသမဂ္ဂအနေနဲ့ကလည်း တွေ့ဆုံဆွေးနွေးရေး ဆုံးဖြတ်ပေးထားတာ လည်း အများကြီးပဲ။ နှစ်တွေလည်းအများကြီးပဲ။ ဘာမှမဖြစ်ဘူး။ လုံခြုံရေးကောင်စီကျတော့ လည်း ရုရှနဲ့ တရုတ်ကနေ မြန်မာအစိုးရဖက်ကို အကာအကွယ်ပေးထားတော့ ဘာမှမဖြစ်ဘူး” ဟု သခင်ချန်ထွန်းက သုံးသပ်သည်။

အန်အယ်လ်ဒီဘက်ကမူ စစ်အစိုးရအား တွေ့ဆုံဆွေးနွေးရန် တိုက်တွန်းသည့် ကြေညာချက် တရပ်ကို ဖေဖော်ဝါရီ (၁၇) ရက်က ထုတ်ပြန်ခဲ့သော်လည်း စစ်အစိုးရဘက်မှ တစုံတရာ အကြောင်းပြန်ကြားခြင်း မရှိသေးပေ။

အဆိုပါကြေညာချက်၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သူမနာကိုယ်မနာ လမ်းစဉ်ဖြင့် အလျော့အတင်းလုပ်၍ တွေ့ဆုံဆွေးနွေးရန် ကြိုးပမ်းနေသော်လည်း စစ်အစိုးရဘက်က တွေ့ဆုံဆွေးနွေးခြင်းမဖြစ်အောင် လုပ်ဆောင်နေသည်ဟု စွပ်စွဲထားသည်။

သို့သော် တွေ့ဆုံဆွေးနွေးရေး စတင်နိုင်ရန်အတွက် သင်ပုန်းချေရေးကိစ္စကို စတင်ဆွေးနွေး သင့်သည် ဆိုသည့်မူကို အန်အယ်ဒီက လက်ကိုင်ထားသည့်အတွက် သူမနာကိုယ်မနာ လမ်းစဉ်မှာ သင်ပုန်းချေရေးကို ရည်ရွယ်ပုံရသည်ဟု ရန်ကုန် နိုင်ငံရေးအကဲခတ်အချို့က ယူဆသည်။

ယနေ့ပေါ်ပေါက်နေသော အမျိုးသားရေးပြဿနာများ၏ အဖြေမှာ သင်ပုန်းချေရေးအပေါ် မူတည်နေသည်ဟု အဖွဲ့ချုပ်က ယုံကြည်သည့်အကြောင်း ၂၀၀၄ ဒီဇင်ဘာ (၂) ရက်တွင် ထုတ်ပြန်သည့် အဖွဲ့ချုပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့ပြင် သင်ပုန်းချေရေးနှင့် ပတ်သက်၍ အကောင်အထည်ပေါ်လာပါက မြန်မာနိုင်ငံတွင် နိုင်ငံရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေး စသည့် အခြေအနေများ တိုးတက်လာမည့် လမ်းစပေါ်နိုင်သည်ဟု ယုံကြည်ကြောင်း အဖွဲ့ချုပ်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သို့သော် ထိပ်တိုက်ရင်ဆိုင်ရေး၊ အလုံးစုံပျက်သုဉ်းရေး၊ စီးပွားရေး အဆက်အသွယ် ဖြတ်တောက်ရေး၊ အလုံးစုံပိတ်ဆို့ရေး စသည့် အချက် (၄) ချက်ကို အန်အယ်လ်ဒီဘက်က စွန့်လွှတ်မှသာလျင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဒေါ်အောင်ဆန်းစုကြည်ကို ကိုယ်တိုင် တွေ့ဆုံ မည်ဆိုသည့်အကြောင်း စစ်အစိုးရဘက်က ကြေညာချက်အမှတ် ၁/၂၀၀၇ ဖြင့် ထုတ်ပြန်ထား ပြန်သည်။ တချိန်တည်းမှာပင် နအဖ ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်းက အန်အယ်လ်ဒီနှင့် တွေ့ဆုံဆွေးနွေးရန်မလိုကြောင်း ကြိမ်ဖန်များစွာ တရားဝင် ပြောကြားခဲ့ပြီး ဖြစ်သည်။

စစ်အစိုးရဘက်က တောင်းဆိုထားသည့် အချက် (၄) ချက်မှာ အန်အယ်လ်ဒီဘက်မှ ကျူးလွန်ထားခြင်းမရှိသည့် အချက်များကို တောင်းဆိုထားသည့်အတွက် အန်အယ်လ်ဒီနှင့် ဆွေးနွေးပွဲမဖြစ်အောင် စစ်အစိုးရဘက်က တမင်ကြံစည်ထားသည့် နိုင်ငံရေးညစ်ကွက် ဖြစ်သည်ဟု အတိုက်အခံဘက်က ယူဆသည်။

သို့သော် စစ်အစိုးရတောင်းဆိုထားသည့် အချက် (၄) ချက်နှင့် ပတ်သက်သည့် ကိစ္စများ မဖြစ်ပေါ်ရအောင် နှစ်ဦးနှစ်ဖက် ပူးပေါင်းဆောင်ရွက်ကြရန်နှင့် သဘောတူညီချက်များကို လည်း နှစ်ဖက်ကြေညာချက်ထုတ်ပြန်ရန် အသင့်ရှိကြောင်း ဆက်ဆံရေးဝန်ကြီးမှတဆင့် စစ်အစိုးရအာဏာပိုင်များထံ အသိပေးခဲ့ကြောင်း အန်အယ်လ်ဒီ၏ ဖေဖော်ဝါရီလ (၁၇)ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားပြန်သည်။

ထို့ကြောင့် အန်အယ်လ်ဒီနှင့် စစ်အစိုးရ တွေ့ဆုံဆွေးနွေးရေး အခြေအနေသည် ကုလသမဂ္ဂ အထွေထွေညီလာခံ ဥက္ကဋ္ဌ ဒက်စကိုတို တောင်းဆိုထားသကဲ့သို့ အမှန်တကယ်အကောင် အထည်ပေါ်လာမည်လား၊ သို့မဟုတ် ၀ါရင့်နိုင်ငံရေးသမားကြီး သခင်ချန်ထွန်း ယူဆသကဲ့သို့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အပြောင်းအလဲဖြစ်မှ အဆင်ပြေမည်လား ဆိုသည်မှာ စောင့်ကြည့်ရ မည်ဖြစ်သည်။

သေချာသည့် အချက်မှာ အန်အယ်လ်ဒီအား စွပ်စွဲထားသည့် အချက် (၄) ချက်ကို စစ်အစိုးရ ဘက်က ပြန်လည်မရုတ်သိမ်းသမျှ တွေ့ဆုံဆွေးနွေးရေးမှာ အလှမ်းဝေးနေဦးမည်ဖြစ်သည်။

0 comments: