Friday, February 20, 2009

ကွင်တားနား ၆ မိနစ်ကြာ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်

မဇ္ဈိမသတင်းဌာန၊ ဖေဖေါ်ဝါရီလ ၂၀ ရက် ၂၀၀၉

ရန်ကုန် (မဇ္ဈိမ)။ ။ လူ့အခွင့်အရေး တိုးတက်မှုများနှင့် ပတ်သက်၍ လေ့လာရန် မြန်မာပြည်သို့ အလည်အပတ် လာရောက်ခဲ့သော ကုလသံတမန် မစ္စတာ တောမတ် အိုဂျီ ကွင်တားနားသည် မြန်မာနိုင်ငံမှ ပြန်လည် မထွက်ခွာမီ ယမန်နေ့ ည ၇ နာရီတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် အထူး သီးသန့်ဆောင်၌ မြန်မာနိုင်ငံရှိ နိုင်ငံခြား သတင်းထောက်များ၊ ပြည်တွင်းဂျာနယ်များမှ သတင်းထောက်များနှင့် တွေ့ဆုံခဲ့သည်။

မစ္စတာ ကွင်တားနားက မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေသည် စိမ်ခေါ်မှုများနှင့် ရင်ဆိုင်နေရာဆဲ ဖြစ်သည်ဟု ၆ မိနစ်တာ ကြာမြင့်သော သတင်းစာ ရှင်းလင်းပွဲ၏ အစမှာပင် ပြောကြားသွားသည်။

ခရီးစဉ်ကို စီစဉ်ပေးသော မြန်မာအစိုးရကို အထူးပင် ကျေးဇူးတင်ပါကြောင်းနှင့် သူ၏ ပြောဆိုဆွေးနွေးမှုများကို မြန်မာအစိုးရ အနေဖြင့် အလေးထားစဉ်းစားပြီး အပြုသဘောဆောင်သော တိုးတက်မှုများ ရလိမ့်မည်ဟု မျှော်လင့်မိပါကြောင်း အထူးသံတမန်က ပြောပါသည်။

သူသည် တရားသူကြီးချုပ် ဦးအောင်တိုးနှင့်လည်း တွေ့ဆုံခွင့်ရခဲ့ပြီး လွတ်လပ်သော တရားစီရင်ရေး စနစ်ဖြစ်ရန် မြန်မာနိုင်ငံ၏ တရားစီရင်ရေး ဥပဒေများ ပြန်လည် သုံးသပ်မှုပြုလုပ်ရန်နှင့် ပြည်သူပြည်သားများ၏ အခြေခံ ရပိုင်ခွင့်တို့ကို လေးစားရန် စစ်အစိုးရကို အကြံပြုခဲ့ကြောင်း အဆိုပါ သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါသည်။

"တရားသူကြီးချုပ်၊ ၀န်ကြီးတို့နဲ့တွေ့ပြီး ဆွေးနွေးတော့ သူတို့ဘက်က နိုင်ငံရေးသမားတွေကို ပြစ်ဒဏ်စီရင်တဲ့ ကိစ္စ၊ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးရေး ကိစ္စတွေ ဆွေးနွေးတော့ အပြုသဘောဆောင်တဲ့ တုန့်ပြန်မှုတွေ ရပါတယ်" ဟု ကွင်တားနားက ပြောသည်။

လူ့အခွင့်အရေး အထူး ကိုယ်စားလှယ်၏ ခရီးစဉ်အတွင်း အင်းစိန်ထောင်ရှိ ကျောင်းသား၊ သီလရှင်၊ ရှေ့နေ၊ လွှတ်တော်အမတ်တို့မှ ယုံကြည်ချက်ကြောင့် ထောင်ချခံရသူ နိုင်ငံရေး အကျဉ်းသား ငါးဦးနှင့် တွေ့ဆုံဆွေးနွေးခွင့် ရခဲ့ပြီး အချိန် လေးနာရီကျော် ကြာမြင့်သည်ဟု သူက ထည့်သွင်း ပြောဆိုသွားသည်။

ကရင်ပြည်နယ် ခရီးစဉ်တွင်မူ အစိုးရနှင့် ငြိမ်းချမ်းရေး ရယူထားခဲ့သော ကရင်အမျိုးသား အစည်းအရုံးမှ ခွဲထွက်ကာ ငြိမ်းချမ်းရေး ရယူထားသည့် ဗိုလ်ချုပ် စောဋ္ဌေးမောင် (KNU/KNLA) ငြိမ်းချမ်းရေးကောင်စီ၊ ပဒိုအောင်ဆန်း၏ ဘုရားကုန်း ငြိမ်းချမ်းရေးအဖွဲ့၊ ဦးသာထူးကျော်၏ DKBA အဖွဲ့များနှင့် တွေ့ဆုံခဲ့သည်။

0 comments: