Thursday, February 12, 2009

အကျဉ်းသား လွှတ်ပေးရန် ပြည်ထောင်စုနေ့တွင် လူ ၅၀၀ လက်မှတ်ထိုး

ဧရာဝတီ-ကိုစိုး၊ ဖေဖော်ဝါရီလ ၁၂ ရက် ၂၀၀၉

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) ရုံးတွင် ယနေ့ ကျင်းပသော ၆၂ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား တက်ရောက် လာသူများက နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရန် လက်မှတ်ထိုး တောင်းဆို ကြကြောင်းသိရသည်။

အန်အယ်လ်ဒီ ရုံးချုပ် ပြည်ထောင်စုနေ့ အခမ်းအနား (ဓာတ်ပုံ - ဧရာဝတီ)

အခမ်းအနားတက်ရောက်လာသူများထဲမှ လူ ၅၀၀ ခန့်က ကိုယ်တိုင်လက်မှတ်ထိုး၍ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးခွန်ထွန်းဦး၊ ကိုမင်းကိုနိုင်၊ ကိုကိုကြီးတို့အပါအ၀င် ဖမ်းဆီးထား သော နိုင်ငံရေးအကျဉ်းသားများကို အမြန်ဆုံးလွှတ်ပေးရန် တောင်းဆိုခြင်း ဖြစ်သည်ဟု အန်အယ်လ်ဒီမှ လွှတ်တော် ကိုယ်စားလှယ်တဦးဖြစ်သည့် ဦးအုံးကြိုင်က ပြောသည်။

“ဒီနေ့ အခမ်းအနားမှာ ထူးခြားတာက နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ အန်အယ်လ်ဒီ အဖွဲ့ဝင်တွေ၊ ၀ါရင့်နိုင်ငံရေးသမားကြီးတွေ၊ တခြားသော နိုင်ငံရေးပါတီဝင်တွေ ၊ လွှတ်တောာ် ကိုယ်စားလှယ်တွေ စတဲ့ အခမ်းအနား တက်ရောက်လာသူတွေက လက်မှတ်ထိုးတောင်းဆို ကြ တယ်၊ နံရံမှာ လက်မှတ်ထိုးဖို့ ဘုတ်ကြီးလုပ်ထားတာ၊ အဲဒီ နံရံကြီး တခုလုံး ပြည့်သွားတာပဲ၊ လက်မှတ်ပေါင်း ၅၀၀ ၊ ၆၀၀ ထက် မနည်း ရှိမယ်”ဟု ၎င်းက ပြောပြသည်။

အဆိုပါ လက်မှတ်ထိုး အစီအစဉ်သည် အန်အယ်လ်ဒီ လူငယ်များ၏ အစီအစဉ်ဖြစ်ပြီး ယနေ့ စတင်ခြင်းဖြစ်သည် ဟုလည်း ဆိုသည်။

အခမ်းအနားတွင် စည်းလုံးညီညွတ်သည့် ပြည်ထောင်စု စိတ်ဓာတ်သည် ယခုအချိန်တွင် များစွာ လျော့နည်း ကျဆင်းနေကြောင်း၊ ယနေ့ ကြုံတွေ့နေရသည့် နိုင်ငံရေး၊ စီးပွားရေး စသည့်အထွေထွေအကြပ် အတည်းများကို ကျော်လွှားနိုင်ရန် အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် စည်းလုံးညီညွတ်မှု ပြန်လည်တည် ဆောက်ရမည် ဖြစ် ကြောင်း၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး ဖော်ဆောင်ရန် အန်အယ်လ်ဒီ၏ တောင်းဆိုချက်များကို လိုက်လျော ရ မည်ဖြစ်ကြောင်း စသည့် အဓိကအချက်များပါဝင်သည့် ကြေညာချက်တစောင်ကိုလည်း အန်အယ်လ်ဒီ က ထုတ်ပြန် ကြောင်း သိရသည်။

ယနေ့ နေ့လယ် ၁၂း ၃၀ နာရီ မှစတင်ကျင်းပသည့် ယင်းအခမ်းအနားသို့ ဂျာမနီ၊ ဗြိတိန်၊ အမေရိကန် ၊ သြစတေးလျ စသည့် နိုင်ငံခြား သံတမန်များနှင့် ဖိတ်ကြားထားသူများအပါအ၀င် လူပေါင်း ၁၀၀၀ ကျော်ခန့် တက်ရောက်ပြီး အခမ်းအနား ကျင်းပရာ အန်အယ်လ်ဒီ ရုံးချုပ် အနီးတွင် စစ်အစိုးရက ကြံ့ဖွံ့၊ ရဲ များအပါအ၀င် လုံခြုံရေး အင်အား ၁၀၀၀ ကျော်ခန့် ချထားသည်ဟု ဦးအုံးကြိုင် က ပြောဆိုသည်။

အခမ်းအနားတွင် သခင်စိုးမြင့်က သဘာကတိအဖြစ်ဆောင်ရွက်ကြောင်း၊ ဗဟိုအလုပ်အမှုဆောင်(စီအီးစီ) အဖွဲ့ဝင်များဖြစ်သော ဥက္ကဌ ဦးအောင်ရွှေ၊ ဦးလွင်နှင့် ဦးလွန်းတင် တို့ သုံးဦး ကျန်းမာရေးမကောင်း၍ အခမ်း အနား တက်ရောက်နိုင်ခြင်းမရှိဟုလည်း ၎င်းက ဆိုသည်။

မန္တလေး အန်အယ်လ်ဒီ ကလည်း ပြည်ထောင်စုနေ့ အခမ်းအနားကို ဆက်သွယ်ရေး တာဝန်ခံ ဦးမောင်မောင် သန်း ၏ နေအိမ်တွင် ကျင်းပကြောင်း သိရသည်။

ယင်း ပြည်ထောင်စုနေ့အခမ်းအနားနှင့် ပတ်သက်ပြီး ယမန်နှစ်တွင် နအဖ အာဏာပိုင် ရဲချုပ်က ပြည်သူ့ လွှတ်တော် ကိုယ်စားပြု ကော်မတီ(စီအာပီပီ) ဥက္ကဌ ဦးအောင်ရွှေ နှင့် အတွင်းရေးမှူး ဦးအေးသာအောင်တို့ကို ခေါ်ယူသတိ ပေးထားသည့်အတွက် ယခုနှစ်တွင် စီအာပီပီ အနေနှင့် အခမ်းအနား မကျင်းပနိုင်ကြောင်း၊ ကြေညာချက်လည်း မထုတ်ပြန်ကြောင်း စီအာပီပီ အဖွဲ့ဝင် ဦးထောင်ခိုထန်း က ပြောသည်။

“စီအာပီပီအနေနဲ့ ကြေညာချက်တွေ ထုတ်မယ်၊ အစည်းအဝေးတွေ လုပ်မယ်ဆိုရင် တရားဥပဒေအရ အရေးယူ မယ်ဆိုတော့ ပြည်ထောင်စုနေ့ ကြေညာချက်ကို လည်း စီအာပီပီ အနေနဲ့ မထုတ်တော့တာ”ဟု ၎င်းက ဆက် ပြောသည်။

တခြားသော တိုင်းရင်းသားများ စုစည်း၍ ရန်ကုန်မြို့တနေရာတွင် ပြည်ထောင်စုနေ့ ညစာ စားပွဲ ပြုလုပ်ရန်ရှိ ကြောင်းလည်း သိရသည်။

နအဖ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ပေးပို့သော ယနေ့ကျရောက်သည့် ၆၂ နှစ်မြောက်ပြည်ထောင်စု နေ့ သ၀ဏ်လွှာတွင် ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက်ရေးအတွက် တိုင်းရင်းသားအားလုံး အားသွန်ကြိုး ပမ်း ရန်၊ မူဝါဒ လမ်းစဉ်(၇) ရပ် အောင်မြင်စွာအကောင်အထည်ဖော်ရန် တိုက်တွန်းထားကြောင်း အစိုးရ သတင်း စာများတွင် ဖော်ပြထားသည်။

0 comments: