ဧရာဝတီ-အေးလဲ့၊ ဖေဖော်ဝါရီလ ၂၀ ရက် ၂၀၀၉
လာမည့် နှစ်အတွင်း မြန်မာပြည်တွင် ရွေးကောက်ပွဲ ဖြစ်မြောက်ရေး အတွက် စစ်အစိုးရအား တိုက်တွန်းရန် ကုလသမဂ္ဂနှင့် ဂျပန်နိုင်ငံတို့ သဘောတူညီ ခဲ့ကြခြင်းကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က လက်မခံကြောင်း ပြောကြားလိုက်သည်။
ကမ္ဘာ့ ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ ဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာဂန်ဘာရီ နှင့် ဂျပန် နိုင်ငံခြားရေး ဝန်ကြီးတို့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ထုတ်ပြန်ခဲ့သည့် ပူးတွဲ ကြေညာချက်မှာ အထူး စိုးရိမ်ဖွယ်ဖြစ်သည်ဟု အဖွဲ့ချုပ်၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ဆိုသည်။
“(သူတို့ရဲ့ ပူးတွဲ ကြေညာချက်ဟာ) အထွေထွေ ညီလာခံက အစဉ်အဆက် ချထားခဲ့တဲ့ ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို လေးစားရေး ဆိုတာနဲ့ မကိုက်ညီဘူး။ ဒါ စိုးရိမ်ဖွယ်ရာဖြစ်တယ်” ဟု ဦးဉာဏ်ဝင်းက ဧရာဝတီကို ပြောသည်။
ထိုအကြောင်းအရာနှင့် ပတ်သက်ပြီး အဖွဲ့ချုပ်က ကြေညာချက်တစောင်ကို ယမန်နေ့က ထုတ်ပြန်ခဲ့သည်။
ကြေညာချက်တွင် မစ္စတာဂန်ဘာရီ မြန်မာနိုင်ငံ လာရောက်စဉ်က အဖွဲ့ချုပ်က ပြုလုပ်ခဲ့သည့် တောင်းဆိုချက်များကို ဖော်ပြထားသည်။
ထို တောင်းဆိုချက်များတွင် နိုင်ငံရေး အကျဉ်းသားများ အားလုံး ပြန်လွှတ်ရန်၊ ဗိုလ်ချူပ်မှူးကြီး သန်းရွှေ နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံပြီး နိုင်ငံရေး ပြဿနာများကို ဆွေးနွေးရန်၊ ၂ဝဝ၈ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြန်လည် သုံးသပ်ရန် စသည့် အချက်များ ပါဝင်သည်။
အလားတူပင် UNA ဟု ခေါ်သည့် ရန်ကုန်အခြေစိုက် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ် အဖွဲ့ကလည်း ယနေ့ရက်စွဲဖြင့် ကြေညာချက် တစောင် ထုတ်ပြန်ပြီး ဆွေးနွေးရေးကို ထပ်မံ တောင်းဆိုလိုက်သည်။
လာမည့်နှစ် ရွေးကောက်ပွဲတွင် ပါဝင်မည် မဟုတ်ကြောင်း၊ ၂၀၀၈ အခြေခံ ဥပဒေ ဆိုသည်မှာလည်း စစ်အစိုးရစိတ်ကြိုက် ရွေးထားသည့် လူတစုကသာ ရေးဆွဲထားခြင်း ဖြစ်ကြောင်း စသည်တို့ကိုလည်း ကြေညာချက်တွင် ဖော်ပြထားသည်။
စစ်အစိုးရ၏ အာဘော်ဖြစ်သည့် မြန်မာ့အလင်း သတင်းစာတွင် အဆိုပါ အခြေခံဥပဒေမှာ ပြည်သူ ၉၀ ရာခိုင်နှုန်းကျော်က ထောက်ခံ အတည်ပြုထားခြင်း ဖြစ်သည်ဟု ပြန်လည် တုံ့ပြန် ရေးသားထားသည်။
ဤအတောအတွင်း မြန်မာပြည်တွင် ရောက်နေသော ကုလသမဂ္ဂ လူ့အခွင့်အရေး စုံစမ်း စစ်ဆေးသူ မစ္စတာ တောမတ်စ် အိုဟေး ကင်တာနာက ၎င်း၏ ၆ရက်ကြာ ခရီးစဉ်ကို ယမန်နေ့က အဆုံးသတ်ခဲ့သည်။ လေယာဉ်ပေါ် မတက်မီ သတင်းထောက်များနှင့် တွေ့ဆုံရာတွင် လူ့အခွင့်အရေး ဆိုင်ရာ တိုးတက်ပြောင်းလဲမှု မရှိဟု ပြောဆိုခဲ့သည်။
“မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဟာ စိန်ခေါ်မှုတွေ ရှိနေပါသေးတယ်။ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်လာပြီ ဆိုတာကို ပြောဖို့တော့ ခက်ခဲနေပါတယ်” ဟု မစ္စတာ ကင်တာနာက ပြောဆိုသွားသည်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မြန်မာ့အရေးနှင့် ပတ်သက်ပြီး ယနေ့ တံခါးပိတ် အစည်းအဝေး ကျင်းပကြောင်းလည်း သိရသည်။
Saturday, February 21, 2009
ကုလနှင့် ဂျပန်သဘောထား အဖွဲ့ချုပ် လက်မခံ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment