Tuesday, February 10, 2009

စီးပွားရေးအကြောင်း အဖွဲ့ချုပ်တွင် ဟောပြော

မဇ္ဈိမ-ကိုဝိုင်း ၊ ဖေဖော်ဝါရီလ ၁၀ ရက် ၂၀၀၉

ချင်းမိုင် (မဇ္ဈိမ)။ ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးချုပ်တွင် "စီးပွားရေး ဘာသာရပ်" ဟူသော ခေါင်းစဉ်ဖြင့် လူငယ်ပညာပေး ဟောပြောပွဲတရပ်အား ယနေ့မွန်းလွဲပိုင်း၌ ကျင်းပခဲ့သည်။

ရန်ကုန်မြို့မှ စီးပွားရေးပညာရှင် ဦးမျိုးမြင့်က စီးပွားရေးဘာသာရပ်၊ ငွေကြေးဖောင်းပွမှု၊ အခွန်ပြဿနာ၊ ကမ္ဘာ့စီးပွားရေး အကျပ်အတည်းနှင့် သက်ဆိုင်ရာ နိုင်ငံအစိုးရများ၏ ကူညီထောက်ပံ့ ဖြေရှင်းမှုများ စသည်တို့ကို အကျယ်တဝင့် ရှင်းပြသွားသည်ဟု ဟောပြောပွဲ တက်ရောက်သူ အန်အယ်ဒီ လူငယ် ကိုအေးနိုင်က မဇ္ဈိမသို့ ပြောသည်။

ဟောပြောပွဲသို့ ဦးဝင်းတင်၊ ဦးခင်မောင်ဆွေ၊ သခင်စိုးမြင့်၊ ဒေါက်တာ သန်းငြိမ်း၊ ဒေါက်တာဒေါ်မေဝင်းမြင့် တို့ အပါအဝင် လူငယ်များ၊ အမျိုးသမီးအဖွဲ့ဝင်များ စုစုပေါင်း (၁၀၀) ဦးကျော် တက်ရောက်ခဲ့သည်။

ဆွေးနွေးပွဲ၌ မြန်မာနိုင်ငံ၌ စပါးဈေးများ ကျဆင်းနေမှု၊ နာဂစ်နောက်ပိုင်း စပါးအထွက်နှုန်း ကျနေသဖြင့် လယ်သမားများ နစ်နာနေမှုအပေါ် စပါးများကို မြန်မာစစ်အစိုးရ ကိုယ်တိုင် တာဝန်ယူ ဝယ်ယူခြင်းဖြင့် ဖြေရှင်းပေးရန် လိုအပ်ကြောင်း စီးပွားရေးပညာရှင် ဦးမျိုးမြင့်က ဟောပြော ဆွေးနွေးခဲ့သည်။

ထို့အပြင် အခွန်ဆောင် ပြည်သူများသည် မိမိတို့ ပေးဆောင်သည့် အခွန်များအား အစိုးရက မည်သည့်နေရာတွင် သုံးစွဲသည်ကို စိစစ်ပြီးမှ အခွန် ထမ်းဆောင်သင့်ကြောင်း၊ ပြည်သူများသည် ဝင်ငွေတက်လာခြင်း မရှိသော်လည်း မြန်မာစစ်အစိုးရက အခွန်များသာ တိုးကောက်နေသဖြင့် "အခွန်ပိ" နေသည်ဟုလည်း သူက ဆက်လက် ဆွေးနွေးခဲ့သည်။

ယနေ့ ဟောပြောပွဲသည် ရန်ကုန်တိုင်း လူငယ် အကူအညီပေးရေး အဖွဲ့နှင့် မြို့နယ်လူငယ်များ ပူးပေါင်း ဆောင်ရွက်သည့် လူငယ်ပညာပေးရေး အစီအစဉ်အရ ကျင်းပခြင်း ဖြစ်သည်။

0 comments: