သင်ကောင်းလျှင် ကျွန်ုပ်မဆိုးပါ။ သင်ဆိုးလျှင် သင့်ထက်ပိုဆိုးလျှင် ဆိုးမည်။
(၁)။
ကရင်နီလူမျိုးပေါင်းစုံ ပြည်သူလွတ်မြောက်ရေးပါတီနှင့် ကယန်ပြည်သစ်ပါတီတို့ရန်သူနှင့် အပစ်အခတ်ရပ်ဆဲရေးပြုလုပ်လိုက်သောကြောင့် ကျနော်တို့ကျောင်းသားတပ်မတော်သည် လူထုထဲသို့တချို့ဝင်ရောက်၊ တချို့ ပေးဆပ်တိုက်ပွဲဝင်ခဲ့သော ရဲဘော်များကို ဦးညွတ်လျှက် မိခင်ဌာနချုပ်ရှိရာ ထိုင်း-မြန်မာနယ်စပ်သို့ …။
(၂)။
၁၉၉၅ မေလ -
မနက်စာထမင်းစားပြီး ဘန်ကောက်ရုံးတာဝန်ခံကို ခွင့်တောင်းပြီး တကိုယ်တည်းရွက်လွှင့်ဖို့ ရုံးမှ ကားမှတ်တိုင်သို့ ဦးတည်လိုက်သည်။
“မင်း - ဘယ်မှသွားစရာမရှိရင် ဆူထိစံ (ရုံးလေး- UNHCR) ကိုသွားလိုက်၊ အဲဒီမှာ မင်း သူငယ်ချင်းတွေနဲ့ တွေ့ချင်တွေ့နိုင်မယ်”
ကာဂိတ်တွင်ကားစောင့်နေစဉ် ရုံးမှ ကိုထီး မှာလိုက်သော စကားကို ပြန်စဉ်းစားမိသည်။ မနက်ပိုင်း ရုံတက်၊ ကျောင်းတက်ချိန်မို့ ထင်သည်။ ကားဂိတ်တွင် လူတွေက ပြည့်သိပ်လျှက်။ ကားဂိတ် ပလက်ဖောင်းတလျှောက် ကျောင်းဝတ်စုံများနှင့်ကျောင်းသူကျောင်းသားများ၊ ရုံးဝန်ထမ်းများဖြင့်။ ကျောင်းဝတ်စုံများနှင့်ကျောင်းသူကျောင်းသားများကို မြင်တော့ ကျနော်ရင်ထဲ သိပ်မကောင်း။
“ငါလည်း ဒီအချိန် ပြည်တွင်းမှာ ကျောင်းတက်နေတုန်းပဲ ဖြစ်မယ်။”
ရုတ်တရက်ဝင်ရောက်လာသောအတွေးကိုဖြတ်ပြီ၊ ရှေ့သို့ဆိုက်ကပ်လာသော အမှတ် ၉၅ (အနီ) ကားပေါ်သို့ အရှေ့ပေါက်က အလုအယက်တက်လိုက်သည်။ ရှေ့တွင်လွတ်နေသော ထိုင်ခုံတွင် နေရာယူလိုက်သည်။ ဟိုတွေး ဒီတွေးငေးနေရာမှ ပတ်ဝန်ကျင်ကို လေ့လာလိုက်သည်။ မိမိဘေးတွင်ရုံးဝန်ထမ်းဝတ်စုံဖြင့် ရုံးဝန်ထမ်းတဦး မတ်တပ်ရပ်လျှက်။ ထိုင်ရာမှထပြီး နေရာပေးလိုက်သည်။ ကျေးဇူးတင်ကြောင်း ပြောသံကြာရသည်။ ၁၅ မှတ်တိုင်ခန့်ကျော်သွားပြီ၊ ကားပေါ်တွင်လည်း လူအတော်ရှင်းသွားပြီး။ ပြတင်းပေါက်ဘေး အရှေ့ဘယ်ခုံမှ ဆင်းသွားသော ခရီးသည်တဦးနေရာတွင် ၀င်ထိုင်လိုက်ပြီး အပြင်ဘက်သို့ ကြည့်လိုက်သည်။ အရှေ့ဘက်ကားလမ်းတလျှောက် ကားတွေ အပြည့်အသိပ်။ ၆ လမ်းသွားကားလမ်းမဘေးတဘက်တချက်တွင် မြင့်မားလှပသော တိုက်ခန်းများ အစီအရီ။ တချို့နေရာတွင် ဆောက်လုပ်ဆဲ။ ရုံးလေးလမ်းဆုံသို့မရောက်တရောက်တွင် မီးပွိုင့်မိသည်။ ရှေ့ဆီတွင်ကားတွေက အပြည့်။ ရုံးလေးသို့ သွားရာလမ်းကို လှမ်းမြင်သည်။ အရှေ့ဘက်ခုံမှ ခရီးသည်အချို့ဆင်းနေသည်ကို မြင်ရ၍ ကားပေါ်မှ အတူလိုက်ဆင်းလိုက်ပြီး ပလက်ဖောင်းအတိုင်း လျှောက်ပြီး ဆူထိစံလမ်းထဲသို့ကွေ့ဝင်လိုက်သည်။
အရှေ့ကို ကြည်လိုက်သည်။ အဆောက်အဦးတခုရှေ့တွင် လူအများအပြားစုရုံးနေသည်ကို တွေ့လိုက်ရသည်။ တချို့လည်း ထိုင်လျှက်အနေအထားဖြင့် စကားဝိုင်ဖွဲ့လျှက်။ ထိုအဆောက်အဦးဆီသို့ဦးတည်လိုက်သည်။ ဘေးတဘက်တချက်စီသို့စူးစမ်းသည်။ မျက်နှာဟောင်းအများအပြားကို မှတ်မိသည်။ အဆောက်အဦးဝင်းအတွင်းသို့လှမ်းကြည့်သည်။ ၎င်းဝင်းအတွင်းတွင်လည်း လူ အပြည့်။ ညာလက်မောင်းတဘက်ကို လှမ်းဆွဲခံလိုက်ရသည်။
“ဟ့ကောင် - သားငယ်၊ မင်း သားငယ်မဟုတ်လား”
မျက်နှာတွင် ပျော်ရွှင်မှုကို မြင်ရသည်။
“ ဟာ - ၀ဏ္ဏ၊ မင်း ဒီရောက်နေတာလား”
နောက်၊ တယောက်ပြီး တယောက်၊ ရန်နိုင်၊ မောင်မောင်လတ် …။
“အေးကွာ - မင်းနဲ့တွေ့တာ အတော်ပဲ၊ ဒီနေ့ စတိုင်ပင် ထုတ်တယ်။ ငါတို့၊ တနေရာသွားကြမယ်”။
ရန်နိုင်က လှမ်းပြောသည်။ ပျော်ရွှင်မှုတွေ ကူးစက်ကုန်သည်။ မျက်နှာဟောင်းတချို့က လာနှုတ်ဆက်ကြသည်။ တချို့ကို မမှတ်မိတော့။ ရန်နိုင်က ရုံးလေး စာကြည့်တိုက်ဘေးသို့ ခေါ်သွားသည်။ လက်ထဲသို့ တစုံတခု လာထည့်ပေးသည်။ကြည့်လိုက်သည်။
“ ၅ ဗူးတဗူး” ရောက်တုန်းရောက်ခိုက် သောက်လိုက် ဟု ပြောသည်။ တရှိန်ထိုး မော့ချလိုက်သည်။ ဗူးအခွံကို အမိုက်ပုံးထဲ ပစ်လိုက်သည်။ အမှိုက်ပုံးတွင် အလားတူဗူးတချို့ကို လှမ်းမြင်သည်။ ၀ဏ္ဏတို့နှင့် ပြန်ပူးပေါင်းသည်။ ထို့နောက်ရှေ့ဟောင်းနှောင်းဖြစ်များ ပြောဖြစ်ကြသည်။
“မင်း - ဒီကိုလာတာ အပြီးလာတာလား၊” ၀ဏ္ဏက ပြောသည်။
“မဟုတ်ဘူး၊ အလည်လာတယ်။ တပတ်လောက်ကြာမယ်၊”
ကျနော့် စကားအဆုံးတွင် အားလုံးက ခေါင်းတညိတ်ညိတ်။
Sunday, February 22, 2009
လွမ်းအတိတ် အရိပ်ပမာ
Posted by nanda at 1:11 AM
Labels: အက်ဆေး/၀တ္ထုတို
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment