မဇ္ဈိမ-ဇာနည်၊ ဖေဖေါ်ဝါရီလ ၄ ရက် ၂၀၀၉
ချင်းမိုင် (မဇ္ဈိမ)။ ။ စီးပွားရေးလုပ်ငန်းရှင် ဦးတေဇပိုင် အဲပုဂံလေကြောင်းပိုင် လေယာဉ်များကို မလေးရှားရှိ လေကြောင်းပို့ဆောင်ရေး လုပ်ငန်းတခုက ငှားရမ်းကာ ရန်ကုန်-ကွာလာလမ်ပူ တိုက်ရိုက်ခရီးစဉ် ပြေးဆွဲရန် စီစဉ်လျှက်ရှိသည်။
မလေးရှားမှ စန်းဘူမိ (Sanbumi) ခရီးသွားလုပ်ငန်း ကုမ္ပဏီမှ စစ်အစိုးရ ထိပ်တန်းခေါင်းဆောင်များ၏ လူယုံတော် ဦးတေဇပိုင် အဲပုဂံ လေကြောင်းလိုင်းမှ လေယာဉ်များကို ငှားရမ်းပြေးဆွဲခြင်းကို မတ်လတွင် စတင်နိုင်ဖွယ်ရှိသည်။
"ချာတာပေးလိုက်တာ။ မလေးရှားက Sanbumi Air Transport ကို ပေးလိုက်တာ။ အဲပုဂံက လေယာဉ်ကို ငှားပေးတာပေါ့။ " ဟု အဲပုဂံမှ တာဝန်ရှိသူတဦးက မဇ္ဈိမကို ပြောသည်။
အဲပုဂံမှ ခရီးသည် ၁၀၀ ဆန့် Fokker 100 အမျိုးအစားလေယာဉ်တစီးကို ယခုခရီးစဉ်အတွက် ငှားရမ်းလိုက်ခြင်းဖြစ်ပြီး၊ အဲပုဂံ လေယာဉ် တံဆိပ်နှင့်အတူ Sanbumi Air Transport က ကိုယ်စားပြု ပျံသန်းကြောင်း တံဆိပ်ပါရှိမည်။
လေကြောင်းလိုင်း ကုဒ်နံပါတ်မှာလည်း အဲပုဂံ၏ ကုဒ်နံပါတ်ဖြစ်သော W9 ကိုသာ အသုံးပြုထားပြီး ကုဒ်နံပါတ် အပြည့်အစုံကို W9-9701 ဟု သတ်မှတ်ထားသည်။
ငှားရမ်းခနှင့် ပတ်သက်၍ ထုတ်ဖော်ပြောဆိုရန် အဲပုဂံတာဝန်ရှိသူများက ငြင်းဆိုလိုက်သည်။
ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ မလေးရှားနိုင်ငံ ကွာလာလမ်ပူ အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အပတ်စဉ် ကြာသပတေးနှင့် တနင်္ဂနွေနေ့များတွင် မြန်မာစံတော်ချိန် နေ့လည် ၂ နာရီတွင် ထွက်ခွာမည်ဖြစ်သည်။
Sanbumi နှင့် အဲပုဂံတို့ ပူးပေါင်းလုပ်ဆောင်မည့် ယခု ခရီးစဉ်အတွက် သဘောတူညီချက်ကို ပြီးခဲ့သည့် ဇန်န၀ါရီလ က လက်မှတ် ရေးထိုးခဲ့ကြပြီး အကျိုးအမြတ်များ ရလိမ့်မည်ဟု မျှော်လင့်ကြောင်း Sanbumi ၏ ပြောကြားချက်ကို မလေးရှား သတင်းစာ နယူးစထရိတ်တိုင်းမ်က ကိုးကားရေးသားထားသည်။
"Grand opening ကို ဖေဖော်ဝါရီ ၂၆ မှာ လုပ်ဖို့ စီစဉ်ထားပါတယ်။ အစကတော့ ၅ ရက်နေ့မှာ လုပ်မလို့က အဆင်မပြေတာနဲ့ ရက်ရွှေ့ထားပါတယ်" ဟု Sanbumi မှ ၀န်ထမ်းတဦးက မဇ္ဈိမကို ပြောပြသည်။
လေယာဉ်လက်မှတ်များကို ရန်ကုန်ရှိ Sunfar ရှမ်းရိုးမနှင့် Nice Fare စသော လေယာဉ်လက်မှတ် ၀န်ဆောင်မှုပေးသော ခရီးသွားအေးဂျင့်များမှတဆင့်သာ ၀ယ်ယူရမည်ဖြစ်ပြီး ရန်ကုန်ရှိ Sanbumi ရုံးခွဲမှာ လေကြောင်းလိုင်း ကိုယ်စားလှယ်အဖြစ်သာ ရှိနေမည်ဖြစ်သည်။
ခရီးစဉ်များကို ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် စတင်ပြေးဆွဲရန် ပြင်ဆင်ထားသော်လည်း လိုက်ပါစီးနင်းမည့်သူ မရှိသောကြောင့် ဖေဖော်ဝါရီ ၁၅ ရက်သို့ ရက်ရွှေ့ခဲ့ပြီး နောက်ဆုံးသိရသော အခြေအနေများအရ မတ်လဆန်းတွင်မှ ပြေးဆွဲနိုင်မည်ဟု ခရီးသွားအေးဂျင့်များကို အကြောင်းကြားထားသည်။
"စီးမယ့်သူ confirm ဖြစ်တာတွေက နည်းတယ်။ အခု ဟိုဘက်မှာလည်း စီးပွားတွေကျသွားတော့ မလေးသွားတဲ့ အလုပ်သမားအဖွဲ့က နည်းသွားတာလဲ ပါတယ်။ အဲဒီတော့ သွားမယ့်သူ အနေအထားက နည်းနေတော့ သူတို့ ရက်ကို ပြန်သတ်မှတ်မယ်လို့ ပြောတယ်။ မတ်လဆန်းလောက်မှ ပြန်သတ်မှတ်တာတွေ အကုန်လုံးထွက်လာမှာ။ ဈေးနှုန်းတွေရော၊ ခရီးစဉ်တွေရောလေ" ဟု ရန်ကုန်မှ ခရီးသွား အေးဂျင့်ကြီး တခုက မဇ္ဈိမကို ပြောပြသည်။
လေကြောင်းလိုင်း ပြေးဆွဲမည်မှာ မှန်ကန်သော်လည်း ပြေးဆွဲမည့်ရက်ကို အတိကျ မသိရသေး၍ အေးဂျင့်များမှ လက်မှတ်ရောင်းချရေး မသေချာဖြစ်နေသည်။
"ဈေးနှုန်းပဲဖြစ်ဖြစ် ခရီးစဉ်ပဲဖြစ်ဖြစ် တခုခု ပြောင်းလဲသွားရင် အမတို့အနေနဲ့က ခရီးသည်ကို ပြောရခက်တယ်။ အဲဒါကြောင့် သေချာလည်း မပြောရဲ၊ လက်လည်း မခံရဲသေးဘူး။ သူတို့ဆီက ဘာမှ မသိရတော့ ဘာမှ မရောင်းသေးဘူး" ဟု လေယာဉ်လက်မှတ် ၀န်ဆောင်မှုပေးသော ၀န်ထမ်းတဦးက ဆိုသည်။
ယခုလေကြောင်းလိုင်း ခရီးစဉ် အောင်မြင်မှု ရရှိလာပါက Sanbumi အနေဖြင့် မြန်မာနှင့် မလေးရှား အလည်ပတ်သွားရန် ခရီးစဉ်များကို ပူးတွဲရောင်းချလာဖွယ်ရှိသည်ဟု ခရီးသွားလုပ်ငန်းရှင်တဦးက သုံးသပ်သည်။
ကနဦးက Sanbumi လေကြောင်းလိုင်းသည် ၎င်းကိုယ်ပိုင်လေယာဉ်ဖြင့် ခရီးစဉ် ပြေးဆွဲရန် စီစဉ်ထားသော်လည်း သက်ဆိုင်ရာက လေယာဉ်ဆင်းသက်ခွင့်ကို မချပေးသောကြောင့် အဲပုဂံ၏ လေယာဉ်ကို ငှားရမ်းရခြင်းဖြစ်သည်ဟု ရန်ကုန် ခရီးသွားအသိုင်းအ၀ိုင်းမှ သိရသည်။
အဲပုဂံ လေကြောင်းလိုင်းသည် ပြည်တွင်း ခရီးစဉ်များအပြင် ပြည်ပခရီးစဉ်ဖြစ်သည့် ရန်ကုန်-စင်ကာပူနှင့် ရန်ကုန်-ဘန်ကောက် ခရီးစဉ်များကို Air Bus အမျိုးအစား လေယာဉ်ဖြင့် ပြေးဆွဲခဲ့သေးသည်။
၂၀၀၇ ခုနှစ် စက်တင်ဘာနောက်ပိုင်း ကမ္ဘာလှည့်ခရီးသွားများ ကျဆင်းလာမှုနှင့်အတူ အမေရိကန် အစိုးရ၏ စီးပွားရေး ပိတ်ဆို့တားဆီးမှုများက အဲပုဂံပိုင် လေယာဉ်များအတွက် အပိုပစ္စည်းများ ၀ယ်ယူရနိုင်မှုကို ကန့်သတ်လိုက်သောကြောင့် ပြည်ပခရီးစဉ်များကို ရပ်ဆိုင်းခဲ့သည်။
Thursday, February 5, 2009
အဲပုဂံလေယာဉ်များကို ငှားရမ်း
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment