မဇ္ဈိမ-ဆလိုင်းပီပီ၊ ဇန်နဝါရီလ ၂၀ ရက် ၂၀၀၉
နယူးဒေလီ (မဇ္ဈိမ)။ ။ ထိုင်းရေတပ်က မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ရိုဟင်ဂျာ ၄၀၀ ခန့်အား ညှဉ်းပန်းနှိပ်စက်မှု ပြုလုပ်သည်ဟူသော စွပ်စွဲချက်ကို စုံစမ်းစစ်ဆေးကာ လိုက်လံဖြေရှင်းမည် ဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ်သစ်က ထိုင်းလူ့အခွင့်အရေး အဖွဲ့များကို ကတိပြုလိုက်သည်။
ထိုင်းနိုင်ငံသို့ လှေဖြင့် တရားမ၀င် ၀င်ရောက်ရန်ကြိုးစားခဲ့သည့် ရိုဟင်ဂျာများအား ထိုင်းရေတပ်က ဖမ်းဆီးပြီး မတရားသဖြင့် ဆက်ဆံခြင်းခံရသည်ဟူသော စွပ်ချက်နဲ့စပ်လျဉ်း၍ ထိုင်းဝန်ကြီးချုပ် အဖိဆစ်က ထိုင်းလူ့အခွင့်အရေးအဖွဲ့များကို တွေ့ဆုံကာ ဆက်လက်စုံစမ်းမှုများ လုပ်သွားမည်ဟု Campaign for Human Rights မှ သဘာပတိ ဆုမ်ချိုင်းဟုမ်လာအော်က ထိုင်းသတင်းထောက်များအား ပြောပြခြင်းဖြစ်သည်။
တချိန်တည်းမှာပင် ထိုင်းနိုင်ငံခြားရေးရာဝန်ကြီးကလည်း ယခုအရေးကိစ္စ မှန်ကုန်မှု ရှိ၊ မရှိ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်ဟု ထိုင်းအရာရှိတဦးက အတည်ပြုပြောဆိုသည်။
"ဘာတကယ်ဖြစ်ခဲ့တာလဲ ဆိုတာကို ကျနော်တို့ စစ်ဆေးနေတုန်းပါ" ဟု ထိုင်းနိုင်ငံခြားရေးရာ အရာရှိတဦးက မဇ္ဈိမကို ပြောသည်။
ဒီဇင်ဘာလအစောပိုင်းက ထိုင်းနိုင်ငံသို့ တရားမ၀င် ရေကြောင်းလမ်းအတိုင်း ၀င်ရောက်ရန် ကြိုးစားသူ ရိုဟင်ဂျာအမျိုးသား ဦးရေ ၄၀၀ ဦးခန့်ကို ထိုင်းရေတပ်က ဖမ်းဆီးခဲ့သည်။
ခေတ္တထိန်းထိမ်းစဉ်က စားနိပ်ရိက္ခာနှင့် သောက်ရေအနည်းငယ်သာ ပေးပြီး၊ စက်မပါသော လှေဖြင့် ပင်လယ်ပြင်ထဲ ပြန်စေလွှတ်ခဲ့သည်ဟု ကိုယ်တိုင်ကြုံတွေ့သူ ရိုဟင်ဂျာအမျိုးသားတဦးက ပြောသည်။
"သူတို့ကို ထိုင်းပင်လယ်ကမ်းစပ်ကို ခေါ်သွားတယ်။ ပြီးတော့ ရိုက်နှက်ကြတယ်။ အဲဒါပြီးမှ သူတို့ကို လှေထဲ အတင်းထည့်ပြီး ပင်လယ်ထဲ လွှတ်လိုက်တာ" ဟု အိန္ဒိယနိုင်ငံတောင်ပိုင်း အာဒါမန်ကျွန်းမှ ရဲဝန်ထမ်းတဦးက အေအက်ဖ်ပီ သတင်းဌာနကို ပြောဆိုခဲ့သည်။
အာဒါမန်ကျွန်းအနီးတွင် မျောပါလာသော လှေပေါ်တွင် ပါရှိလာသည့် ရိုဟင်ဂျာ ၉၉ ဦးကို အိန္ဒိယကမ်းရိုးတန်း စောင့်ကြပ်ရေးအဖွဲ့က ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် ကယ်ဆယ်နိုင်ခဲ့ခြင်းဖြစ်သည်။
သူတို့သည် ပင်လယ်ပြင်တွင် ရက်သတ္တနှစ်ပတ်ခန့် မျောနေခဲ့ရသည်ဟု အိန္ဒိယ ကမ်းရိုးတန်းစောင့်အဖွဲ့က ပြောသည်။ ကျန် ၃၀၀ ခန့်မှာမူ ပင်လယ်ပြင်ထဲတွင် ပျောက်ဆုံးနေသည်ဟု သိရသည်။
ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလအတွင်းကပင် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၄၄၆ ဦးခန့်အား ပင်လယ်ထဲမှ ကယ်ဆယ်ခဲ့ရသေးသည်ဟု ကမ်းရိုးတန်းစောင့်အဖွဲ့က ဆိုသည်။ အလားတူပင် ယခုလ ၇ ရက်နေ့ကလည်း အင်ဒိုနီးရှားနိုင်ငံ အာချေးဒေသ ဆဘန်းကျွန်းတွင် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၉၃ ဦးအား ကယ်ဆယ်နိုင်ခဲ့သည်ဟု အင်ဒိုနီးရှားအာဏာပိုင်များက ပြောသည်။
Wednesday, January 21, 2009
ထိုင်းဝန်ကြီးချုပ်က ရိုဟင်ဂျာများအား ညှဉ်းပန်းနှိပ်စက်မှုအပေါ် စုံစမ်းစစ်ဆေးမည်
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment