Saturday, January 3, 2009

ကရင်နှစ်သစ်ကူးနေ့တွင် နအဖ၏ဥပဒေမဲ့ ယုတ်ကန်းမှုများ

ကရင်နှစ်သစ်ကူးနေ့ဖြစ်တဲ့ ၂၀၀၈ ခု ဒီဇင်ဘာ ၂၇ ရက် ညနေ ၆ နာရီခန့်မှာ ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ် မအူပင်ရွာအနီး စောဘဲဒိုးတပ်စခန်းထိုင် နအဖတပ် ခမရ ၃၅၀ က ခွဲမှူးဗိုလ်သက်ခိုင် လက်အောက်ခံ စစ်သားတဦးက မအူပင်ရွာသူ ကရင်မိန်းကလေး မနီကဗျာ (၇ နှစ်) ကို နေအိမ်မှာ မုဒိမ်းကျင့်ပြီးနောက် သေနတ်နဲ့ပစ်သတ်လိုက် ပါတယ်။

ဒီဇင်ဘာ ၁၆ ရက်မှာ ဘိတ်-ထားဝယ်ခရိုင် ထားဝယ်မြို့အရှေ့ဘက် ကစယ်ဒိုမြို့နယ် ထီးဘိုဘွာအထူးဒေသအတွင်း ကစောဖိုးမှာ ကျွဲ-နွားရောင်းဖို့ မောင်းယူလာတဲ့ ဆီကူရွာသား ၄ ယောက်ကို နအဖတပ် ခလရ ၁၀၁ ကပစ်သတ်ပြီး နွား ၂ ကောင် ကျွဲ ၂ ကောင်ကို ခိုးယူသွားခဲ့ပါတယ်။ အသတ်ခံရတဲ့ရွာသား ၄ ဦးကတော့ စောဆာသဲ (၃၅ နှစ်)၊ စောဒါးထူးဖိုး (၁၈ နှစ်)၊ စောဟာ့ဖလိုး (၁၆ နှစ်) နဲ့ စောဒီးဒီ (၄၀ နှစ်) တို့ဖြစ်ပါတယ်။

ကရင်အမျိုးသားအစည်းအရုံးနယ်မြေ ဒူးပလာယာခရိုင် ကော့ကရိတ်မြို့နယ်မှာ နအဖတပ် စကခ ၁၉ နည်းဗျူဟာ ၁ ရဲ့ နည်းဗျူဟာမှူးအဆင့်ရှိ ဗိုလ်မှူးကြီးခင်မောင်ချိုဟာ ခလရ ၁၀၆ တပ်စခန်းမှာ ဝါခမိကျေးရွာအုပ်စု၊ ဘယ်လယ်မယ် ကျေးရွာအုပ်စု၊ ကနယ်ကမော့ကျေးရွာအုပ်စု၊ ကျယ်ကျေးရွာအုပ်စု၊ ဒဲဖီးကျေးရွာအုပ်စု၊ တနေးလျူကျေးရွာအုပ်စု၊ ရူတောကျေးရွာအုပ်စုနဲ့ သဝေါဖျာကျေးရွာအုပ်စုတို့က အုပ်စုလူကြီးများကို ဆင့်ခေါ်စည်းဝေးပြီး ဒီဇင်ဘာ ၁၁ ရက်က စလို့ တပတ်ကို ၃ ရက် တပ်စခန်းသို့သတင်းပို့ဖို့နဲ့ ကားလမ်းပေါ်တိုက်ပွဲဖြစ်ရင် သက်ဆိုင်ရာကျေးရွာအုပ်စုလူကြီးကို ထောင် ၇ နှစ်၊ ကျေးရွာလူကြီးကို ထောင် ၂ နှစ်ချမယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။

တဆက်တည်းမှာ နအဖတပ် ခမရ ၅၈၇ တပ်ရင်းမှူး အဆင့်ရှိတဲ့ သန်းဝင်းကလည်း ကနယ်ကမော့-ဝါခမိ ကားလမ်း တလျှောက်မှာ တရက်ကို ရွာသား ၃၆ ဦး ကင်းစောင့်ခိုင်းပြီး တိုက်ပွဲဖြစ်ခဲ့ရင် အဲဒီတိုက်ပွဲနေရာ ကင်းတာဝန်ကျ ရွာသားကို ထောင် ၂ နှစ်ချမယ်လို့ ခြိမ်းခြောက်ထားပါတယ်။

0 comments: