Saturday, December 20, 2008

ရန်ကုန် လင်းစဒေါင်း ဓာတ်ငွေ့စက်ရုံ မီးလောင်၊ (၂) ဦးဒဏ်ရာရ

NEJ/ ၁၉ ဒီဇင်ဘာ ၂၀၀၈
အမှတ် (၁) စက်မှုဝန်ကြီးဌာနပိုင် ရန်ကုန်၊ ဗိုလ်တထောင်မြို့နယ် လင်းစဒေါင်းရှိ အောက်စီဂျင်ဓာတ်ငွေ့စက်ရုံ မီးလောင်မှုကြောင့် လူ (၂) ဦးဒဏ်ရာရပြီး ဆေးရုံတင်ထားရသည်။

ယနေ့ နေ့လယ် (၁) နာရီခွဲခန့်၌ မီးလောင်မှုဖြစ်ပွားပြီး မီးသတ်ကား အစီးရေ (၁၅) စီးခန့်လာသည်ဟု မျက်မြင် သက်သေများက ပြောသည်။

အဆိုပါစက်ရုံမှ စက်ရုံမှူးမှာ ဦးနေထွန်းဖြစ်ကြောင်း လင်းစဒေါင်းမှ ယင်းစက်ရုံအနီးနေသူတဦးက ပြောသည်။

“စက်ရုံမှူးတို့ဆီကို ဒီနေ့ပဲ မီးသတ်က လူကြီးတွေ လာပြီးတော့ စစ်တာပဲ။ မီးဘေးအန္တရာယ် ကင်းဝေးရေးအတွက် လာပြီး သတိပေးတာတွေ့တယ်” ဟု အဆိုပါစက်ရုံအနီးနေသူက ပြောသည်။

မီးလောင်ရခြင်းမှာ သံပြားများဖြတ်တောက်ရာတွင် အသုံးပြုရသော ဓာတ်ငွေ့တမျိုးကို အသုံးပြုနေရာမှ ယင်း ဓာတ်ငွေ့ပိုက်ပွင့်ကာ မီးကူးစက်လောင်ခြင်းဖြစ်ပြီး လူ (၂) ဦး ဒဏ်ရာရကြောင်း သိရသည်။

မျက်မြင်သက်သေတဦးကမူ “အခုပဲ ဆေးရုံကြီးကို ပို့တာပါ။ စိုးရိမ်ရလားတော့ မသိသေးဘူး။ ကျနော့်အထင်ကိုပြောရရင်တော့ နည်းနည်းတော့များမယ်ဗျ” ဟု မျက်မြင်သက်သေက ဆိုသည်။

မီးလောင်မှုမှာ မိနစ်ပိုင်းတွင် ငြိမ်းသွားပြီး အဆောက်အအုံများကို ကူးစက်လောင်ကျွမ်းမှု မရှိကြောင်း၊ သို့သော် အနီးရှိ လုပ်ငန်းသုံးပစ္စည်း အတိုအထွာများကို လောင်ကျွမ်းသွားသည့်အတွက် ဆုံးရှုံးမှုတန်ဖိုးမှာ သိန်းနှင့်ချီ ရှိနိုင်ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုဖြစ်သော ဓာတ်ငွေ့စက်ရုံမှာ ဆေးရုံသုံး အောက်စီဂျင်များ ထုတ်ပေးနေသော စက်ရုံဖြစ်သည်။

0 comments: