မဇ္ဈိမ-သဲသဲ၊ ဒီဇင်ဘာလ ၁ ရက် ၂၀၀၈
နယူးဒေလီ။ ။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ သုဝဏ္ဏဘူမိ နိုင်ငံတကာလေဆိပ် ပိတ်ထားသည့်အတွက် မြန်မာ နိုင်ငံမှ ထိုင်း နိုင်ငံသို့ ပျံသန်းနေသော လေကြောင်းလိုင်းများ၏ ခရီးစဉ်အချိန်များ ပြောင်းလဲ ပျံသန်း နေသည်ဟု လေကြောင်း လိုင်းများမှ တဆင့် သိရသည်။
ရန်ကုန်မြို့နှင့် ဘန်ကောက်မြို့အကြား ဘန်ကောက် အဲယားဝေး (Bangkok Airways)၊ ထိုင်းလေကြောင်း လိုင်းနှင့် မြန်မာ့ လေကြောင်း ပြေးဆွဲလျက်ရှိသည်။
ထိုင်းလေကြောင်းလိုင်း (Thai Airways International) မှ ခရီးစဉ်များ ရပ်ဆိုင်းထားခြင်း မရှိသော်လည်း အချိန်မှန် ပျံသန်းနိုင်ခြင်း မရှိသည့်အတွက် ယခုရက်ပိုင်း လက်မှတ်ဝယ်ယူသူများကို လေယာဉ်ခရီးစဉ် သေချာမှသာ လက်မှတ် ရောင်းချ ပေးကြောင်း ရန်ကုန်မြို့ရှိ ထိုင်းလေကြောင်းလိုင်း ရုံးမှ တာဝန်ခံတဦးက ပြောသည်။
"လောလောဆယ် ခရီးစဉ်က ဘာမှ မသေချာဘူးဖြစ်နေတယ်။ တနေ့ကို ပုံမှန်တစင်းလောက် ထွက်ပေမယ့် ဒီနေ့ည ထွက်မယ် ဆိုရင် နေ့လယ်လောက်မှ အသိပေးနိုင်တယ်" ဟု သူမက ပြောသည်။
ဘန်ကောက် အဲယားဝေး (Bangkok Airways) လေကြောင်းလိုင်း၏ ပုံမှန်ခရီးစဉ် ပျံသန်းမှုကို နိုဝင်ဘာလ ၂၆ ရက်နေ့မှ စ၍ ရပ်နားထားပြီး မနက်ဖြန် ဒီဇင်ဘာလ ၂ ရက်နေ့တွင် အထူးခရီးစဉ်အဖြစ် ယာယီ ဖွင့်လှစ်ထားသော ဥတာပေါင်း လေဆိပ် သို့ ပျံသန်းပေးမည်ဟု ရန်ကုန်မြို့ရှိ ဘန်ကောက် အဲယားဝေး (Bangkok Airway) လက်မှတ် အရောင်းဌာနမှ တာဝန်ခံ တဦးက မဇ္ဈိမကို ပြောသည်။
ပုံမှန် ခရီးစဉ်များကို တနင်္ဂနွေ၊ တနင်္လာနှင့် သောကြာ နေ့စဉ် တကြိမ် ပျံသန်းပေးလျက်ရှိသော်လည်း ယခုအခါ ပျံသန်းမည့် အချိန်ကို အတိအကျ သတ်မှတ်နိုင်ခြင်း မရှိသေးကြောင်း သူမက ဆက်လက် ပြောဆိုသည်။
မြန်မာ့လေကြာင်းလိုင်း MAI ၏ ဈေးကွက် တာဝန်ခံတဦးကလည်း ၄င်းတို့လေကြောင်းလိုင်း၏ စင်္ကာပူနှင့် မလေးရှား ခရီးစဉ်များ အတွက် ပြဿနာ မရှိသော်လည်း ထိုင်းနိုင်ငံတွင် ယာယီ လေဆိပ်ကို အသုံးပြုနေရသဖြင့် ခရီးသည်များအတွက် အခက်အခဲ ရှိကြောင်း ပြောသည်။
ထိုင်းနိုင်ငံ ဘန်ကောက်လေဆိပ်သည် မြန်မာနိုင်ငံနှင့် နိုင်ငံရပ်ခြားတိုင်းပြည်များသို့ သွားလာမည့် ခရီးသည်များအတွက် အဓိက အသုံးပြုရာ လေဆိပ်ဖြစ်သည်။
နိုဝင်ဘာလ ၂၅ ရက်နေ့က ပြည်သူ့မဟာမိတ် (People Alliance for Democracy - PAD) အဖွဲ့က ထိုင်းနိုင်ငံ၏ ပင်မ နိုင်ငံတကာ လေဆိပ်ကြီးဖြစ်သော သုဝဏ္ဏဘူမိ လေဆိပ်ကို ၀င်ရောက်စီးနင်းလိုက်ပြီး ဆန္ဒပြနေခဲ့သည့်အတွက် လေဆိပ်လုပ်ငန်းများ ရပ်ဆိုင်းခဲ့သည်။
နိုဝင်ဘာလ ၂၉ ရက်နေ့မှ စတင်၍ ဘန်ကောက်မြို့မှ ကီလိုမီတာ ၁၅၀ (မိုင် ၉၀) ခန့် ကွာဝေးသည့် ထိုင်းနိုင်ငံတောင်ပိုင်းရှိ ထိုင်းဘုရင့်ရေတပ်ပိုင် ဥတာပေါင်း လေဆိပ်ကို အသုံးပြုပြီး လေယာဉ်ခရီးစဉ်များ ပျံသန်းနေရခြင်းဖြစ်သည်။
Monday, December 1, 2008
မြန်မာမှ ထိုင်းသို့ ပျံသန်းသည့် လေကြောင်းလိုင်းအချို့ ပြန်လည်ပြေးဆွဲ
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment