Wednesday, December 17, 2008

မြန်မာ့ဒီမိုကရေစီ အင်အားစုများကို အထူး ကူညီသွားမည်ဟု မက်ဒလင်း အောလ်ဘရိုက်ပြောကြား

မဇ္ဈိမ-ဇာနည်၊ ဒီဇင်ဘာလ ၁၆ ရက် ၂၀၀၈

ချင်းမိုင် (မဇ္ဈိမ)။ ။ မြန်မာနိုင်ငံ ဒီမိုကရေစီရေးအတွက် ယုံကြည်ချက် ခိုင်မာသူများကို အထူးဂရုပြု ကူညီသွားမည်ဟု အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဟောင်း မက်ဒလင်း ကေ အောလ်ဘရိုက်က အင်္ဂါနေ့က ပြောကြားလိုက်သည်။

အမေရိကန်အခြေစိုက် အမျိုးသားဒီမိုကရက်တစ် အင်စတီကျူ့ ခေါ် NDI မှ ၀ါရှင်တန်မြို့တွင် ပြုလုပ်သော စတုတ္ထအကြိမ်မြောက် မက်ဒလင်း ကေ အောလ်ဘရိုက် ဆုနှင့် ၁၈ ကြိမ်မြောက် W. Averell Harriman Democracy ဆုချီးမြှင့်ခြင်း အခမ်းအနားတွင် ပြောလိုက်ခြင်း ဖြစ်သည်။

"ကျမက တချို့တွေ ထင်သလို ဒီ ဆုနာမည်ကို ရွေးချယ်ခဲ့တဲ့သူ မဟုတ်ပါဘူး။ ဒါပေမယ့် ကျမဟာ မြန်မာနိုင်ငံရဲ့ အနာဂတ် ဒီမိုကရေစီရေး အတွက် ယုံကြည်ချက် ထားရှိတဲ့ သူတွေကို ကူညီတာမှာ တကယ့်ကို ရူးရူးးမူးမူး ဂရုစိုက်တာပါ" ဟု အောလ်ဘရိုက်က ဆုအခမ်းအနားတွင် ပြောသည်ကို NDI ၏ အင်တာနက် စာမျက်နှာများတွင် ဖော်ပြထားသည်။

ဒီမိုကရေစီရေးကို စွမ်းစွမ်းတမံ ဆောင်ရွက်နေသည့် နိုင်ငံတကာမှ ပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများကို အထောက်အကူပြုသည့်အနေဖြင့် ချီးမြှင့်ခြင်းဖြစ်ပြီး ၂၀၀၈ ခုနှစ်အတွက် ဆုကို အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) နှင့် W. Averell Harriman Democracy ဆုကို နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဘုန်းတော်ကြီး ဒက်စမွန်တူးတူးတို့က ရရှိခဲ့သည်။

NDI ၏ ဥက္ကဌ တဦးလည်းဖြစ်သူ အောလ်ဘရိုက်က ဆုချီးမြှင့်အားဖြင့် " အမျိုးသမီးများ အဖွဲ့ချုပ် အဖွဲ့ဝင်တွေကို သူတို့ရဲ့ ညီအစ်ကို မောင်နှမတွေ၊ ကျမတို့ရဲ့ ညီအကို မောင်နှမတွေ နဲ့ အတူတူ တိုင်းပြည်နဲ့ လူမျိုးရဲ့ အိပ်မက်တွေကို ဆက်လက်ရှင်သန်နေစေဖို့ အတွက် လွယ်ကူမှုတွေ ဖြစ်ပါလိမ့်မယ်" ဟု အခမ်းအနားတွင် ပြောသွားသည်။

၁၉၈၃ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သော ၀ါရှင်တန် အခြေစိုက် NDI သည် ပရဟိတ အဖွဲ့တစ်ခုဖြစ်ပြီး ဒီမိုကရေစီအတွက် လုပ်ဆောင်နေသော အဖွဲ့အစည်းများကို ထောက်ပံ့နေသော အဖွဲ့ဖြစ်ပြီး မြန်မာ့ ဒီမိုကရေစီရေးအတွက် ၁၉၉၅ ခုနှစ်ကတည်းက ကမ္ဘာအနှံ့ရှိ ကွန်ယက်များဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်။

ဆုရရှိသော အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) (WLB) ၏ကိုယ်စား ဆုတက်ရောက်ယူခဲ့သူ အမျိုးသမီးများ နိုင်ငံရေးစွမ်းရည် မြင့်မားရေးလုပ်ငန်း တာဝန်ခံ မသင်းသင်းအောင်က "ဒီလိုမျိုး လာယူရတော့ ဂုဏ်ယူတာပေါ့ နောက်ပြီးတော့ အဖွဲ့အစည်း အနေနဲ့လဲ အမျိုးသမီးများ အဖွဲ့ချုပ် မြန်မာနိုင်ငံ ဆိုပြီးတော့လည်း နိုင်ငံတကာ အထူးသဖြင့် ဒီအမေရိကားမှာ ရှိတဲ့ ခေါင်းဆောင်တွေကလဲ သိသွားတယ်။ နောက် မြန်မာနိုင်ငံရဲ့ အရေး အမျိုးသမီးတွေရဲ့ လှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီးတော့လည်း သိသွားကြတော့ ဂုဏ်ယူပါတယ်" ဟု မဇ္ဈိမကို ပြောပြသည်။

အောဘရိုက်သည် အမေရိကန်သမတ ကလင်တန် လက်ထက်၊ နိုင်ငံခြားရေး ၀န်ကြီး အဖြစ် တာဝန်ထမ်းဆောင်စဉ်က မြန်မာ့စစ်အစိုးရကို လူသိရှင်ကြား ဝေဖန်ခဲ့သူဖြစ်သည်။

မြန်မာစစ်အစိုးရနှင့် အတိုက်အခံ ဒီမိုကရေစီအင်အားစုများ အကြား တွေ့ဆုံ ညှိနှိုင်းမှု ဖြစ်ပေါ်လာစေရန် ကုလသမဂ္ဂမှ ပါဝင်ပတ်သက်မှုများကိုလည်း ထောက်ခံ အားပေးခဲ့သည်။

မဒလင်း အောလ်ဘရိုက်၏ မြန်မာနိုင်ငံအပေါ် ထားရှိသော သဘောထားနှင့် ပတ်သက်၍ "သူ့အနေနဲ့ တောက်လျှောက် မြန်မာ့အရေးကို ပြောခဲ့တာတွေ၊ စာတွေ ရေးထားတာတွေ ရှိတော့ နောက်တက်လာမယ့် အိုဘားမား အစိုးရ လက်ထက်မှာလည်းပဲ မြန်မာနိုင်ငံ ဒီမိုကရေစီရေးနဲ့ ပတ်သက်တာတွေမှာ သူကဆက်ပြီး ဖိအားတွေ ပေးသွားနိုင်မယ်။ ပါဝင်မယ်လို့ ထင်ပါတယ်" ဟု မသင်းသင်းအောင်က သူ့အမြင်ကို ပြောပြသည်။

အောဘရိုက်သည် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း ၁၉၉၅ ခုနှစ်က တွေ့ဆုံခဲ့ဖူးသည်။

မကြာသေးခင်ကမှ ထုတ်ဝေခဲ့သော သူ၏ "မျိုးဖြုတ်သတ်ဖြတ်ခြင်းကို ကာကွယ်ခြင်း" အစီရင်ခံစာတရပ်တွင် မြန်မာစစ်အစိုးရမှ လူ့အခွင့်အရေး ချိုးဖောက်မှုများကို တားဆီးရန်အတွက် လိုအပ်လာပါက အမေရိကန်အစိုးရမှ စစ်ရေးအသုံးပြု၍ ဖြေရှင်းရန် တိုက်တွန်းထားသည်။

အဆိုပါ အစီရင်ခံစာတွင် လက်ရှိအခြေအနေတွင် မြန်မာ နိုင်ငံ အရှေ့ဖက်ခြမ်းတွင် မြန်မာ စစ်တပ်၏ တိုက်ခိုက်မှုနှင့် တိုင်းရင်းသား မျိုးနွယ်စုများကို ဖိနှိပ်မှုများကြောင့် လူပေါင်း ၆ သိန်းခွဲကျော် နေရပ်ရွှေ့ပြောင်းကြရပြီး ကျေးရွာပေါင်း ၃၅၀၀ ခန့် ဖျက်ဆီးခံရသည်ဟု ပါရှိသည်။

0 comments: