Wednesday, December 17, 2008

ဘင်္ဂလား ပင်လယ်အော် အရောင်းသွက်

ဧရာဝတီ-အေးလဲ့၊ ဒီဇင်ဘာလ ၁၆ ရက် ၂၀၀၈

နာမည်ကြီး ရော့ခ် အဆိုတော် လေးဖြူ၏ နောက်ဆုံးထွက် တကိုယ်တော် စီးရီး “ဘင်္ဂလား ပင်လယ်အော်” ကို The Sun စတူရီယိုမှ ဒီဇင်ဘာလ ဒုတိယ အပတ်ထဲတွင် တခွေလျှင် ၁၈၀၀ ကျပ်နှုန်းဖြင့် စတင်ဖြန့်ချိ ရောင်းချခဲ့ရာ နှစ်ရက်အတွင်း အရောင်းဆိုင်များ၌ ပြတ်သွားခဲ့ကြောင်း ဖြန့်ချိရေးမှ တဆင့်သိရသည်။

၎င်းတေးစီးရီးကို ကိုလေးဖြူ၏ ပင်တိုင်တေးဂီတအဖွဲ့ အိုင်ရင်းခရော့စ်(အိုင်စီ) ကပင် တီးခတ်ပေးထားပြီး မောင်မောင်ဇော်လတ်၊ နောနော်၊ လင်းလင်း၊ ရယ်ဂျီ တို့ ရေးသားထားသည့် သီချင်း ၁၃ ပုဒ် ပါရှိသည်။

မောင်မောင်ဇော်လတ်ရေးသားသည့် “စာမျက်နှာ တဆယ့်ငါး” ဆိုသည့်သီချင်းခေါင်းစဉ် ကို မူလက စာမျက်နှာ တဆယ့်ခြောက်” ဟု အမည်တပ်ထားပြီးဖြစ်သော်လည်း စာပေစိစစ်ရေးက ၎င်းခေါင်းစဉ်ကို ပယ်သဖြင့် “စာမျက်နှာ တဆယ့်ငါး” ဟု ပြန်ပြောင်း လိုက်ရကြောင်း အိုင်စီ အသိုင်းအဝန်းနှင့် နီးစပ်သူ တဦးက ပြောသည်။

“စာမျက်နှာ ၁၆ ဆိုတာ သတင်းစာမှာ နာရေးကြော်ငြာပါတဲ့ စာမျက်နှာ မို့လို့ ဖြုတ်တယ်တဲ့” ဟု ၎င်းက ဆိုသည်။


ဘင်္ဂလား ပင်လယ်အော် အခွေထွက်သည့်နေ့တွင် တပြိုင်နက်တည်ဲး အင်တာနက်ပေါ်၌ အခွေတခွေလုံးစာ သီချင်းများနှင့် သီချင်းစာအုပ် (အီးဘုတ်ခ်) ပါ ပျံ့နှံ့သွားခဲ့သည်။

“ဘယ်လိုပဲ ချက်ချင်းအင်တာနက်ပေါ် တင်ပေမယ့် လေးဖြူပရိသတ်အစစ်ကတော့ မူရင်းအခွေကို ဝယ်ကြ တာပါပဲ။ သူတို့က ချက်ချင်း ပျံ့နှံ့သွားစေချင်တဲ့ စေတနာနဲ့ လုပ်တာ ဆိုပေမယ့် အဲလိုကြီးတော့ မလုပ်သင့် ဘူးပေါ့ဗျာ” ဟု ရန်ကုန်နေ လေးဖြူ၏ ပရိသတ်တဦးက ပြောသည်။

ပြည်ပရောက် လေးဖြူ၏ ပရိသတ်များကမူ အင်တာနက်စာမျက်နှာပေါ်တွင် အခွေထွက်သည်နှင့် တပြိုင်နက် နားထောင်ခွင့်ရသောကြောင့် လက်ခံအားပေးကြသည်။

၎င်းတေးစီးရီးကို ငွေဆောင်ကမ်းခြေရှိ ဘင်္ဂလားပင်လယ်အော် ဟိုတယ်တွင်ပီတီအယ်လ် PTL အသံဖမ်းစက်များဖြင့် အစအဆုံး အသံသွင်းခဲ့ခြင်းဖြစ်ကြောင်း အိုင်စီမှ ဒရမ်မာ ကိုခရမ်းက ပြောသည်။

“ငွေဆောင်က ဟိုတယ်မှာ အသံဖမ်းတာဆိုပေမယ့် အရသာက စတူဒီယိုမှာ လုပ်ထားတဲ့အတိုင်းပဲ။
ချစ်စမ်းမောင်ဖမ်းတာ သိပ်ကောင်းတယ်။ အိမ်မပြန်ဘဲ ၁၀ ရက်လောက်အဲဒီမှာနေပြီး အပြီး လုပ်ကြတာ။ တော်တော်လေး အားရတယ်။ ကမ်းခြေမှာဆိုတော့ အားလုံး Stress တွေလည်းနည်းတယ် တခြား အလုပ်လည်း မရှိဘူးပေါ့။ ရိုက်ကူးရေးပါ အပြီးလုပ်တယ်” ဟု ကိုခရမ်းကဆိုသည်။

ယခုအခွေနှင့်ပတ်သက်၍ တချို့သော လေးဖြူပရိသတ်များက သီချင်းများကို ပျော့လွန်းသည်ဟု သုံးသပ်ကြသည်။

“လေးဖြူဆိုရင် ရော့ခ်ဖြစ်နေမှလေ။ ခုဟာက ချွဲနေသလိုပဲ။ ပေါ့ပ်ကလေးတွေနဲ့ တော်တော်ကို ပျော့ပြောင်းနေတာ သိပ်မကြိုက်ဘူး” ဟု ၎င်း၏ ပရိသတ်တဦးကပြောသည်။

၎င်းအခွေနှင့်ပတ်သက်ပြီး အဆိုတော်လေးဖြူကို ဖုန်းဖြင့်ဆက်သွယ်မေးမြန်းရန် ဧရာဝတီမှ ကြိုးစား သော်လည်း ဆက်သွယ်၍ မရရှိခဲ့ပေ။

အဆိုတော်လေးဖြူသည် စင်မြင့်ဖျော်ဖြေပွဲများတွင် ပါဝင်သီဆိုခြင်း မရှိခဲ့သည်မှာ ၂ နှစ်ကျော်ကြာခဲ့ပြီ ဖြစ်သော်လည်း ပြီးခဲ့သည့်သြဂုတ်လအတွင်းတွင် နာဂစ် မုန်တိုင်းရန်ပုံငွေပွဲအတွက် အိုင်စီနှင့်တွဲဖက်၍ သီဆိုခဲ့သည်။

အိုင်စီတေးဂီတအဖွဲ့သည် ယနေ့ ၁၆ ရက်နေ့နှင့် ၁၇ ရက်နေ့များတွင် အဆိုတော် အငဲ၊ မျိုးကြီး၊ နောနော်၊ Rဇာနည်၊ ဝိုင်ဝိုင်း၊ Lလွန်းဝါ၊ ကော်နီ၊ ခင်ဘုန်းတို့နှင့် ထိုင်း - မြန်မာနယ်စပ် မြဝတီမြို့တွင် ဖျော်ဖြေ တင်ဆက်မည် ဖြစ်ကြောင်း သတင်းရရှိသည်။

0 comments: