Thursday, November 27, 2008

ဆန္ဒပြသူများ ဒွန်မောင်းလေဆိပ်ကိုသိမ်း ထိုင်းအစိုးရအုပ်ချုပ်ရေး ဖရိုဖရဲဖြစ်

NEJ/ ၂၇ နိုဝင်ဘာ ၂၀၀၈



ထိုင်းအစိုးရဖြုတ်ချရေး ဆန္ဒပြသူများက ဘန်ကောက် ဒွန်မောင်းလေဆိပ်ဟောင်းကိုလည်း ၀င်စီးထားသည့်အတွက် အဆိုပါလေဆိပ်လုပ်ငန်းများ ရပ်ဆိုင်းရလိုက်ရသည်။

ဘန်ကောက်မြို့ ဆူဝမ်နဖုန် (သုဝဏ္ဏဘူမိ) နိုင်ငံတကာ လေဆိပ်ကို ထိုင်းအစိုးရဖြုတ်ချရေး ပီအေဒီဆန္ဒပြအဖွဲ့များက သိမ်းပြီးမကြာခင် ဒွန်မောင်းလေဆိပ်ကိုလည်း ၀င်စီးခဲ့ခြင်းဖြစ် သည်။ ဒွန်မောင်းလေဆိပ်ကို သိမ်းရခြင်း၏ အဓိကရည်ရွယ်ချက်မှာ ဘန်ကောက်ရှိ ၀န်ကြီးအဖွဲ့ဝင်များ ချင်းမိုင်တွင် သောင်တင်နေသည့် ၀န်ကြီးချုပ် ဆွန်ချိုင်းထံ လေယာဉ်ဖြင့် သွားရောက်ခြင်းမပြုနိုင်ရန်ဖြစ်သည်ဟု ဆန္ဒပြခေါင်းဆောင်များက ပြောသည်။

ဆန္ဒပြသူများက ထိုင်းဝန်ကြီးချုပ်ရုံးကို သိမ်းထားသည့်အတွက် ဆွန်ချိုင်းအစိုးရသည် ဒွန်မောင်းလေဆိပ်မှ ၀န်ကြီးများအဖွဲ့ ယာယီအစည်းအဝေးများ လုပ်ခဲ့ရသည်။ ထိုင်းစစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး အာနုပေါင်က လွှတ်တော်ဖျက်သိမ်းပြီး ရွေးကောက်ပွဲခေါ်ရန် ဆွန်ချိုင်းအစိုးရကို အကြံပေးသော်လည်း ၀န်ကြီးချုပ်ဆွန်ချိုင်းက လက်မခံခဲ့ပေ။

လက်ရှိထိုင်းအစိုးရအခြေအနေမှာ အုပ်ချုပ်ရေးကို ကြပ်ကြပ်မတ်မတ် မကိုင်တွယ်နိုင်တော့ဘဲ ယိုင်နေသည့် အနေအထားတွင်ရှိသည်။ ချင်းမိုင်တွင် အာဆီယံထိပ်သီးအစည်းအဝေး မတိုင်မီ ဆန္ဒပြမှုများ၊ ပစ်ခတ် ဗုံးကွဲမှုများ အရှိန်မြှင့်လာသည့်အတွက် အာဆီယံကြား ထိုင်းအစိုးရ မျက်နှာပျက်ရမည့်ကိန်း ဖြစ်နေသည်။

အထူးသဖြင့် ထိုင်းနိုင်ငံသို့ ကမ္ဘာတ၀န်းက ခရီးသွားများ အလာများမည့်အချိန်တွင် ဆူဝမ်နဖုန် (သုဝဏ္ဏဘူမိ) နိုင်ငံတကာ လေဆိပ်ကို ဆန္ဒပြသူများ ၀င်စီးထားသည့်အတွက် တိုင်းပြည် စီးပွားရေး ထိခိုက်ရုံမက နိုင်ငံခြားမှ ရင်းနှီးမြှုပ်နှံသူများလည်း မလာတော့ဘဲ ဖြစ်ကုန်သည်ဟု Federation of Thai Industries ဥက္ကဋ္ဌ ဆန်တီက ပြောသည်။

0 comments: