Sunday, November 30, 2008

မြန်မာနေးရှင်း အယ်ဒီတာနှင့် ၈၈ မျိုးဆက် ကျောင်းသားများကို ထောင်ဒဏ်များ ချမှတ်

ဧရာဝတီ-ကိုစိုး၊ နိုဝင်ဘာလ ၂၈ ရက် ၂၀၀၈

စစ်အာဏာပိုင်များက ဖမ်းဆီးထားသော မြန်မာနေးရှင်း ဂျာနယ် အယ်ဒီတာချုပ် ဦးသက်ဇင်နှင့် မန်နေဂျာဖြစ်သူ ဦးစိန်ဝင်းမောင် တို့ကို ယနေ့ ထောင်ဒဏ် ၇ နှစ် စီ ချမှတ်လိုက်ပြီး ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ ၁၃ ဦးကို ထောင်ဒဏ် ၆ နှစ် စီ ချမှတ်လိုက်ကြောင်း အင်းစိန်ထောင်ဝန်ထမ်း အသိုင်းအ၀န်းနှင့် မိသားစုနှင့်နီးစပ်သူများက ပြောသည်။

်အဆိုပါ ဦးသက်ဇင် အသက်(၄၂)နှင့် ဦးစိန်ဝင်းမောင်တို့ကို ယခုနှစ် ဖေဖော်ဝါရီလအတွင်းတွင် အာဏာပိုင်များ က ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ယနေ့တွင် သင်္ဃန်းကျွန်းမြို့နယ် တရားရုံးက စီရင်ချက် ချမှတ်လိုက်ခြင်း ဖြစ်သည်ဟု မိသားစုနှင့် နီးစပ်သူတဦးက ပြောသည်။

၎င်းတို့ ၂ ဦးကို အကြောင်းပြချက်မရှိဘဲ အာဏာပိုင်များက ဂျာနယ်တိုက်သို့ ၀င်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး တရားမ၀င် ပုံနှိပ် ထုတ်ဝေ ပုဒ်မ ၁၇/၂၀ ဖြင့် တရားစွဲဆိုထားခဲ့သည်။

ထို့အပြင် ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့မှ ကိုသိန်းသန်းထွန်း၊ ကိုသော်ဇင်ထွန်း၊ ကိုဇော်ထက်ကိုကို၊ ကိုချစ်ကို လင်း၊ ကိုစောမျိုးမင်းလှိုင်၊ ကိုအောင်ကြီး ခေါ် ကိုအောင်သိုက်စိုး၊ ဦးပြည်သန်း၊ ဒေါ်စန်းစန်းတင်၊ မလေးလေးမွန်၊ မအေးသီတာ၊ မနိုးနိုး ခေါ် မငွေနှင်းရည်၊ မနှင်းမေအောင် ခေါ် မနိုဘဲလ်အေးနှင့် မသရဖီ သိမ့်သိမ့်ထွန်းတို့ ၁၃ ဦးကို ပုဒ်မ ၅၀၅(ခ) ဖြင့် ထောင်ဒဏ် ၆ နှစ်စီ ချမှတ်လိုက်သည်ဟု အင်းစိန်ထောင်ဝန်ထမ်းများနှင့် နီးစပ်သူက ပြောသည်။ ၎င်းတို့သည် ယခုပြစ်ဒဏ် မတိုင်ခင် ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ်အထိ ကျခံပြီးသူများဖြစ်ကြောင်း သိရ သည်။

“အဲဒီ ၈၈ အဖွဲ့က ၁၃ ဦးကို အင်းစိန်ထောင် အထူးတရားရုံးက ၆ နှစ်စီ အမိန့်ချတယ်၊ ၅၀၅(ခ) သုံးကြိမ် ပြန်စွဲပြီး တကြိမ်ကို ၂ နှစ် စီနဲ့ ချတာ၊ အဲဒီပုဒ်မ တခုတည်းနဲ့”ဟု အထက်ပါ ထောင်ဝန်ထမ်းနှင့် နီးစပ်သူက ပြောသည်။

လွန်ခဲ့သည့်နှစ် သြဂုတ်လ လောင်စာဆီဈေးနှုန်း ကျဆင်းရေး လမ်းလျှောက် ဆန္ဒပြရာမှစတင်ပြီး ကိုမင်းကိုနိုင် ၊ ကိုကိုကြီး ၊ကိုဂျင်မီ၊ ကိုမြအေး၊ ကိုမင်းဇေယျ စသည့် ထင်ရှားသည့် ကျောင်းသားခေါင်းဆောင်များ အပါအ၀င် ၈၈မျိုးဆက်ကျောင်းသား အဖွဲ့မှ ၃၇ ဦး ကို စစ်အာဏာပိုင်များက ဖမ်းဆီး၍ အမြင့်ဆုံး ထောင်ဒဏ် ၆၅ နှစ် နှင့် နှစ်ရှည် ထောင်ဒဏ်များချမှတ်ခဲ့သည်။

၎င်းတို့ ၃၇ ဦးကို ဝေလံသည့် နယ်ထောင် ၃၇ ထောင်သို့ ပြောင်းရွှေ့ရန် အစီအစဉ်ရှိကြောင်း ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)က ပြောသည်။

စစ်အစိုးရက ယခုလအတွင်း နိုင်ငံရေးအမှုလိုက်ရှေ့နေများအပါအ၀င် ထင်ရှားသည့် ကျောင်းသားခေါင်း ဆောင်များ၊ စာနယ်ဇင်းသမားများ၊ အနုပညာရှင်များ၊ သံဃာတော်များ စသည့်နိုင်ငံရေးလှုပ်ရှားသူ ၁၄၃ ဦးကို ထောင်ဒဏ်များ ချမှတ်ခဲ့ပြီး နိုင်ငံရေးအကျဉ်းသား ၁၀၀ ကျော်ကို ထောင်ပြောင်းရွှေ့ခဲ့ကြောင်း အေအေပီပီ ၏ ပြောဆိုချက် အရ သိရသည်။

0 comments: