မဇ္ဈိမ-ဖနိဒါ/ဝိုင်းပီး၊ စက်တင်ဘာလ ၁၈ ရက် ၂၀၀၈
ချင်းမိုင်။ ။ ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် စစ်အစိုးရ၏ အာဏာသိမ်းသည့် နှစ်၂ဝ-ပြည့်အား ဆန့်ကျင်သည့်အနေဖြင့် ကချင်ကျောင်းသားထုမှ စစ်အစိုးရ ဆန့်ကျင်ရေး စာစောင်များ ဖြန့်ဝေခဲ့သည်။
မြစ်ကြီးနားမြို့ပေါ်ရှိ အထက်တန်း ကျောင်းများအပြင် တက္ကသိုလ်၊ ကောလိပ်၊ အစိုaရုံးများနှင့် ရပ်ကွက်နေရာ အနှံ့အပြား နှင့် ဈေးများတွင် စစ်အစိုးရအား ဆန့်ကျင်သည့် စာစောင်များ နံရံများတွင် ကပ်ခြင်း၊ ဖြန့်ဝေခဲ့ခြင်းများ လုပ်ခဲ့ကြောင်း ကချင်ပြည်လုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ (AKSYU) မှ ပြောရေးဆိုခွင့်ရှိသူ တဦးက မဇ္ဈိမကို ယခုလို ပြောသည်။
“ကျနော်တို့ ရွာတွေ၊ ရပ်ကွက် မူလတန်းကျောင်း၊ အလယ်တန်း၊ အထက်တန်းကျောင်း အားလုံးမှာ လိုက်ကပ်တယ်။ လမ်းကြို လမ်းကြား အားလုံးမှာပေါ့နော်။ ရပ်ကွက်အားလုံးဘဲ၊ ရွာတွေမှာလဲ လိုက်ကပ်တယ်။ ရုံးဆိုရင် ခြံစည်းရိုး တံခါးပေါက်တွေ အားလုံး လိုက်ကပ်ထားတယ်” ဟု AKSU မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
ယခုလို စစ်အစိုးရအား ဆန့်ကျင်သည့် စာစောင်၊ ပိုစတာများအား လိုက်လံဖြန့်ဝေခြင်း၏ ရည်ရွယ်ချက်ကို ယခုလို ဆက်၍ ပြောသည်။
“အဓိက ရည်ရွယ်ချက် ပထမအချက်က မြန်မာပြည် ကျောင်းတွေနဲ့ သံဃာများ လုပ်ရှားများမှုနှင့်ထပ်တူ သွေးစည်း ညီညွတ်ရေးနှင့် ဒုတိယအချက်က ဒီနေ့ အာဏာသိမ်းတဲ့ နှစ်၂ဝ-ပြည့်နေ့ကို ဆန့်ကျင်တာ ဖြစ်တယ်” ဟု ပြောရေးဆိုခွင့်ရှိသူက ဆက်ပြောသည်။
စစ်အစိုးရအား ဆန့်ကျင်လှုံ့ဆော်စာတွင် စစ်အစိုးရ အာဏာပိုင်များအား ဖမ်းဆီး ထိန်းသိမ်းခံနေရသည့် နိုင်ငံရေး အကျဉ်းသားများအားလုံး ချက်ချင်း လွတ်ပေးရေး နှင့် သုံးပွင့်ဆိုင်ဆွေးနွေးမှုကို အမြန်ဆုံးစတင်ရန် တောင်းဆိုထားသည့်အပြင် “နအဖ စစ်အာဏာရှင်စနစ် ကျဆုံးပါစေ” “ဒီမိုကရေစီအရေးတော်ပုံ အောင်နိုင်ရမည်” စသည်ဖြင့် ကြွေးကြော်စာတမ်းများ လိုက်လံဖြန့်ဝေခဲ့သည်။
၎င်းလှုံ့ဆော်စာများကို A4 အရွယ် စာရွက် စုစုပေါင်း ၄ဝဝ ဖြန့်ဝေခဲ့ပြီးနောက် အာဏာပိုင်များက လိုက်လံသိမ်းစည်း နေသော်လည်း ကချင်ကျောင်းသားများ အနေဖြင့် ဆက်လက် လုပ်ဆောင်သွားမည်ဟု စာဖြန့်ဝေခဲ့သူတဦးက ပြောသည်။
“အဲဒီစာရွက်တွေကို ၉ နာရီလောက်မှာတွေ့တော့ တွေ့တွေ့ခြင်း လိုက်သိမ်းနေတယ်။ ကျနော်တို့ နောက်ဆုံးကြားနေရတာက သတင်းပေးနိုင်တဲ့သူကို ငွေကြေးပေးမယ်လို့ ပြောနေကြတယ်။ ဘယ်လိုဘဲ ပြောပြော ကျနော်တို့က ဒီလိုလုပ်စရာရှိတာ ဆက်လုပ်သွားမှာဘဲ။ နောက်လဲ ဆက်လုပ်အုန်းမှာဘဲ” ဟု သူကပြောသည်။
၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့ တွင် မြန်မာနိုင်ငံတဝှမ်း လူထုအုံကြွမှုဖြစ်ပွားခဲ့ရာ စစ်တပ်မှ အကြမ်းဖက် ပစ်ခတ်ခဲ့သည့်အတွက် အပြစ်မဲ့ ဆန္ဒပြသူ စုစုပေါင်း ၃ဝဝဝ ထက်မနဲ သေဆုံးကာ အများအပြား ဒဏ်ရာရခဲ့သည်။
ယနေ့ စက်တင်ဘာလ ၁၈ ရက်နေ့သည် စစ်တပ်မှ နိုင်ငံတော် အာဏာကိုသိမ်းယူခဲ့သည်မှာ နှစ်ပေါင်း ၂ဝ ပြည့်ခဲ့ပြီ ဖြစ်သည်။
အာဏာသိမ်း နအဖ အစိုးရအား ဆန့်ကျင်သည့်အနေဖြင့် အိန္ဒိယနိုင်ငံ နယူးဒေလီရှိ မြန်မာ့ဒီမိုကရေစီ အင်အားစုများ စုစည်း၍ ဆန့်ကျင် ဆန္ဒပြပွဲတခုအား ဂျန်တား မန်တားတွင် ယနေ့ ပြုလုပ်ခဲ့သည်။
“အမျိုးသားညွန်ပေါင်းအစိုးရ မြန်မာနိုင်ငံ” (NCGUB - အနောက်ဘက်ဒေသ) ဝန်ကြီး ဒေါက်တာတင့်ဆွေမှ မြန်မာ့ ဒီမိုကရေစီရေးအတွက် မလျော့သောဇွဲဖြင့် ပြည်သူလူထုနှင့် ပူးပေါင်းကာ ဆက်လက် တိုက်ပွဲဝင်သွားမည် ဖြစ်ကြောင်း ယခုလို တိုက်တွန်း ပြောဆိုခဲ့သည်။
“ကျနော်တို့ ဒီမိုကရေစီ လိုလားသူများ အားလုံးက ကိုယ့်ကိစ္စ ကိုယ်လုပ်ရမယ်။ ပြည်သူလူထု အင်အားနဲ့သာ မြန်မာပြည် ဒီမိုကရေစီရဖို့ လုပ်ဆောင်နိုင်မှာ ဖြစ်တယ်။ ပြည်သူလူထုကလည်း သတ္တိရှိရှိနဲ့ ဇွဲမလျော့ဘဲ ကြိုးစားသွားရမယ်။ တိုက်ပွဲ ဝင်သွားရမယ်” ဟု သူက ပြောဆိုသည်။
စစ်အစိုး အာဏာသိမ်းခဲ့သည့် နှစ် ၂ဝ ပြည့်ကို ဆန့်ကျင်ဆန္ဒပြပွဲများအား မလေးရှား၊ အမေရိကန် နှင့် ဂျပန်နိုင်ငံရှိ မြန်မာ့ ဒီမိုကရေစီ အင်အားစုများက တခဲနက် ကျင်းပခဲ့ကြသည်
ကနန်ကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုအပေါ် CDM ကထိက ဌာနမှူး ဆရာမ
#ဒေါ်ရတီအုန်း ရဲ့ ပြောကြားချက် (Jan 12, 2024)
-
Mobile Medical Team-West Division တာဝန်ခံ
CDM ကထိက ဌာနမှူး ဆရာမ #ဒေါ်ရတီအုန်း ရဲ့ ပြောကြားချက် (Jan 12, 2024)
#တမူး မြို့နယ်၊ #ခမ်းပတ် မြို့အနီးရှိ #ကနန်...
10 months ago
0 comments:
Post a Comment