Tuesday, September 16, 2008

ဒေါ်အောင်ဆန်းစုကြည် အစားအသောက် ပြန်လက်ခံပြီ

မဇ္ဈိမ-ဆော်လမွန်၊ စက်တင်ဘာလ ၁၅ ရက် ၂၀၀၈

နယူးဒေလီ။ ။ တလနီးပါးကြာ အစားအသောက် ပို့ဆောင်ခြင်းကို လက်မခံဘဲ နေရာမှ နေအိမ်အကျယ်ချုပ် ကျခံနေရသော အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် အစားအသောက် ပို့ဆောင်မှုကို ပြန်လည် လက်ခံတော့မှာဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူက တင်္နလာနေ့က ပြောကြားလိုက်သည်။

"အစားအသောက် ပို့တာကို ပြန်လက်ခံတော့မယ် ဆိုပြီး သဘောတူလိုက်ပြီ။ ဒါကြောင့် ဒီညနေမှာ အစားအသောက်ပို့ဖို့ ပြင်ဆင်နေတယ်" ဟု အဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက မဇ္ဈိမသို့ ပြောသည်။

နိုင်ငံတကာ သတင်း မဂ္ဂဇင်းများနှင့် မိသားစုဝင်များထံမှ စာများ လက်ခံရယူခွင့်နှင့် သူမကို ကူညီ စောင့်ရှောက်နေသူများကို ပြင်ပထွက်ခွင့် အပါအ၀င် တောင်းဆိုချက် အချို့ကို စစ်အစိုးရက လိုက်လျောခဲ့ခြင်းကြောင့် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် အစားအသောက် ပြန်လည်လက်ခံရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု ဦးဥာဏ်ဝင်းက ပြောသည်။

"အာဏာပိုင်တွေက တောင်းဆိုချက် တချို့ကို လိုက်လျောလိုက်လို့ အစားအသောက် ပြန်လက်ခံဖို့ ဆုံးဖြတ်ခဲ့တာ" ဟု ဦးဥာဏ်ဝင်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ကို စောင့်ရှောက်ရန် ဒေါ်တင်တင်ဝင်းနှင့် မ၀င်းပပတို့ အတူရှိနေခဲ့သည်။ နောက်ပိုင်းတွင် စစ်အစိုးရက စောင့်ရှောက်နေသူများကိုပါ ပြင်ပထွက်ခွင့် ပိတ်ပင်ခဲ့သည်။ အစားအသောက် အတွက်တော့ ပါတီဝင်တဦးဖြစ်သူ ကိုမြင့်စိုးက တပတ်တခါ သွားရောက် ပို့ဆောင်ပေးရသည်။

သို့ပေမယ့် သြဂုတ်လ လယ်ကစ၍ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်အနေဖြင့် မည်သည့် အတွက်ကြောင့် အစားအသောက် လက်ခံရန် ငြင်းဆန်ခဲ့ခြင်းအပေါ် ဦးဥာဏ်ဝင်း အနေဖြင့် ရှင်းပြသွားခြင်း မရှိပေ။ ထိန်းသိမ်းခံနေရသည့် ပါတီခေါင်းဆောင်က သူမ၏ တောင်းဆိုချက်များကို ရှေ့နေ ဦးကြည်ဝင်းမှတဆင့် စစ်အစိုးရ သိအောင် တောင်းဆိုခဲ့သည်ဟုတော့ သူက ပြောသည်။ ရှေ့နေသည် ဒေါ်အောင်ဆန်းစုကြည်နှင့် နှစ်လအတွင်း လေးကြိမ်တွေ့ဆုံခဲ့သည်။

အစိုးရက တောင်းဆိုချက်အချို့ လိုက်လျောခဲ့ကြောင်း ကြာသပတေးနေ့က ပြုလုပ်သည့် လေးကြိမ်မြောက် တွေ့ဆုံမှုအပြီး ဦးကြည်ဝင်းက ထုတ်ဖော် ပြောကြားခဲ့သည်။

သူမကို တရားမ၀င် ချုပ်နှောင်ထားမှုအပေါ် ကန့်ကွက် ဆန္ဒပြသောအားဖြင့် အစာငတ်ခံ ဆန္ဒပြနေသည်ဟူသော ကောလာဟလများ စက်တင်ဘာလ အစောပိုင်းက ထွက်ပေါ်ခဲ့သည်။

ထိုကောလာဟလ မဟုတ်မှန်ကြောင်း တင်္နလာနေ့က ဦးဥာဏ်ဝင်းက အတည်ပြု ပြောကြားလိုက်ရင်း "(ဒေါ်အောင်ဆန်းစုကြည်) က သူ အစာငတ်ခံ ဆန္ဒပြတယ်ဆိုတာ မဟုတ်ဘူးဆိုတာကို ရှေ့နေကို ပြောတယ်။ ဒါပေမယ့်လည်း အဲဒီတုံးက အစားနည်းနည်းပဲ စားခဲ့တယ်လို့ ပြောတယ်"

အစားအသောက် အနည်းငယ်သာ စားခဲ့သည့်အတွက် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ယခုအခါ အားနည်းနေပြီး အနားယူရန် လိုအပ်နေသည်ဟု သူက ထပ်ပြောသည်။

"သူ့အနေနဲ့ ကျန်းမာရေး ကောင်းလာတဲ့အခါကြရင် ဦးအောင်ကြည်ကို တွေ့ဆုံလိုပါတယ်ဆိုပြီး ရှေ့နေကို ပြောတယ်" ဟု ဦးဥာဏ်ဝင်းက ပြောသည်။

တင်္နဂနွေနေ့က ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ မိသားစုဆရာဝန် ဒေါက်တာ တင်မျိုးဝင်းကို လက်ခံတွေ့ဆုံခဲ့ပြီး လေးနာရီကျော်ကြာ ဆေးဝါးကုသ စစ်ဆေးမှု ခံယူခဲ့သည်။

ယခုသတင်း ရေးသားချိန်တွင် ဒေါက်တာတင်မျိုးဝင်းထံကို ဆက်သွယ်၍ မရနိုင်သော်လည်း ဦးဥာဏ်ဝင်း အပြောအရ အစိုးရနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ သဘောတူညီချက်အရ တလလျှင် တခါ ဒေါက်တာ တင်မျိုးဝင်း အနေဖြင့် ဆေးကုမှုပေးခွင့် ရမှာ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြသည် လွန်ခဲ့သည့် ၁၉ နှစ်တာကာလအတွင်း ၁၂ နှစ်ကျော်ကြာ အင်းယားလမ်း နေအိမ်တွင် အကျယ်ချုပ်အဖြစ် ကျခံနေခဲ့ရသည်။ နောက်ဆုံး အဖမ်းခံရသည်ကတော့ မေလ ၂၀၀၃ ခုနှစ်က ဖြစ်သည်။ မြန်မာ့ဥပဒေအရ သူမကို ငါးနှစ်ထက်ကျော်ပြီး ဆက်လက် ချုပ်နှောင်ထားခွင့် မရှိဟု သူမ၏ ရှေ့နေနှင့် သူမ၏ ပါတီဝင်များက ပြောနေခဲ့သည်။

သို့သော်လည်း စစ်အစိုးရကတော့ လွန်ခဲ့သည့် မေလက မြန်မာ့ဥပဒေက အမြင့်ဆုံး ခြောက်နှစ်ဆက်တိုက် ချုပ်နှောင်ပိုင်ခွင့် ရှိသည်ဆိုကာ သူမ၏ နေအိမ်အကျယ်ချုပ် သက်တမ်းကို ထပ်မံ တိုးမြှင့်ခဲ့သည်။

1 comments:

Anonymous said...

ကျွန်မမြန်မာနိုင်ငံမှာအနှစ်နှစ်ဆယ်စွန်းစွန်းနေထိုင်ခဲ့ပါသည်။
ဒေါ်အောင်ဆန်းစုကြည်အင်းယားလမ်းတွင်နေထိုင်သည်ဟု
တစ်ခါမျှမကြားဘူးပါ။ ကျမ ၁၇ နှစ်အရွယ်စနေတနင်္ဂနွေနေ့တိုင်းတက္ကသိုလ်ရိပ်သာလမ်းရှိ၊
ယားကန်ကိုနောက်ဖေးပြုထားသောဒေါ်အောင်ဆန်းစုကြည်
၏နေအိမ်ရှေ့တွင်ဒေါ်အောင်ဆန်းစုကြည်၏မိန့်ခွန်းများကို
အပတ်စဉ်နီပါးနားထောင်ခဲ့ဘူးပါသည်။ဒေါ်အောင်ဆန်းစုကြည်
တက္ကသိုလ်ရိပ်သာလမ်းတွင်နေပါသည်။