ခေတ်ပြိုင်-UN/Agencies/ ၃၀ စက်တင်ဘာ ၂၀၀၈။ ။
မြန်မာနိုင်ငံအပေါ် စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့ထားမှုများကို ရုတ်သိမ်းပေးရန် ကုလသမဂ္ဂ အထွေထွေညီလာခံ၌ မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းက တောင်းဆိုလိုက်သည်။
ဦးဥာဏ်ဝင်းက ကုလသမဂ္ဂ အထွေထွေညီလာခံ၌ ယင်းသို့ သုံးနှုန်းတောင်းဆိုလိုက်ခြင်းဖြစ်ပြီး ပိတ်ဆို့မှုများသည် ဥရောပသမဂ္ဂနှင့် အမေရိကန်နိုင်ငံတို့က ‘တဘက်သတ်’ ချမှတ်ထားခြင်းသာဖြစ်သည်ဟု ၎င်းက ရည်ညွှန်းပြောဆိုသည်။
မြန်မာစစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးရန် ငြင်းဆိုနေခြင်း၊ တိုင်းရင်းသားလူမျိုးစုများကို ဆက်လက်ဖိနှိပ်နေခြင်းနှင့် စစ်မှန်သော အမျိုးသားပြန်လည် ရင်ကြားစေ့ရေး လုပ်ငန်းစဉ် များကို မပြုလုပ်သေးခြင်းတို့ကြောင့် အဆိုပါ ပိတ်ဆို့အရေးယူမှုများ ချမှတ်ထားခြင်းဖြစ်သည်။
ဦးဥာဏ်ဝင်းကမူ “ဒီလိုပိတ်ဆို့မှုတွေဟာ တရားမျှတမှုမရှိရုံသာမက ကိုယ်ကျင့်သိက္ခာနဲ့လည်း မညီညွတ်ပါဘူး။ ဒဏ် ခတ်ပိတ်ဆို့မှုဟာ အကျိုးမရှိသလို တိုင်းပြည်တွေရဲ့ ဖွံဖြိုးတိုးတက်မှု အခွင့်အရေးကို ပျက်သုဉ်းစေပါတယ်”ဟုပြောသည်။
ထို့ပြင် မြန်မာနိုင်ငံအတွက်သာမက အခြားနိုင်ငံများအတွက်ပါ စားနပ်ရိက္ခာနှင့် စွမ်းအင်ဖူလုံမှု ပေးစွမ်းနိုင်သည့် မြေယာ နှင့် သဘောဝအရင်းအမြစ်များ မြန်မာနိုင်ငံ၌ အလျှံအပယ်ရှိကြောင်းပါ ဆက်ပြောသည်။ ပိတ်ဆို့မှုများ အမြန်ဆုံးရုတ် သိမ်းသွားသည်နှင့် မြန်မာနိုင်ငံသည် ဒေသဆိုင်ရာ စပါးကျီအဖြစ်သာမက ဒေသအတွက် စွမ်းအင်ရင်းမြစ်ရရှိနိုင်ရာ နိုင်ငံတခုအဖြစ် အမြန်ဆုံးရပ်တည်လာနိုင်မည်ဖြစ်ကြောင်း ဦးဥာဏ်ဝင်းက ပြောသည်။
ယခုနှစ် ဇူလိုင်တွင် အမေရိကန်သမ္မတ ဂျော့ခ်ျဒဗဘျူဘုရှ်က မြန်မာနိုင်ငံမှ သွင်းကုန်များကို ပိတ်ပင်သည့်ဥပဒေအား သက်တမ်းထပ်တိုးလိုက်ရုံသာမက မြန်မာကျောက်မျက်များကို တဆင့်ခံနိုင်ငံများမှတဆင့် အမေရိကန်ဈေးကွက် အတွင်းသို့တင်ပို့နေမှုကိုလည်း တားဆီးရန်ရည်ရွယ်၍ ဥပဒေအသစ်တရပ်အား အတည်ပြုခဲ့သည်။
ထို့အပြင် အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနကလည်း မြန်မာစစ်အစိုးရ (သို့) အစိုးရအရာရှိများက ပိုင်ဆိုင် (သို့) ထိန်းချုပ်ထားသည့် ကျောက်မျက်ရောင်းဝယ်ရေးအပါအ၀င် ကုမ္ပဏီ (၁၀) ခုကို ငွေကြေးဆိုင်ရာပိတ်ဆို့မှုများ ချမှတ် ခဲ့သည်။
အဖွဲ့ဝင် (၂၇) နိုင်ငံပါဝင်သော ဥရောပသမဂ္ဂအဖွဲ့ကလည်း မြန်မာနိုင်ငံမှ ကျွန်းသစ်၊ ကျောက်မျက်နှင့် သတ္တုပစ္စည်းများ အပါအ၀င် ပို့ကုန်တင်ပို့မှုများကို တင်းကျပ်စွာ တိုးမြှင့်ပိတ်ဆို့မှုများ ပြုလုပ်ထားသည်။ ထို့အပြင် မြန်မာစစ်ခေါင်းဆောင် များနှင့် ၎င်းတို့၏ မိသားစုများ၏ ဥရောပရှိ ပိုင်ဆိုင်မှုများကို ထိန်းချုပ်လိုက်ပြီး ပြည်ဝင်ခွင့်ထုတ်ပေးခြင်းကိုလည်း ပိတ် ပင်ထားခဲ့သည်။
Wednesday, October 1, 2008
မြန်မာနိုင်ငံအပေါ် စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှု ရုတ်သိမ်းပေးရန် နအဖ နိုင်ငံခြားရေးဝန်ကြီး တောင်းဆို
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment