Friday, September 26, 2008

စစ်အစိုးရနှင့် နီးစပ်သည့် ပြည်ပအလုပ်အကိုင်ရှာဖွေရေး ကုမ္ပဏီအချို့ မြန်မာအလုပ်သမားများ ထိုင်းနိုင်ငံတင်ပို့ခွင့်ရ

ခေတ်ပြိုင်-မင်းနိုင်သူ/ ၂၆ စက်တင်ဘာ ၂၀၀၈။ ။

ယခင်က မြန်မာအလုပ်သမားများ တရားဝင် ၀င်ရောက် အလုပ်လုပ်ခွင့်မရခဲ့သည့် ထိုင်းနိုင်ငံသို့ အောက်တိုဘာလမှ စတင်၍ မြန်မာအလုပ်သမားများ တရားဝင် သွားရောက်အလုပ်လုပ်ခွင့်ရတော့မည်ဖြစ်ကြောင်း ပြည်ပအလုပ်အကိုင် ရှာဖွေရေး ကုမ္ပဏီတခုက ခေတ်ပြိုင်သို့ ထုတ်ဖော်ပြောဆိုသည်။

မြန်မာအလုပ်သမားများအား ထိုင်းနိုင်ငံသို့ စေလွှတ်ရာတွင် စစ်အစိုးရနှင့် နီးစပ်သည့် ပြည်ပအလုပ်အကိုင်ရှာဖွေရေး ကုမ္ပဏီ (၅) ခုကိုသာ အလုပ်သမားတင်ပို့ခွင့် ပေးခဲ့သည်ဟု စုံစမ်းသိရသည်။

အဆိုပါ အလုပ်သမား တင်ပို့ခွင့်ရ ကုမ္ပဏီ (၅) ခုထဲမှ လုပ်ငန်းရှင်တဦးက “Agent (၅) ခုကိုပဲ ချထားပေးတာပါ။ ဒီဘက်က မြန်မာအလုပ်သမားတွေကို လေကြောင်းနဲ့လည်းပို့မယ်၊ နယ်စပ်ကနေလည်း တရားဝင်ပို့မယ်၊ နယ်စပ်က သွားချင်သူတွေကတော့ ၀န်ဆောင်ခ FEC (၁၀၀) လောက် သက်သာလိမ့်မယ်။ ဒါက (၂) နိုင်ငံ အလုပ်သမားဝန်ကြီး ဌာနတွေရဲ့ တရားဝင် သဘောတူညီချက်နဲ့ လုပ်ဆောင်ခဲ့တာပါ” ဟု ဆိုသည်။

စေလွှတ်ခွင့်ရသော ကုမ္ပဏီများအနေဖြင့် ထိုင်းသို့ သွားရောက် အလုပ်လုပ်ကိုင်လိုသူ မြန်မာအလုပ်သမားများထံမှ ၀န်ဆောင်ခအဖြစ် လေကြောင်းမှဆိုလျှင် FEC (၆၀၀)၊ နယ်စပ်မှဆိုလျှင် FEC (၅၀၀) နှုန်း ကောက်ခံသွားမည်ဖြစ်ကာ မြ၀တီ၊ ကော့သောင်း၊ တာချီလိတ်မြို့တို့တွင်လည်း ၎င်းတို့၏ Sub-Agent များ ခန့်ထားသွားမည်ဖြစ်ကြောင်း သိရသည်။

“ပညာအရည်အချင်း ကန့်သတ်ချက်မရှိပါဘူး။ CE လက်မှတ်လည်း ရှိစရာမလိုဘူး။ အသက် (၁၈) နှစ်ကနေ (၄၀) နှစ် အတွင်း ဖြစ်ရမယ်။ လုပ်ရမှာက စက်ရုံ၊ အလုပ်ရုံတွေမှာဖြစ်ပြီး လောလောဆယ် လူ (၁) သောင်းလောက် ရှာဖွေပေး ရမှာပါ။ အခြေခံလစာ ဘတ် (၅) ထောင်နဲ့ (၆) ထောင်အကြား ရရှိပါမယ်။ OT က သပ်သပ်ပေါ့။ နေစရာပေးမယ်၊ စားတာက ကိုယ့်အစီအစဉ်နဲ့ကိုယ်ပဲ” ဟု အထက်ပါ Agent က ပြောသည်။

ယခုနှစ် သြဂုတ်လမှစတင်၍ အဆိုပါ ကုမ္ပဏီများသည် ထိုင်းသို့ အလုပ်သမားစေလွှတ်နိုင်ရန် အထက်အညာဒေသများမှ လူငယ်များကို စုဆောင်းနေပြီဖြစ်ကြောင်း ကျောက်ပန်းတောင်းမြို့ခံတဦးထံမှ သိရသည်။

“အညာဘက်မှာက နိုင်ငံခြားသွား အလုပ်လုပ်ဖို့ လူလာစုတဲ့လူတွေ ပြတ်တယ်၊ မရှိပါဘူး။ အများအားဖြင့်တော့ မလေး ရှား သွားကြတာများပါတယ်။ အခုလည်း ထိုင်းမှာ တရားဝင်အလုပ်ရမယ်၊ မလေးရှားမှာရမယ့် လစာငွေကြေးနဲ့ အတူ တူရမယ်၊ ထိုင်းအစိုးရကို အခွန်ငွေ ပေးစရာမလိုဘူး၊ မလေးမှာလို LEVY ကြေး ပေးစရာမလိုဘူးဆိုပြီး လာဆွယ်နေတဲ့ လူတွေလည်း ရောက်နေကြပါတယ်” ဟု ကျောက်ပန်းတောင်းမြို့ခံက ပြောသည်။

ထိုင်းနိုင်ငံသည် ၂၀၀၄ ခုနှစ်မှ စတင်ပြီး ထိုင်းနိုင်ငံတွင်းရှိ တရားမ၀င် နိုင်ငံခြားသား အလုပ်သမားများကို တရားဝင် ဖြစ်အောင် နိုင်ငံသားစီစစ်ရေး စီမံချက်ဖြင့် လုပ်ကိုင်နေရာ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား စသည့်နိုင်ငံများမှ အလုပ် သမားများကို မိမိနိုင်ငံသားဖြစ်ကြောင်း သက်ဆိုင်ရာ နိုင်ငံများက ထောက်ခံဖို့ တောင်းဆိုခဲ့သည်။ မြန်မာ စစ်အစိုးရ မှလွဲပြီး အခြားနိုင်ငံများမှ အရာရှိများကို ထိုင်းနိုင်ငံသို့လာရောက်ပြီး ၎င်းတို့အလုပ်သမားများအား မိမိတို့နိုင်ငံသား ဖြစ်ကြောင်း ထောက်ခံချက်ပေးခဲ့သည်။ မြန်မာစစ်အစိုးရဘက်က ထိုင်းမှ တရားမ၀င် အလုပ်သမားအားလုံး မြန်မာနိုင်ငံ့ ပြန်လာပြီးမှ ပြန်သွားဖို့ တောင်းဆိုသော်လည်း ထိုအစီအစဉ် အဆင်မပြေခဲ့ပေ။

နောက်ပိုင်း မြန်မာစစ်အစိုးရက မြ၀တီ တာချီလိပ်စသည့် နယ်စပ်မြို့များမှာ ထိုင်းနိုင်ငံသွားမည့် အလုပ်သမားများ အတွက် ယာယီ ပတ်စ်ပို့များ ထုတ်ပေးမည်ဟု လွန်ခဲ့သည့် တနှစ်ကျော်က ကြေညာခဲ့သော်လည်း အဆိုပါရုံးများ ပြန်ပိတ်သွားသည်ဟု စုံစမ်းသိရသည်။

ထိုင်းနိုင်ငံတွင်း တရားမ၀င် အလုပ်လုပ်နေသည့် မြန်မာအလုပ်သမား အရေအတွက်မှာ ထိုင်းနိုင်ငံရှိ တရားမ၀င် နိုင်ငံခြားသား အလုပ်သမားဦးရေ၏ (၇၅) ရာနှုန်းရှိသည်ဟု လူအခွင်အရေးအဖွဲ့များက ပြောသည်။ အကယ်၍ ထိုင်းနိုင်ငံတွင်း အလုပ်လုပ်ဖို့ ထုတ်ပေးသည့် ယာယီ ပတ်စ်ပို့နှင့်လာသူ မြန်မာအလုပ်သမားများကို ထိုင်းနိုင်ငံ မည်သည့်ပြည်နယ်မဆို သွားရောက်လုပ်ကိုင်ခွင့်ပေးမှာဖြစ်သလို ထိုင်းအလုပ်သမားများရမည့် ခံစားခွင့်ပါပေးမည်ဟု ထိုင်းအလုပ်သမားဝန်ကြီးဌာနက ကြေညာခဲ့သည်။

0 comments: