Sunday, September 14, 2008

လေးဖြူ၏ “ဘင်္ဂလား ပင်လယ်အော်” ထွက်မည်

မဇ္ဈိမ-သဲသဲ၊ စက်တင်ဘာလ ၁၃ ရက် ၂၀၀၈

နယူးဒေလီ။ ။ မြန်မာနိုင်ငံ၏ အကျော်ကြားဆုံး Rock အဆိုတော်တဦး ဖြစ်သည့် လေးဖြူ၏ “ဘင်္ဂလား ပင်လယ်အော်” အမည်ရှိ ၁၃ ခွေမြောက် တကိုယ်တော် တေးစီးရီးသစ် နိုဝင်ဘာလတွင် ထွက်မည် ဖြစ်သည်။

“အခွေက တော်တော်ပြီးနေပြီ၊ လာမဲ့ နိုဝင်ဘာလလောက် ထွက်နိုင်မယ်လို့ ထင်တယ်” ဟု အိုင်းရင်းခရော့စ် (Iron Cross) တေးထုတ်လုပ်ရေးမှ မန်နေဂျာကို အောင်မျိုးထက်က ပြောသည်။

ယခု ထွက်လာမည့် တေးစီးရီး၏ ထူးခြားချက်မှာ ပရိတ်သတ်များကို ယခင် တေးစီးရီးများနှင့် မတူသည့် ပုံစံသစ်ဖြင့် ခံစားနိုင်ရန် စတူဒီယို ခန်းမထဲတွင် အသံသွင်းခြင်း မပြုပဲ ပင်လယ်ကမ်းခြေတွင် တပြိုင်တည်း တီးခတ်သီဆိုကာ တိုက်ရိုက် အသံဖမ်း (Live Recording) ထားခြင်း ဖြစ်ကြောင်း အိုင်းရင်းခရောစ့် တီးဝိုင်းမှ ဘေစ့်ဂစ်တာ တီးခတ်သူ ကိုခင်မောင်သန့်က ပြောသည်။

“စတူဒီယိုက ပစ္စည်းတွေ အားလုံးကို ဖြုတ်သွားတယ်၊ ကျနော်တို့ အပြင်က နေရာတနေရာမှာ ပြန်ဆင်ပြီးတော့ ကြိုတင် မပြင်ဆင်ထားပဲနဲ့ ရသအသစ် ရအောင်လို့ အသံဖမ်းထားတာ” ဟု ကိုခင်မောင်သန့်က မဇ္ဈိမကို ပြောသည်။

ဤတေးစီးရီးသစ်မှာ တီးခတ်သီဆိုခြင်း၊ အသံဖမ်းခြင်း နှင့် ရိုက်ကူးရေး လုပ်ငန်းများကို ရက် ၂ဝ အတွင်း ဧရာဝတီတိုင်း ငွေဆောင်ကမ်းခြေတွင် တပါတည်း ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ယခင် သီချင်းပုံစံများ အတိုင်း ဖြစ်သော်လည်း လေးဖြူ၏ ထူးခြားသည့် စိတ်ကူးအသစ်များဖြင့် ဖန်တီးထားခြင်း ဖြစ်ကြောင်းနှင့် သီချင်းပုဒ်ရေ ၁၂ ပုဒ် သို့မဟုတ် ၁၃ ပုဒ် ပါဝင်မည်ဟု ကိုခင်မောင်သန့်က ပြောသည်။

ဂီတလောကတွင် အထူး အောင်မြင်လျက်ရှိသော အဆိုတော် လေးဖြူသည် တေးစီးရီးများကို ဆက်လက် ထုတ်နေသော်လည်း ၂ဝဝ၅ ခုနှစ်ကုန်ပိုင်းမှ စတင်ကာ စတိတ်ရှိုး သီဆိုခြင်းကို ၃ နှစ်ကျော် ရပ်နားထားရာမှ လွန်ခဲ့သည့် သြဂုတ်လက ရန်ကုန်မြို့ သုဝဏ္ဏ အားကစားကွင်းတွင် ကျင်းပခဲ့သော နာဂစ်ရန်ပုံငွေ စတိတ်ရှိုး၌ ပထမဦးဆုံး စင်ပေါ် ပြန်တက်ခဲ့သည်။

“ကန္တာရလမင်း” တေးစီးရီးဖြင့် မြန်မာ့ ဂီတလောကသို့ စတင်ဝင်ရောက်ကာ “အလင်းရောင်” သီချင်းဖြင့် နာမည်ရလာသော အဆိုတော် လေးဖြူသည် အိုင်စီ တီးဝိုင်းနှင့် တွဲဖက်၍ တကိုယ်တော် တေးစီးရီးပေါင်း ၁၂ ခွေ ထွက်ခဲ့ပြီး ဖြစ်သည်။

ယခု “ဘင်္ဂလား ပင်လယ်အော်” တေးစီးရီးခွေကို အိုင်စီ တေးထုတ်လုပ်ရေးမှ ပင်တိုင် ဖြန့်ချိမည် ဖြစ်ကြောင်း သိရသည်။

0 comments: