Friday, September 12, 2008

စူးစမ်းပြီးမှရေးစေချင်

(ရေးသားသူ - နယ်ခြားမဲ့ မြန်မာဘလော့ဂါများ)

ဤစာ၏ ရည်ရွယ်ချက်မှာ ဈေးကွက်ဂျာနယ်တွင် ဆရာမောင်စူးစမ်း ရေးသားခဲ့သော “ဒါဖြင့်ဘာလုပ်ကြမလဲ၊ စာအုပ်နီ၊ မီဒီယာဂေဟစနစ်” အမည်ရှိ ဆောင်းပါးအပေါ် နယ်ခြားမဲ့ မြန်မာဘလော့ဂါများ၏ သဘောထားနှင့် သုံးသပ်ချက်ကို တင်ပြရန် ဖြစ်ပါသည်။

စက်တင်ဘာ ၁၀ ရက်နေ့တွင် အီးမေးလ်မှ တဆင့်ရောက်လာသော တ၀က်တပျက် ဆောင်းပါးကို ပထမဆုံးအကြိမ် ဖြတ်ခနဲ အကြည့်တွင် ကျယ်လောင်စူးရှသော အသုံးအနှုန်းများ ခုန်ပေါက်ထွက်ကျလာကာ နားရင်းကို ဖြတ်ရိုက်ခံရသကဲ့သို့ မျက်စိများ ပြာဝေ သွားစေခဲ့ပါသည်။ ရေးသူအမည် ဆရာမောင်စူးစမ်း ဆိုသည်ကိုပင် ဟုတ်ပါရဲ့လားဟု အထပ်ထပ်အခါခါ ပြန်ကြည့်မိပါသည်။ ချက်ချင်း တစ်ခုခု တုံ့ပြန်လိုစိတ် ပေါ်လာသော်လည်း ရရှိလာသော ဆောင်းပါးမှာ တ၀က်တပျက်ဖြစ်နေသဖြင့် ဈေးကွက်ဂျာနယ် ၀က်ဘ်ဆိုက်တွင် အပြည့်အစုံ တင်လာသော ဆောင်းပါးကို စောင့်လိုက်ပါသည်။ ထိုဆောင်းပါးကို ယနေ့ သေသေချာချာ ဖတ်ရှုပြီးသောအခါမှ ဤစာကိုပြင်ဆင် ရေးသားလိုက်ကြပါသည်။

ဆရာမောင်စူးစမ်း၏ ဆောင်းပါးသည် သူယခင်က ရေးခဲ့သော ဆောင်းပါးတစ်ခုအပေါ် ဘလော့ဂါ တစ်ဦးက တုံ့ပြန်ပုံကို မကျေနပ်သည့်အတွက် အဓိကထား ရေးသည်ဟု ယူဆရသည်။ စိတ်ဝင်စားဖွယ်ကောင်းသည်မှာ တုံ့ပြန်သူ၏ အရေးအသား အချက်အလက် စသည်တို့ကို ချေပခြင်းမျိုး မဟုတ်ဘဲ ဘလော့ဂါဟူသော လူတန်းစားထဲမှ တစ်ဦးက ဤသို့ တုံ့ပြန်ရကောင်းလားဟု မခံချိမခံသာ ဖြစ်သော စိတ်ခံစားမှုမျိုးဖြင့် ဘလော့ဂါတို့၏ အပြစ်များကိုသာ ကျယ်ကျယ်လောင်လောင် ထောက်ပြ ဝေဖန်ထားခြင်းဖြစ်ပါသည်။

ဤနေရာတွင် ရှေ့မဆက်မီ ပြောလိုသည်မှာ ဆရာမောင်စူးစမ်းသည် အသက်အရွယ်အရရော စာပေသက်တမ်းအရပါ မြန်မာစာပေလောကတွင် သြဇာကြီးမားသူ တစ်ဦးဖြစ်သည်။ ရေးသော စာပေအမျိုးအစားကလည်း စီးပွားရေး နိုင်ငံရေးနှင့် အတွေးအခေါ်ဆိုင်ရာ ဗဟုသုတများကို ဘာသာပြန်ခြင်း သို့မဟုတ် ပညာရှင်ဆန်စွာ သုံးသပ် ရေးသားခြင်း ဖြစ်သောကြောင့် လူကြီးလူငယ် စာဖတ်သူများ၏ လေးစားစွာ ဖတ်ရှုခြင်းကို ခံရပါသည်။ ထိုကဲ့သို့ ပုဂ္ဂိုလ်တစ်ဦး၏ တစ်ခုခုအပေါ် အကဲဖြတ်ချက် သို့မဟုတ် ဝေဖန်ချက် ဖြစ်သည့် စကားတစ်ခွန်းသည် သာမန်လူများထက် ပိုမို ထိရောက် လွှမ်းမိုးနိုင်သည် ဆိုသည်မှာ သံသယဖြစ်ဖွယ် မရှိပေ။

ဆရာမောင်စူးစမ်းသည် ဆောင်းပါး၏ အစပိုင်း၌ ဘလော့ဂ်များ အကြောင်း တင်ပြရာတွင် ကိုယ်ပိုင် သုံးသပ်ချက်ထက် အကိုးအကားများကိုသာ သုံးကာ သတိကြီးစွာဖြင့် ပြောသွားခဲ့ပါသည်။ သူအဓိက အသုံးပြုသွားသော ရည်ညွှန်းချက် နှစ်ခုရှိပါသည်။ တစ်ခုမှာ တရုတ်ပြည် သတင်းစာများမှ သုံးသပ်ချက်နှင့် နောက်တစ်ခုမှာ အမေရိကန် မီဒီယာ ပါရဂူ ဆိုသူတို့မှ ကောက်ချက်တို့ဖြစ်သည်။

မီဒီယာလွတ်လပ်မှု အညွှန်းကိန်းတွင် မြန်မာပြည်နှင့် သူမသာ ကိုယ်မသာ အောက်ခြေတွင် ရှိနေသော ( တရုတ် =၁၆၃၊ မြန်မာ = ၁၆၄၊ အောက်ဆုံးအဆင့် = ၁၆၉ ၊ နယ်စည်းမခြားသတင်းထောက်များအဖွဲ့ www.rsf.org ) တရုတ်ပြည်၏ မီဒီယာမှ သုံးသပ်မှုကို ဆရာမောင်စူးစမ်းက စကားထဲထည့်ကာ ရှေ့တန်းတင်ထားခဲ့သည်မှာ အံ့သြစရာ ဖြစ်သည်။ ထို့အပြင် စိတ်ဝင်စားဖွယ် ကောင်းသည်မှာ ရည်ညွှန်းချက် နှစ်ခုစလုံး၏ ဆိုလိုရင်းသည် ၀က်ဘ်ဆိုက် အွန်လိုင်း ဘလော့ဂ်ဟူသော အရာတို့ကို အဆိုးမြင်နေခြင်းနှင့် ဆောင်းပါး တစ်ခုလုံးတွင်လည်း “သောင်းကျန်း၊ အတင်းအဖျင်း၊ သွားပုတ်လေလွင့်၊ မုသား၊ လက်ကမြင်း၊ ဂျပိုးဆန်” ဟူသော အသုံးအနှုန်းများကို မလျှော့တမ်း သုံးစွဲသွားခြင်းဖြစ်သည်။

လက်ရှိအနေအထားတွင် အွန်လိုင်းမီဒီယာသည် ဆရာမောင်စူးစမ်းပြောခဲ့သလို ဘေးအဖျားမီဒီယာ ဖြစ်သည် ဆိုသည်ကို ငြင်းချက်မထုတ်လိုပါ။ ထိုအထဲတွင် ဘလော့ဂ် အီးမေးလ် စသည့် အမှီအခိုကင်းသော ပုဂ္ဂလိက ဖန်တီးမှုများသည် ပရော်ဖက်ရှင်နယ် မဟုတ်ကြောင်းကိုလည်း အားလုံးအသိပင်ဖြစ်ပါသည်။ သို့သော် ပြောင်းလဲလာသော မီဒီယာ အခင်းအကျင်းတွင် ဘလော့ဂ်များ၏ အရေးပါမှုကို တဖြည်းဖြည်း အသိအမှတ်ပြုလာရသည့် သာဓကများကို ဆရာမောင်စူးစမ်းက ထည့်သွင်းဖော်ပြမှု မရှိခဲ့သည်မှာ စိတ်ဝင်စားစရာ ကောင်းလှပါသည်။ ဆရာမောင်စူးစမ်း မသိခဲ့ပါက သို့မဟုတ် မသိကျိုးကျွံပြုခဲ့ပါက သာဓက အချို့ကို ကောက်နုတ်ပြလိုပါသည်။

စင်္ကာပူနိုင်ငံတွင်လည်း သည်စထရိတ်တိုင်းမ်သတင်းစာကို ထုတ်ဝေနေသည့် Singapore Press Holding က ဘလော့ဂါများအတွက် ဆုများကို ကဏ္ဍအမျိုးမျိုးခွဲကာ ယခုနှစ်မှ စတင်၍ ချီးမြှင့်ခဲ့သည်။ ၀န်ကြီးချုပ် လီရှန်လွန်း အပါအ၀င် အစိုးရ အဖွဲ့ဝင် ၀န်ကြီးများ၊ အစိုးရ ၀န်ကြီးဌာနများ၊ အေဂျင်စီများကလည်း ဘလော့နှင့် ဘလော့ဂါများ၏ အရေးပါပုံကို မျက်ကွယ်ပြုထား၍ မရကြောင်း ဖော်ထုတ်ပြောဆိုလာနေသည်ကို တွေ့ရသည်။

မလေးရှားနိုင်ငံရှိ နာမည်ကျော်ဘလော့ဂါဖြစ်သူ Jeff Ooi သည် ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခြင်း ခံခဲ့ရသည်။ ဤအချက်ကို ကြည့်လျှင် ဘလော့ဂါများထဲတွင် လွှတ်တော်ကိုယ်စားလှယ်ဖြစ်နိုင်သည့် အရည်အချင်း ရှိသူများလည်း ပါဝင်နေကြောင်း တွေ့နိုင်သည်။

အမေရိကန်နိုင်ငံ၌ ၂၀၀၄ တွင် ပြုလုပ်ခဲ့သော ဒီမိုကရက်တစ်ပါတီ၏ လူထုအစည်းအဝေးပွဲတွင် ဘလော့ဂါ ၄၀ ဦးကို ဖိတ်ကြားခဲ့ပြီး ၂၀၀၈ တွင် ဘလော့ဂ်ဂါ ၁၂၀ ဦးကို ဖိတ်ကြားခဲ့ကာ ဘလော့ဂါများအား အခြားသော ပင်မမီဒီယာများ နည်းတူ အခွင့်အရေးပေးခဲ့သည်။ ၂၀၀၄ တွင် ပြုလုပ်ခဲ့သော ရီပတ်ဘလီကန်ပါတီ၏ လူထုအစည်းအဝေးပွဲတွင် ဘလော့ဂါ ၁၂ ဦးကို ဖိတ်ကြားခဲ့ပြီး ၂၀၀၈ တွင် ဘလော့ဂါ ၂၀၀ ဦးကို ဖိတ်ကြားခဲ့သည်။ ၎င်းအချက်ကို ကြည့်ခြင်းအားဖြင့် ဘလော့ဂါများအား အလေးထားပုံကို ထင်ထင်ရှားရှားတွေ့မြင်နိုင်သည်။

ဘလော့ဂ်၏ ဂုဏ်သိက္ခာသည် ဘလော့ဂ်ရေးသူ၏ ဂုဏ်သိက္ခာတွင် မူတည်နေသည်မှာ မှန်ပါသည်။ စုစုပေါင်း အရေအတွက် သုံးထောင်ကျော်စ ပြုလာပြီဖြစ်သော မြန်မာဘလော့ဂ်များ အပါအ၀င် သန်းပေါင်းများစွာသော ကမ္ဘာ့တ၀ှမ်းရှိ ဘလော့ဂ်များတွင် ဂုဏ်သိက္ခာအဆင့်အတန်း အမျိုးမျိုး ရောနှောပါဝင်နေမည်မှာလည်း မြေကြီးလက်ခတ်မလွဲပါ။ သို့သော် လွတ်လပ်သော အင်တာနက်ကမ္ဘာ၏ သဘာဝအရ ဖတ်ရှုသူများ ကိုယ်တိုင်ကလည်း မဖတ်သင့်သည်ကို ကျော်လွှားဖတ်ရှုခြင်း ဖြင့် မိမိတို့အချိန်ကို တန်ဖိုးဖြတ်ကြပါလိမ့်မည်။ သတင်းမှားတစ်ခုကို ဘလော့ဂ်တစ်ခုက တင်ထားလျှင် ထောက်ပြနိုင်ခွင့် ဝေဖန်နိုင်ခွင့် တမဟုတ်ချင်း တုံ့ပြန်နိုင်ခွင့်မှာ ပုံနှိပ်မီဒီယာတွင် မရနိုင်သော အခွင့်အရေးဖြစ်ပါသည်။

ဆရာမောင်စူးစမ်းက ဘလော့ဂ်များမှာ ဆင်ဆာမရှိ ရေစစ် ဖီလ်တာမရှိ ကွပ်ကဲမှုမရှိ ဟုပြောခဲ့ပါသည်။ မှန်ပါသည်။ ဘလော့ဂ်တွင် မည်သည့် စိစစ်ရေးမှ မရှိသည်မှာ အံ့သြစရာ မဟုတ်ပေ။ ဘလော့ဂ်၏ သဘာဝသာ ဖြစ်သည်။ ဘလော့ဂ်ထဲတွင် စောင့်စည်းအပ်သော အခြေခံကျင့်ဝတ်ကို မစောင့်စည်းလျှင် မိမိရေးသောစာ မိမိတာဝန်မယူလျှင် ဝေဖန်ပြစ်တင်ခြင်းကို ခံရမည်။ စာကောင်းပေကောင်း မဟုတ်လျှင်လည်း ကျယ်ပြန့်လှသော အင်တာနက်ထဲတွင် ထိုဘလော့ဂ်ကို မည်သူမှ လာရောက် ဖတ်ရှုကြမည်မဟုတ်။ လွတ်လပ်သော အွန်လိုင်းမီဒီယာတွင် ဈေးကွက်သီအိုရီ၏ ၀ယ်သူလွတ်လပ်စွာ ရွေးချယ်သော ယှဉ်ပြိုင်မှု သဘောသဘာဝကို အထင်အရှား မြင်နိုင်သည်။ ဆရာမောင်စူးစမ်းသည် စိစစ်ရေးကို ဖြတ်မှသာ စာကောင်းပေကောင်း ထွက်နိုင်မည် ဟုများ ဆိုလိုလေသလားဟု မေးလိုပါသည်။ အထူးသဖြင့် မြန်မာဘလော့ဂ်များအတွက် ဤသို့ယူဆနေသည် ဆိုပါက စာပေကင်ပေတိုင်ဟု နာမည်ဆိုးဖြင့် ကျော်ကြားနေသော မြန်မာနိုင်ငံရှိ စာပေစိစစ်ရေးရုံး၏ လက်ရှိ အကဲဖြတ်စိစစ်မှု အရည်အသွေးကို မည်မျှ အားထားသဖြင့် ပြောနေပါသနည်းဟု ထပ်မံ မေးခွန်းထုတ်လိုပါသည်။

ဘလော့ဂ်ထဲမှ အရေးအသားများသည် ပြန်ကြားပေးရန် သတင်းအချက်အလက် သာမက ပညာပေးရန်နှင့် အနုပညာဖန်တီးရန်အတွက်လည်း အရေးပါလှသော လွတ်လပ်သည့် ပလက်ဖောင်းတစ်ခု ဖြစ်သည်ကို ဆရာမောင်စူးစမ်း သတိပြုစေချင်ပါသည်။ ဘလော့ဂ်ရေးသားသူများကို အဆိုးဘက်မှ ကိုးကားချက်များဖြင့်ရော ဘလော့ဂါတိုင်းတွင် ရှိတတ်လေဟန် “ဘလော့ဂါ ဗီဇ” ဆိုသည့် အဓိပ္ပာယ်ဖွင့်ဆိုချက်ဖြင့်ပါ ထောက်ပြထားသော ဆရာမောင်စူးစမ်းသည် ဆရာကြီး ဒေါက်တာ မောင်မောင်ညို၊ ဆရာအောင်ဝေး၊ ဆရာမမေငြိမ်း၊ ဆရာကြီးတင်မိုး၏ သမီး ဆရာမမိုးချိုသင်း အစရှိသော စာရေးဆရာတို့ ၏ ဘလော့ဂ်များနှင့် အခြား နာမည်မကျော်ကြားသော်လည်း အနှောင်အဖွဲ့စိစစ်ရေးမှ ကင်းဝေးသဖြင့် ပြောင်မြောက်သော စာပေများကို ဘလော့ဂ်ထဲတွင် လွတ်လပ်စွာ ဖန်တီးနေနိုင်သူများကို မည်သို့ ယူဆမည်ဟု သိလိုလှသည်။ ဆရာမောင်စူးစမ်းသည် အခြားသော စီးပွားရေး နိုင်ငံရေး အတွေးအခေါ်ဆိုင်ရာ နောက်ဆုံးပေါ် အချက်အလက်များကို ဆောင်းပါးများ မပြတ်ရေး၍ မျက်ခြေမပြတ် ရှိနေခဲ့သော်လည်း ဘလော့ဂ်များ၏ အနေအထားကို နားလည်ရန်အတွက် မျိုးဆက်ကွာဟမှု ရှိနေသည်ဟု မြင်မိပါသည်။ မြန်မာဘလော့ဂ်များ ဤမျှ အနေအထားရောက်လာအောင်နှင့် အွန်လိုင်းမီဒီယာတွင် မြန်မာစာ ရေးခြင်း ဖတ်ခြင်း ထွန်းကားလာအောင် ပြည်တွင်း ပြည်ပ လူငယ်များ မည်မျှ အားထုတ်ခဲ့ရသည်ကို သတိပြုမိဟန်မတူ။ တခေတ်ဆန်းလာသော အွန်လိုင်းမီဒီယာနှင့် မြန်မာဘလော့ဂ်များ နိုင်ငံတကာ ဘလော့ဂ်များကို သေသေချာချာ ဖတ်ရှုဖူးဟန် မတူ။ ဖတ်ရအောင်လည်း အင်တာနက် သုံးစွဲရန် အခွင့်အရေး လုံလုံလောက်လောက် ရဟန်မတူ။

အနှစ်ချုပ်ဆိုရသော် မည်သို့ပင် အကိုးအကားပြကာ သတိထား ရေးသားခဲ့စေကာမူ ဆရာမောင်စူးစမ်း၏ ဆောင်းပါး တစ်ခုလုံးကို ခြုံငုံဖတ်ရှုလျှင် ဘလော့ဂ်များ နှင့် အွန်လိုင်းမီဒီယာ ဆိုသည်မှာ လက်ကမြင်းသူများ ရေးသားသော အတင်းအဖျင်းလွှမ်းမိုးရာ ဟူ၍သာ စာဖတ်သူများ၏ စိတ်ထဲတွင် အနည်းနှင့်အများ မှတ်ယူကြတော့မည် ဖြစ်သည်။ မြန်မာနိုင်ငံတွင် ရေငတ်သလို ငတ်မွတ်နေသည့် လွတ်လပ်မှု၏ တံခါးပေါက်တစ်ခု ဖြစ်သော သီးပွင့်ခါစ ဘလော့ဂ်ရေးသားခြင်း ယဉ်ကျေးမှုကို ဆရာမောင်စူးစမ်းကဲ့သို့ စာပေသြဇာ ကြီးမားသူတစ်ဦးအနေဖြင့် အားပေးထောက်ခံခြင်း အလျဉ်း မရှိသည့်အပြင် ကဲ့ရဲ့ရှုံ့ချလိုက်သည်မှာ လူငယ်များ၏ စာရေးလိုစိတ်၊ လွတ်လပ်စွာထုတ်ဖော်လိုစိတ်နှင့် အနာဂတ် မျှော်လင့်ချက်များကို ရိုက်ချိုးချလိုက်သကဲ့သို့ ဖြစ်နေသလို ဘလော့ဂ်ဖတ်သူများ၏ အဆင့်အတန်းနှင့် ရင့်ကျက်မှုကိုလည်း လျှော့ပေါ့တွက်လိုက်သလို ဖြစ်နေပါသည်။

ထို့ကြောင့် ဆရာမောင်စူးစမ်းအနေဖြင့် အွန်လိုင်းမီဒီယာနှင့် ဘလော့ဂ်တို့၏ သဘောသဘာဝကို မသိခဲ့၍ ဤသို့ရေးမိခဲ့သည်ဟု ဆိုပါလျှင် သေသေချာချာ စူးစမ်းပြီးမှ အပြုသဘော ဆောင်ကာ အကောင်းအဆိုးကို သမာသမတ်ကျကျ ထောက်ပြစေချင်ပါသည်။ သို့သော် သိပါလျှက်ဖြင့် ပုဂ္ဂလိက စိတ်ခံစားမှုတခုကို အခြေခံ၍ဖြစ်စေ၊ တစုံတခုသော လွှမ်းမိုးမှုကြောင့် ဆရာမောင်စူးစမ်း၏ ရည်တည်ချက်ကို ဖော်ပြလို၍ဖြစ်စေ၊ ရေးသားခဲ့ပါမူ ဆရာမောင်စူးစမ်း၏ ဆောင်းပါးသည်လည်း သူ၏ ယခုလက်ရှိ ဘ၀ဖြစ်တည်မှု အကျပ်အတည်း existential crisis ကို ညွှန်းနေပါသည် ဟုသာ ကောက်ချက်ချရပါတော့မည်။

နယ်ခြားမဲ့ မြန်မာဘလော့ဂါများ
Burmese Bloggers w/o Borders
http://bbwob.blogspot.com

ရည်ညွှန်း -

ဈေးကွက်ဂျာနယ်မှ ဆရာမောင်စူးစမ်း၏ ဆောင်းပါး (http://www.zaygwet.com/581/02/2.htm)
၂၀၀၇ မီဒီယာလွတ်လပ်မှု အညွှန်းကိန်း (http://www.rsf.org/article.php3?id_article=24025)
စင်္ကာပူတူဒေးသတင်းစာ (http://www.todayonline.com/articles/271861.asp)
အေပီ သတင်း (http://asia.news.yahoo.com/080827/ap/d92qg0o00.html)
A blogger takes office in Malaysia (http://features.csmonitor.com/innovation/2008/08/28/a-blogger-takes-office-in-malaysia/)

0 comments: