Wednesday, August 6, 2008

ရှစ်လေးလုံးအရေးတော်ပုံကြီးရဲ့ ဂုဏ်ရောင် ထာဝရ ထွန်းပြောင်ပါစေ

ဝင်းတင့်ထွန်း

၈ - ၈ - ၈၈ မှ
၁၈ - ၉ - ၈၈ နေ့အထိ
၁၃၅၀ပြည့် အရေးတော်ပုံ
ရှစ်လေးလုံးအရေးတော်ပုံ -
ဒီ အရေးတော်ပုံကြီးရဲ့ ဂုဏ်ရောင်ဟာ
စစ်အာဏာရှင်တွေ ဘယ်လိုဖြို ဖြို
ဘယ်တော့မှ မပြိုပျက်
ဆက်လက်ပြီးပဲ ရှင်သန်
သမိုင်းတွင် ကျန်ရစ်ခဲ့မှာ သေချာတယ် ။

ဒီအရေးတော်ပုံကြီးဟာ
ဗမာပြည်ရဲ့ သမီးသား
ခွပ်ဒေါင်းများက စတင်လိုက်
လူထုတိုက်ပွဲပေါင်းစုံတို့ရဲ့ စုစည်းရာ
သမိုင်းဝင် မဟာအရေးတော်ပုံကြီး ဖြစ်ပါတယ် ။

ဒီအရေးတော်ပုံကြီးဟာ
သမိုင်းဂုဏ် အလွန်မြင့်မား
စံထားရမယ့် မှတ်ကျောက်နီ ။

ဒီအရေးတော်ပုံကြီးဟာ
အာဇာနည်များစွာကို မွေးဖွား
သွေးနဲ့ရေးထားရတဲ့ မော်ကွန်းရှည် ။

ဒီအရေးတော်ပုံကြီးကနေ
အမိမြေ ရဲ့ ဒီမိုကရေစီရေး
ဟစ်ကြွေး ရှေ့ရှု နိုင်ခဲ့တယ် ။

ဒီအရေးတော်ပုံကြီးကနေ
လူတန်းစားအထွေထွေရဲ့ ဆန္ဒ
ဖေါ်ထုတ်ပြရာ အစုအစည်း
သမဂ္ဂ အသီးသီး ပေါ်ထွန်းလာခဲ့တယ် ။

ဒီအရေးတော်ပုံကြီးကနေ
ဒီရေ ပမာအလား
နိုင်ငံရေးပါတီ များစွာ
မွေးဖွားပေးခဲ့တယ် ။

ဒီအရေးတော်ပုံကြီးကနေ
ခွပ်ဒေါင်းတွေရဲ့ မူလ
ဗကသ
တကသ
ရကသ တို့အပြင်
သမိုင်းစဉ်မှာ မရှိဖူးသေး
အခြေခံပညာရေးကျောင်းသားများသမဂ္ဂ
အကသ ကို မွေးဖွားပေးခဲ့တယ် ။

ဒီအရေးတော်ပုံကြီးကနေ
ခွပ်ဒေါင်းတွေအတွက်
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး
ABSDF
ကျောင်းသားလက်နက်ကိုင်တပ်မတော်
ထွန်းပေါ် ပေါက်ဖွားလာခဲ့တယ် ။

ဒီအရေးတော်ပုံကြီးဟာ
ဗမာ့သမိုင်းသာမက
ကမ္ဘာ့သမိုင်းအထိ မှတ်တမ်းဝင်
မော်ကွန်းတင်ထားရမယ့် အရေးတော်ပုံကြီးဖြစ်ပါတယ်။

ဒီအရေးတော်ပုံကြီးရဲ့ ဂုဏ်ရောင်ကို
ဘယ်အချောင်သမား ဘယ်အုပ်စိုးသူ
ဘယ်ဖေါက်ပြန်သူကမှ ချေ ဖျက်မရ
အ၀င်းပဆုံး ထွန်းတောက်
သမိုင်းတလျောက် ထာဝစဉ်
ဥဒါန်းတွင်ရစ်ပါစေသောဝ် ။ ။

ဝင်းတင့်ထွန်း

( မှတ်ချက်။ ၁၉၉၅ ခုနှစ်က၊ တက္ကသိုလ်စိန်ရတု အထိမ်းအမှတ်အဖြစ်၊
ဗကသများအဖွဲ့ချုပ်မှ ထုတ်ဝေ ဖြန့်ချိခဲ့တဲ့ ‘ခွပ်ဒေါင်းတို့ရဲ့ တွန်ကျူးသံ’
လုံးချင်းကဗျာစာအုပ်မှ ၈၈၈၈ ရှစ်လေးလုံးအရေးတော်ပုံ အပိုင်းကဏ္ဍပါ ကဗျာပိုဒ်များကို
ထုတ်နှုတ်ပြီး၊ ရှစ်လေးလုံးအရေးတော်ပုံ အနှစ်(၂၀)မြောက်ကို အထိမ်းအမှတ်
ပြုလိုက်ခြင်းဖြစ်ပါတယ်။ )

နေ့သစ်ဝက်ဘ်ဆိုက်မှ ကူးယူဖော်ပြပါသည်။

3 comments:

yannaing said...

၈၈ မျိုးဆက်ရဲ့ အ က သ အဖွဲ့ဝင်ဟောင်းဖြစ်ရတဲ့
အတွက်ဂုဏ်ယူလို့မဆုံးပါ

Myo Win Zaw said...

၈၈ ဆိုတာ အာဏာရှင်တွေအတွက်အရိပ်ဆိုး

Myo Win Zaw said...

ရန်ကုန်တိုင်း အခြေခံပညာ ကျောင်းသားသမဂ္ဂ ဟာ ၈၈ ရဲ့မျိုးဆက် အာဏာရှင်အတွက် သေမင်း ပြည်သူတွေထဲ ပြည်သူကျောင်းသားတွေ