Thursday, July 3, 2008

ရန်ကုန်မြို့ ဗုံးပေါက်ကွဲမှုမှာ သူတို့လက်ချက် ဖြစ်ကြောင်း စစ်သည်တော်များအဖွဲ့က ပြောကြား

မဇ္ဈိမ၊ ဂျူလိုင်လ ၃ ရက် ၂၀၀၈ ခုနှစ်

နယူးဒေလီ။ ။ မြန်မာနိုင်ငံ မြို့တော်ဟောင်း ရန်ကုန်မြို့တွင် တနင်္လာနေ့က ဖြစ်ပွါးခဲ့သည့် ဗုံးပေါက်ကွဲမှုမှာ သူတို့လက်ချက် ဖြစ်ကြောင်း မြန်မာနိုင်ငံ စွမ်းအားမြှင့် စစ်သည်တော်များအဖွဲ့ (VWSB) က ယနေ့ အင်္ဂါနေ့က ပြောကြားလိုက်သည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးရုံးတွင် ဗုံးဖေါက်ခွဲမှု တရပ်ကို ဂျူလိုင်လ (၁) ရက်နေ့ တနင်္လာနေ့က သူတို့ ပြုလုပ်ခဲ့ကြောင်း ပြည်ပ အတိုက်အခံ တဦး၏ ဘလော့ဂ် စာမျက်နှာတွင် (VWSB) က ကြေညာချက်တရပ် ထုတ်ပြန်၍ ပြောကြားခဲ့သည်။

“စွမ်းအားမြှင့်အဖွဲ့ (VWSB) ၏ စစ်ဆင်ရေးများကို ဆက်လက် ဆောင်ရွက်သည့် အနေဖြင့် ရန်ုကုန် ရွှေပြည်သာရှိ ကြံ့ဖွံ့ရုံးကို မိမိတို့၏ အမှတ် (၁၈) တပ်ဖွဲ့က တိုက်ခိုက်ခဲ့ကြောင်း” ဖြင့် မြန်မာဘာသာဖြင့် ထုတ်ပြန်ထားသော ကြေညာချက်ကို ဒေါက်တာလွဏ်းဆွေ ဘလော့ဂ်စာမျက်နှာ http://drlunswe.blogspot.com/ တွင် ဖေါ်ပြထားသည်။

စွမ်းအားမြှင့် မြန်မာကျောင်းသား စစ်သည်တော်များသည် မြန်မာ စစ်အာဏာပိုင်များအား ဆန့်ကျင် တိုက်ပွဲဝင်လျက်ရှိ ရာ ရန်ကုန်မြို့လယ် အေဘီစီ စားသောက်ဆိုင်ရှေ့တွင် ရပ်ထားသည့် (USDA) ကားကို ဧပြီလ ၂ဝ ရက်နေ့က ဗုံး ၂ လုံးခွဲ တိုက်ခိုက်ခဲ့မှုသည်လည်း မိမိတို့ လက်ချက်ဖြစ်ကြောင်းဖြင့် အဆိုပါ ကြေညာချက်က ဆက်လက် ဖေါ်ပြထားသည်။

မြန်မာနိုင်ငံ စီးပွါးရေး မြို့တော် ရန်ကုန်မြို့တွင် လှုပ်ရှားလျက် ရှိသည်ဟုဆိုသော စွမ်းအားမြှင့် မြန်မာကျောင်းသား စစ်သည်တော်များကို ဤ ကြေညာချက်နှင့် စပ်လျဉ်း၍ အတည်ပြုနိုင်ရန် ဆက်သွယ်ရာ ဆက်သွယ်၍ မရခဲ့ပါ။

ကျောင်းသား စစ်သည်တော်များအဖွဲ့၏ အမှန်တကယ် တည်ရှိမှုကို သက်သေ မပြနိုင်သော်လည်း စစ်အစိုးရက မြန်မာနိုင်ငံကို ဆက်လက် အုပ်စိုးနေမှုအား သူတို့သာလျှင် အမှန်တကယ် ဆန့်ကျင် တိုက်ခိုက်နေကြသူများ ဖြစ်ပြီး ဆက်လက် တိုက်ခိုက်သွားရန် သံန္နိဌာန် ချမှတ်ထား သည်ဟု အဆိုပါ ကြေညာချက်တွင် ဆက်လက် ဖေါ်ပြထားသည်။

“စစ်အစိုးရ၏ နိုင်ငံရေး၊ စစ်ရေး၊ စီးပွါးရေး လုပ်ငန်းများကို ဤသို့ စစ်ဆင် တိုက်ခိုက်ရာတွင် အပြစ်မဲ့သော အရပ်သားများ ထိခိုက်နစ်နာမှု မရှိစေရန် ကတိပြုသည်” ဟုလည်း အဆိုပါ ကြေညာချက်တွင် ဖေါ်ပြထားသည်။

၂ဝဝ၄ ခုနှစ် ဒီဇင်ဘာလက ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်း ပင်နိုရားမား (Panorama) စားသောက်ဆိုင်တွင် လူသေဆုံးခဲ့ရသည့် ဗုံးပေါက်ကွဲမှု အပါအဝင် အလားတူ ဗုံးပေါက်ကွဲမှုများသည်လည်း သူတို့လက်ချက် ဖြစ်ကြောင်းဖြင့် (VWSB) က ယခင်ကလည်း အလားတူ ကြေညာခဲ့ဖူးသည်။

သို့သော် စစ်အစိုးရကမူ ဤဗုံးပေါက်ကွဲမှုနှင့် စပ်လျဉ်း၍ မည်သူ့ လက်ချက်ဖြစ်ကြောင်း တရားဝင် ထုတ်ဖေါ်စွပ်စွဲခြင်း ယခုထိ မရှိသေးပါ။ “အာဏာပိုင်များက ဤအဖြစ်အပျက်ကို စုံစမ်းနေသည်” ဟုသာ စစ်အစိုးရထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖေါ်ပြထားသည်။

သို့သော် “အများပြည်သူ သွားလာလျက်ရှိသော နေရာများတွင် အသွင်အမျိုးမျိုးယူ၍ လှုပ်ရှားနေသော အဖျက်အမှောင့် သမားများကို အထူး သတိထား စောင့်ကြည့်ရန်နှင့် တွေ့ရှိပါက သက်ဆိုင်ရာ တာဝန်ရှိသူများထံ အချိန်မီ သတင်းပေးပို့ တိုင်ကြားကြရန်” အဆိုပါ သတင်းစာက ပြည်သူလူထုကို တိုက်တွန်း နှိုးဆော်ထားပါသည်။

0 comments: