Tuesday, July 1, 2008

ဝေါလေခီးတွင် တိုက်ပွဲဖြစ်၊ ကရင်တပ်သားတဦး ကျဆုံး

မဇ္ဈိမ၊ ၃၀ ရက် ဇွန်လ ၂၀၀၈

ချင်းမိုင်။ ။ နအဖ စစ်အစိုးရ ပူးပေါင်းတပ်နှင့် ကရင်လွတ်မြောက်ရေး တပ်မတော်အကြား ယနေ့ နံနက်ပိုင်းက ကရင်ပြည်နယ် ကော့ကရိတ် မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားရာ ကရင်တပ်သားတဦး ကျဆုံးခဲ့သည်။

ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) ၏ ကော့ကရိတ်မြို့နယ်အတွင်းရှိ ဝေါလေခီးဒေသမှ တပ်စခန်းတခုအား နအဖ တပ်နှင့် ကရင်အဖွဲ့ကွဲတခုဖြစ်သည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်မတော် (DKBA) ပူးပေါင်းတပ်ဖွဲ့က ယနေ့နံနက် ၄ နာရီခန့်တွင် လာရောက်တိုက်ခိုက်ရာ KNLA တပ်သားတဦး ကျဆုံးပြီး တဦး ဒဏ်ရာ ရသွားခဲ့ခြင်း ဖြစ်သည်။

“တိုက်ပွဲ အခြေအနေကတော့ ဒီဘက်က တယောက် ဖမ်းမိပြီးတော့ တယောက် ကျတယ်။ အဲဒါနဲ့ပဲ ပြီးသွားတာပေါ့” ဟု KNLA ၏ နိုင်ငံရေး ဦးဆောင်အဖွဲ့ ဖြစ်သည့် ကရင် အမျိုးသားအစည်းအရုံး (KNU) ဗဟို သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ပဒို စောလှငွေက မဇ္ဈိမကို ပြောသည်။

ဝေါလေခီး ဒေသသည် ထိုင်း-မြန်မာ နယ်စပ်မြို့ မဲဆောက်၏ တောင်ဘက် ၄၅ ကီလိုမီတာခန့် အကွာအဝေးတွင် တည်ရှိသည်။

နှစ်ဖက်တိုက်ပွဲသည် ၂ နာရီခန့် ကြာမြင့်ခဲ့ပြီး ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည့် နအဖ နှင့် DKBA ပူးတွဲတပ်သည် အင်အား ၄ဝ ခန့် ပါဝင်ကာ KNLA တပ်သား ၇ ဦးခန့်သာ ရှိခဲ့သည်ဟု ပဒိုစောလှငွေက ပြောသည်။

ဝေါလေခီးစခန်းသည် စခန်းဟောင်း တခုဖြစ်ပြီး လက်ရှိအချိန်တွင် နအဖ စစ်အစိုးရဘက်က သိမ်းပိုက်ထားသည် သို့မဟုတ် ပြန်လည် ဆုတ်ခွါသွားသည်ကိုမူ အတိအကျ မသိသေးကြောင်း KNU က ပြောသည်။

0 comments: