Sunday, June 8, 2008

လူရွှင်တော် ဇာဂနာ အဖမ်းခံရ

ကိုသက် | ဇွန် ၅၊ ၂၀၀၈
[Source - Irrawaddy]

လေဘေးကယ်ဆယ်ရေးလုပ်ငန်းများကို တက်ကြွစွာလုပ်ကိုင်နေသည့် နိုင်ငံကျော် လူရွှင်တော်ကြီး ဇာဂနာအား အာဏာပိုင် တို့က ယမန်နေ့ည ဒေသစံတော်ချိန် ၁၀ နာရီခွဲခန့်တွင် နေအိမ်၌လာရောက်ဖမ်းဆီးသွားကြောင်း ကိုဇာဂနာ၏ အသိုင်း အ၀န်းမှတဆင့် သိရသည်။

လူရွှင်တော် ဇာဂနာအား ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်ရှိ ၎င်း၏နေအိမ်တွင် ၀င်ရောက်ရှာဖွေဖမ်းဆီးစဉ်က လေဘေး ကယ်ဆယ်ရေးလုပ်ငန်းများကို မှတ်တမ်းတင်ထားသည့် စီဒီ ဓာတ်ပြားတချပ်၊ ရမ်ဘို အပိုင်း ၄ ရုပ်ရှင်ဓာတ်ပြား၊ စိန်စီ သောည စီဒီဓာတ်ပြား၊ ကွန်ပျူတာ Hard Disk တလုံး၊ အမေရိကန်ဒေါ်လာ တထောင်နှင့် FEC ၃၀ တို့ကို အာဏာ ပိုင်တို့က တပါတည်းသိမ်းဆည်းသွားသည်ဟု ကိုဇာဂနာ၏ လုပ်ဖော်ကိုင်ဖက်တဦးက ဧရာဝတီကို ပြောသည်။

“အိမ်ကိုဝင်ရှာတာ ၉ ယောက် လောက်ရှိတယ်။ ရပ်ကွက် အာဏာပိုင်၊ အက်စ်ဘီ၊ စရဖ အကုန်ပါတယ်။ မေးစရာရှိလို့ ၂ ရက်လောက်ကြာမယ်လို့ ပြောသွားတယ်” ဟု ကိုဇာဂနာ၏ လုပ်ဖော်ကိုင်ဖက်က ပြောသည်။

လူရွှင်တော်ဇာဂနာအား မည်သည့်အကြောင်းကြောင့် ဖမ်းဆီးသွားသည်ကိုမူ အာဏာပိုင်တို့က ကိုဇာဂနာ၏ မိသားစုဝင်များကိုပင် ပြောဆိုသွားခြင်း မရှိပေ။

ကိုဇာဂနာ၏ မိတ်ဆွေတဦးကလည်း “နှစ်ခုဖြစ်နိုင်တယ်ဗျ … တခုက ဘယ်ကငွေတွေနဲ့ လေဘေးကိစ္စမှာ လှူနေတယ် ဆိုတာမေးမလို့၊ ဒါမှမဟုတ်ရင် စစ်အစိုးရ သတင်းစာထဲက ဖား၊ ငါးရိုက်စားလို့ ရတယ်ဆိုတဲ့ ဆောင်းပါးကို သရော်လို့ …” ဟု မှတ်ချက်ပေးသည်။

လူရွှင်တော် ဇာဂနာသည် မေလ ၃ ရက်နေ့ နာဂစ်မုန်တိုင်း တိုက်ခတ်အပြီး ၄ ရက်အကြာကစ၍ လေဘေး ကယ်ဆယ်ရေး လုပ်ငန်းများကို အနုပညာရှင်ပေါင်းများစွာတို့ဖြင့် တက်ကြွစွာ လုပ်ကိုင်ခဲ့သူဖြစ်သည်။ မုတ်တိုင်းတိုက်ခတ်အပြီး တလခန့် အကြာတွင် ကိုဇာဂနာနှင့် ၎င်း၏လုပ်ဖော်ကိုင်ဖက် ၄၀၀ ကျော်တို့သည် ကယ်ဆယ်ရေးအပြင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကိုပါ ပူးတွဲလုပ်ကိုင်လျက် ရှိသည်။

လူရွှင်တော် ဇာဂနာ၏ လုပ်ဖော်ကိုင်ဖက်များက လေဘေးကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်း များကို ဆက်လက်လုပ်ကိုင်သွားကြမည်ဟု ပြောဆိုကြသည်။

နိုင်ငံရေးပြက်လုံးများနှင့် နိုင်ငံရေးလှုပ်ရှားမှုများကြောင့် လူရွှင်တော် ဇာဂနာသည် အာဏာပိုင်တို့၏ ဖမ်းဆီးခြင်းကို ကြိမ်ဖန် များစွာခံခဲ့ရသည့်အပြင် အနုပညာလုပ်ငန်းများလုပ်ပိုင်ခွင့်ကိုလည်း ၂၀၀၆ ခုနှစ် မေလကတည်းက အကန့်အသတ်မရှိ အပိတ်ခံထားရသူ ဖြစ်သည်။
အမေရိကန်နိုင်ငံတွင် အခြေချနေထိုင်သည့် ကိုဇာဂနာ၏ ပရိသတ်တဦးက “သူက ဒုက္ခသည်တွေကိုကူနေတယ်။ အာဏာ ပိုင်တွေက ပြည်တွင်း၊ ပြည်ပက အကူအညီမှန်သမျှကို နည်းမျိုးစုံနဲ့ အဆင်မပြေတာတွေဖြစ်အောင် လုပ်နေတယ်ဆိုတော့ ကိုဇာဂနာကို ဖမ်းတာဟာ ဒုက္ခသည်တွေကို တက်တက်ကြွကြွ ကူညီနေလို့ဖမ်းတာ ဖြစ်မယ်ထင်ပါတယ်။ တခြား အနုပညာ သည်တွေကိုလည်း ကြောက်သွားအောင်၊ ဆက်ပြီးမကူရဲအောင် လုပ်ပြလိုက်ပုံရတယ်” ဟု ဧရာဝတီကို ပြောဆိုသည်။

0 comments: