Tuesday, June 17, 2008

မြန်မာလယ်သမားများ လောင်စာဆီ အရေးတကြီးလိုအပ်ဟု ကုလ ပြော

NEJ/ ၁၆ ဇွန် ၂၀၀၈

ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွင် နာဂစ်ဆိုင်ကလုန်းကြောင့် ကျွဲနွားများသေဆုံးခဲ့ရသည့် နေရာတွင် အစားထိုးသုံးစွဲမည့် လယ်ထွန်စက်များ မောင်းနှင်နိုင်ရန်အတွက် ဒီဇယ်ဆီ အရေးပေါ် လိုအပ်နေသည်ဟု ကုလသမဂ္ဂ အကြီးတန်းအရာရှိတဦးက ပြီးခဲ့သည့် သောကြာနေ့တွင် ပြောကြားသည်။

အမေရိကန်ပြည်ထောင်စု၏ အကူအညီများကို ယုံကြည်စိတ်ချ၍မရဟု စစ်အစိုးရ သတင်းစာများ တွင် ဖော်ပြခဲ့ပြီးသည့်နောက် ကုလသမဂ္ဂ လက်ထောက်အတွင်းရေးမှူးချုပ်၊ အာရှရုံးချုပ် အကြီး အကဲဖြစ်သည့် နိုးလင်းဟေဇာက ဒီဇယ်ကိစ္စကို ပြောကြားလိုက်ခြင်းဖြစ်သည်။

အရှေ့တောင်အာရှနိုင်ငံများ၊ နိုင်ငံရပ်ခြားမှ အလှူရှင်များနှင့် လောင်စာဆီထုတ်လုပ်သည့် နိုင်ငံ များအား ဒီဇယ်ဂါလန် (၁) သန်း မြန်မာနိုင်ငံအတွက် ထောက်ပံ့ပေးရန် နိုးလင်းဟေဇာက တောင်းဆိုလိုက်သည်။

ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံနှင့် အခြားနိုင်ငံများမှ လှူဒါန်းထားသော လယ်ထွန်စက် (၅,၀၀၀) အား မောင်းနှင်ရန် လောင်စာဆီလိုအပ်ကြောင်း မြန်မာ့စိုက်ပျိုးရေးဝန်ကြီး ဗိုလ်ချုပ်ဌေးဦးက ဟေဇာကို ယခုတပတ်အတွင်း ပြောကြားခဲ့ခြင်းဖြစ်ကြောင်း အေပီသတင်းတွင် ဖော်ပြခြင်းဖြစ်သည်။

“လောင်စာလိုအပ်နေတာက အရမ်းကို အရေးတကြီးဖြစ်နေတယ်။ ရနိုင်မယ့် အခွင့်အလမ်း ကလည်း နည်းတယ်။ မြစ်ဝကျွန်းပေါ်ဒေသမှာ စပါးစိုက်တဲ့ရာသီက ဇွန်လနဲ့ ဇူလိုင်လ အတွင်း ဖြစ်နေတော့ အဲဒီလတွေ ကျော်သွားရင် တော်တော်နောက်ကျသွားမယ်။ နောက်ကျရင် မြန်မာပြည်တွင်းနဲ့ အဲဒီဒေသတွေမှာ စားနပ်ရိက္ခာ လိုအပ်မှု အကျိုးဆက်တွေက တော်တော် ဆိုးသွားမယ်”ဟု ဟေဇာက ပြောသည်။

အမေရိကန် စိုက်ပျိုးရေးဌာနကလည်း မုန်တိုင်းထိသည့် ဧရိယာသည် မြန်မာနိုင်ငံ ဆန်စပါး ထုတ် လုပ်မှု၏ (၆၀) ရာခိုင်နှုန်းခန့် အကြမ်းဖျင်းရှိနေသည်ဟု ထုတ်ပြန်ပြောဆိုထားသည်။

“၂၀၀၈-၂၀၀၉ နှစ်အတွက် စပါးထွက်နှုန်းကတော့ တော်တော်ကြီးကို မသေမချာ ဖြစ်နေတယ်။ ဇူလိုင်လ နှောင်းပိုင်းဆို စပါးစိုက်မယ့်ရာသီ ကုန်ပြီ။ ပျက်စီးသွားတဲ့ လယ်ယာတွေနဲ့ အခြေခံ အဆောက်အအုံတွေကို ပုံမှန်အတိုင်းဖြစ်အောင် ဘယ်လိုမှ မလုပ်ဆောင်နိုင်သေးဘူး။ လယ်သမား တွေကိုလည်း သင့်တင့်တဲ့ ရိက္ခာ ထောက်ပံ့မှုတွေ၊ မျိုးစပါးတွေ၊ ကိရိယာတွေ၊ ကျွဲနွား အစားထိုး စက်ပစ္စည်းတွေနဲ့ လောင်စာတွေလည်း ထောက်ပံ့ဖို့ လိုနေသေးတယ်” ဟုလည်း ဖော်ပြထား သည်။

မြန်မာ ဆိုင်ကလုန်း ဒုက္ခသည်များအတွက် ဒေါ်လာသန်းပေါင်းများစွာ လှူဒါန်းခဲ့သော်လည်း စစ်အစိုးရက နိုင်ငံခြားမှ သဘာဝဘေးအန္တရာယ် အထူးကျွမ်းကျင်သူ အများအပြားကို လက်ခံ လိုခြင်းမရှိဘဲ မုန်တိုင်းအထိနာသည့် မြစ်ဝကျွန်းပေါ်ဒေသသို့ သွားရောက်ရေးတွင်လည်း တင်းကျပ်မှုများ ပြုလုပ်ခဲ့သည်။

မြန်မာ စစ်ဗိုလ်ချုပ်များသည် အမေရိကန်ပြည်ထောင်စုမှ အကူအညီများ အထူးသဖြင့် ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသများမှ သွားလာရေးခက်ခဲ့သည့် ဒေသများသို့ ရေတပ်ကိုအသုံးပြုပြီး ရဟတ်ယာဉ်များနှင့် ရိက္ခာပို့ဆောင်ပေးမည်ဆိုသည့် ကမ်းလှမ်းချက်ကို ပယ်ချခဲ့သည်။

မြန်မာနိုင်ငံအား စစ်သင်္ဘောများဖြင့် ကူညီချင်သည်ဆိုသည့် အင်အားကြီးအနောက်နိုင်ငံတခု၏ စေတနာသည် သွေးရိုးသားရိုး စေတနာမဟုတ်ဟု စစ်အစိုးရသတင်းစာဖြစ်သည့် မြန်မာ့အလင်း သတင်းစာမှ အမေရိကန်အကူအညီနှင့် ပတ်သက်ပြီး ပြောဆိုခဲ့သည်။

အမေရိကန်၊ ဗြိတိန်နှင့် ပြင်သစ် စစ်သင်္ဘောများမှ မုန်တိုင်းဒုက္ခသည်များအတွက် လူသားချင်း စာနာထောက်ထားသည့် ကူညီမှုများကို မြန်မာစစ်အစိုးရက ပယ်ချခဲ့သည်။ ။

0 comments: