ခုချိန်တွင် နိုင်ငံရေးအကြောင်း မပြောချင်ဟု လူအများပြောကြ၏ ။
သို့သော် လူမဆန်စွာ နိုင်ငံတကာမှ ကယ်ဆယ်ရေးပစ္စည်းများ ပေးပို့လိုခြင်းကို ကန့်သတ်တားမြစ်ခြင်း ၊ မုန်တိုင်းဒုက္ခသည်များအတွက် နိုင်ငံတကာမှပေးပို့သော ပစ္စည်းများကို ကိုယ်ကျိုးအတွက် ပြန်လည်ရောင်းချခြင်း ၊ ကယ်ဆယ်ရေးလုပ်သားများ အဖွဲ့ အစည်းများကို အနှောင့်အယှက်ပေးခြင်း ၊ ငဲ့ညှာထောက်ထားခြင်းကင်းမဲ့စွာ ယာယီစခန်းများတွင် ခိုလှုံနေသော ဒုက္ခသည်များအား အတင်းမောင်းထုတ်ခြင်း စသည်တို့ ပြုလုပ်နေသူများကို ရပ်တန့်ရန် ဖယ်ရှားပစ်ရန် မည်သို့လုပ်ဆောင်ကြမည်နည်း ။
ခုချိန်တွင် မုန်တိုင်းဒုက္ခသည်တို့အတွက် ကယ်ဆယ်ရေးလုပ်ငန်းများအတွက်သာ အဓိကထားလုပ်ဆောင်လိုသည်ဟု လူအများပြောကြ၏ ။
သို့သော် စစ်အစိုးရနောက်လိုက်ဘက်တော်သားများ၏ ကန့်သတ်တားဆီးမှုများကို ကျော်ဖြတ်ရခြင်း ၊ မုန်တိုင်းကြောင့် ပျက်စီးယိုယွင်းသွားသော လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်းတို့ကြား ကျွန်ုပ်တို့ အဘယ်မျှခရီးရောက်နိုင်မည်နည်း ။ ခရီးရောက်ရန် ကြိုးစားနေရင်းပင် နေ့ရက်တို့ ကုန်လွန်နေပြီ ၊ ကျွန်ုပ်တို့ ပြည်သူများ ၀မ်းနည်းပက်လက် ဒုက္ခပင်လယ်ဝေနေရပြီ ။ နိုင်ငံတကာမှကူညီမည့် ကယ်ဆယ်ရေးပစ္စည်း အများအပြားတင်ဆောင်နိုင်သည့် စစ်လေယာဉ်များ ၊ သဘောင်္များနှင့်စာလျှင် ကျွန်ုပ်တို့ ကူညီနိုင်စွမ်းသည် အမှန်တော့ ပဲစေ့တစေ့မျှလောက်သာ ကျွန်ုပ်တို့ ပြည်သူတို့၏ ဆာလောင်ငတ်မွတ်ဆင်းရဲခြင်းတို့အား တဒင်္ဂ ဖြေသိမ့်စရာဖြစ်သည် ။
ခုချိန်မှာ လူအများ ကိုယ်တတ်နိုင်သလောက် လှူဒါန်းကူညီကြ၏ ။
သို့သော် စစ်အစိုးရကဲ့သို့ ငွေကို တောင်လိုပုံခါမရှိသော ကျွန်ုပ်တို့အတွက် ဘယ်အခြေအနေအထိ လှူဒါန်းနိုင်ပါမည်နည်း ။ နာဂစ်မုန်တိုင်းသည် မြန်မာနိုင်ငံကို တို့ထိကစားသွားရုံမဟုတ်ခဲ့ ။ ပယ်ပယ်နယ်နယ် ညှင်းဆဲသွားခဲ့ခြင်းဖြစ်သည် ။ ကျွန်ုပ်တို့ ပြည်သူတို့၏ ဘ၀များပြန်လည်ထူထောင်နိုင်ရန် ရေရှည်စီမံကိန်းအကူအညီများ လပေါင်းများစွာ (သို့မဟုတ်) နှစ်ပေါင်းများစွာ လိုအပ်သည် ။
ခုချိန်မှာ မီဒီယာတိုင်းတွင် မြန်မာပြည်သူလူထု၏ ဆင်းရဲဒုက္ခရောက်နေသော သတင်းများနှင့် ပြည့်ကျပ်နေ၏ ။ နိုင်ငံပေါင်းစုံမှ စစ်အစိုးရအား ပြစ်တင်ရှုံ့ ချခြင်းများ ပဲ့တင်ထပ်နေ၏ ။
သို့သော် ထိုသတင်းများ ပဲ့တင်သံများသည် သံတံတိုင်းနောက်မှ သန်းရွှေဦးစီးသော စစ်အစိုးရအား တပြားသားမှ ရိုက်ခတ်နိုင်စွမ်းမရှိ ။ သန်း ၄၀ ကျော်သော မြန်မာလူဦးရေ သည် စစ်အစိုးရဟူသော လက်တဆုပ်စာလူတစု၏ လက်ခုတ်ထဲက ရေ ဖြစ်ရတာ ရင်နာဖွယ် ကောင်းလှသည် ။ လူဦးရေသန်းပေါင်းများစွာရှိသော ကမ္ဘာတွင်ကြီးကျယ်ထယ်ဝါသော နိုင်ငံခြားတိုင်းပြည်များသည် ဘာမဟုတ်သော စစ်အစိုးရဟူသော လက်တဆုပ်စာလူတစုအား ထိပ်တိုက်ရင်မဆိုင်နိုင်ခြင်းမှာလည်း လွန်စွာမှခါးသီးဖွယ် ကောင်းလှသည် ။
ထို့ထက် ရင်နာဖွယ်ကောင်းသည်မှာ ကျွန်ုပ်သည် အထက်ပါခံစားချက်များကို ဘလောဂ့်တွင် ရေးချယုံမှတပါး ၊ အဝေးမှ ဆုတောင်းမေတ္တာပို့ခြင်း ၊ လှူဒါန်းခြင်းများ ပြုလုပ်သည်မှတပါး တခြားဘာမှမဆောင်ရွက်ပေးနိုင်ခြင်းပင် ဖြစ်ပါတော့သည် ။
Tuesday, May 20, 2008
ရင်တွင်းဖြစ်
Subscribe to:
Post Comments (Atom)
1 comments:
အဲဒါ အမှန်ဘဲဗျာ။ ဒီလောက် ဆိုးနေတဲ့ တိုင်းပြည် အခြေအနေမှာ ပြဿနာ အရင်းအမြစ် ကို ဖော်ပြ ပြောဆိုဖို့ ၊ တာဝန် ယူရမဲ့ အဖွဲ့အစည်းက တာဝန်မဲ့နေတာ၊ ရက်စက်ယုတ်မာနေတာကို ပွင့်ပွင့်လင်းလင်း ရဲရဲရင့်ရင့် ပြောဖို့ ဘာလို့ရှောင်ရှားချင်နေကြတာလဲ?
တာဝန်မဲ့တာ၊ မှားယွင်းတာကို သိရဲ့သားနဲ့ မျက်ကွယ်ပြုရင် ကိုယ်လဲ တာဝန်မဲ့တာ၊ အမှားကျူးလွန်တာနဲ့ အတူတူဘဲ ဖြစ်နေတယ်ဆိုတာ သိထားမိဖို့ကောင်းတယ်။
Post a Comment