Saturday, May 17, 2008

စိတ်ခြောက်ခြားနေသူဒုက္ခသည်များ ရေနှင့်လေကို ကြောက်နေကြ

မင်းခက်မောင်
စနေနေ့၊ မေလ 17 2008 15:32 - မြန်မာစံတော်ချိန်

ကွမ်းခြံကုန်း။ ။ "အပြင်မှာလေတွေ တိုက်နေသမျှ၊ ကောင်းကင်ကြီးတခုလုံး မှောင်မဲနေသမျှ၊ အမေ့ကို အပြင်ကို မထွက်ခိုင်းပါနဲ့ သားတို့ရယ်" ဟု မျက်ရည်များစိုရွှဲနေသော ဒေါ်ဖွားစိန်က အကူအညီပေးရေး လုပ်သားများကို အသံတိမ်တိမ် အက်ကွဲနေသော အသံဖြင့် ပြောသည်။

သူမသည် အိုးမဲ့အိမ်မဲ့ ဖြစ်သွားသူများအတွက်ထားသည့် ဘုန်းကြီးကျောင်းတဖြစ်လဲ ကယ်ဆယ်ရေးဂေဟာ၌ နေနေသူ ဖြစ်သည်။

အိမ်နီးချင်းတဦး၏ ကောင်းမှုကြောင့် ၇ ပေ မြင့်သည့် ဒီရေလှိုင်းဒဏ်မှ သီသီကလေး လွတ်မြောက်လာခဲ့သည့် ဒေါ်ဖွားစိန် သည် ယခုသူမနေသည့် ကွမ်းခြံကုန်း ဘုန်းကြီးကျောင်းအနားရှိ ရေကန်သို့သွားရန်ပင် ကြောက်နေရှာသည်။ ကွမ်းခြံကုန်းသည် ရန်ကုန်မြို့မှ ၃၅ မိုင်ခန့်အကွာတွင် တည်ရှိသည်။

သူတို့ ကောင်းကောင်းအိပ်မရကြောင်း အသက်မသေ လွတ်မြောက်ခဲ့သူ အများအပြားက မဇ္ဈိမကို ပြောပြပါသည်။ ကလေးများဆိုလျှင် ညဘက်များ၌ ယောင်ယမ်းအော်လေ့ ရှိသည်ဟု ဆိုသည်။

"အဲဒီလိုဖြစ်နေတော့ နောက်နေ့မနက်ဆို ဒီကလေးတွေ ပန်းပြီးယဲ့ယဲ့ပဲ ကျန်တော့တာပေါ့။ အဲဒီလို ပင်ပန်းပြီးအားနည်းလေ၊ သူတို့အားနည်းလေ ဖြစ်တာပေါ့" ဟု မုန်တိုင်းဒဏ် အဆိုးဝါးဆုံးခံခဲ့ရသည့် ဒေသတခုဖြစ်သည့် ဘိုကလေးမြို့မှ ဆရာဝန်တဦးက ဆိုပါသည်။

"အဲဒီတော့ ဒီကလေးတွေမှာ ကာလဝမ်းရောဂါလို၊ ဝမ်းလျှောဝမ်းပျက် ရောဂါလို ကပ်ရောဂါတွေ ဖြစ်ဘို့ပိုများတာပေါ့"။

ကွမ်းခြံကုန်းမြို့သို့ ဆန်နှင့်အဝတ်အစားများ လှူဒါန်းရန်သွားရောက်ခဲ့သည့် ရန်ကုန်သားတဦးက သူထိုမြို့တွင် လမ်းပေါ်၌ ထူးခြားစွာ သွားလာလှုပ်ရှားနေကြသည့် မုန်တိုင်းဘေးမှလွတ်မြောက်ခဲ့သူများ ကိုတွေ့ခဲ့ရသည်ဟု ဆိုသည်။

ခန္ဓာကိုယ်ပေါ်တွင် နနွင်းများလိမ်းကြံထား၍ မီးတွင်းမှထွက်ခါစ အမျိုးသမီးတဦးသည် သူ့သား ၂ ဦး၏ အမည်များကို အော်ဟစ်ခေါ်နေသည်ကို တွေ့ခဲ့ရသည်။

အလားတူပင် "ရေတွေလာနေပြီ" ဟု အော်ရင်း လမ်းပေါ်တွင်ပြေးလွှားသွားနေသူ အမျိုးသားတဦးကိုလည်း တွေ့ခဲ့ရသည်။ သို့သော် ဘယ်ရေမျှ တက်လာနေခြင်းမရှိ။ နောက်အမျိုးသားတဦးက တိုင်တလုံးကိုဖက်တက်ရင်း "တိုင်ပေါ်တက်နိုင်ရင် ရေဘေးကလွတ်တာပဲကွ" ဟုပြောနေသည်။

မုန်တိုင်းတွင် မိသားစုများ အိုးအိမ်များဆုံးရှုံး၍ ဘဝပျက်ခဲ့ရသူများ၏ စိတ်ကျန်းမာရေး ပြဿနာများကို ကုစားနိုင်ရန် လပေါင်းအတော်ကြာ အချိန်ယူရဦးမည်ဟု ရန်ကုန်မြို့တွင် ကိုယ်ပိုင်ဆေးကုခန်းဖွင့်လှစ်ထားသည့် စိတ်ပညာရှင်တဦးက ပြောကြားသွားပါသည်။ ကပ်ဘေးစီမံခန့်ခွဲမှုတွင် မြန်မာအစိုးရသည် အသိပညာနှင့် အတွေ့အကြုံချို့တဲ့ပြီး၊ အချို့သော ပြဿနာများမှာမူ နိုင်ငံတကာအကူအညီပေးရေးကျွမ်းကျင်သူများကို ဝင်ခွင့်ပြုလိုက်ရုံနှင့် ကိုင်တွယ်ဖြေရှင်းသွားနိုင်သည်ဟုလည်း သူက ဆိုလိုက်ပါသည်။

ဟိုင်းကြီးကျွန်းမှ အသက်မသေ ကျန်ရစ်ခဲ့သူတဦးကလည်း သူ့အကိုသည် ထမင်းလည်းမစား၊ စကားလဲမပြောဘဲ ငူငူကြီးသာ ထိုင်နေသည်ဟု ဆိုသည်။ အဆိုပါသူ့အကိုသည် လေဘေးတွင် ကျပ်ငွေတသန်းခန့် တန်သော ငါးဖမ်းလှေ နှင့် အိမ်ကိုဆုံးရှုံးခဲ့ရသူ ဖြစ်သည်။

"ကျနော့်အကိုက ပုံမှန်မဟုတ်တော့ဘူးဗျ။ သူ့မျက်လုံးတွေက တွေတွေကြီးဖြစ်နေတာ။ ဘာမှလည်းမပြောဘူး၊ ဘာမှလည်းမေးလို့ မရတော့ဘူး" ဟု သူက ဆိုပါသည်။

၂ဝဝ၄ ခုနှစ် ဆူနာမီရေလှိုင်းကြီးရိုက်ခတ်အပြီး ထိုင်းနိုင်ငံတောင်ပိုင်းတွင် ဖွင့်လှစ်ခဲ့သလို ယခုကဲ့သို့ မုန်တိုင်းကြောင့် တုန်လှုပ်ခြောက်ခြားကျန်ရစ်ခဲ့ သူများအတွက် စိတ်သောကလျော့ပါးရေး စခန်းများဖွင့်လှစ်ပေးသင့်သည် ဟု အန်ဂျီအိုတခုမှ ကျွမ်းကျင်သူတဦးက ပြောကြားသွားပါသည်။ အဆိုပါစခန်းများတွင် အသက်မသေကျန်ခဲ့သူများကို ဆေးကုသမှုခံယူစေရင်း အသက်မွေးဝမ်းကျောင်းနှင့် ကျွမ်းကျင်မှုပညာရပ်အသစ်များကို သင်ကြားပေးသည်။ ဤသို့ဖြင့် ဝင်ငွေလည်းရရှိလာပြီး မိသားစုကိုလည်း ထောက်ပံ့လာနိုင်သည်။

"သူတို့ကို လျစ်လျူရှုပစ်ထားလိုက်လို့ အခြေအနေတွေပိုဆိုးသွားရင် နောင်မှာကျနော်တို့ နောင်တရနေရမယ်" ဟု အမည်မဖေါ်လိုသူ အဆိုပါကျွမ်းကျင်သူက ပြောဆိုသွားပါသည်။

အသက် ၃ဝ အရွယ် ကွမ်းခြံကုန်းမြို့သားတဦးက မုန်တိုင်းအတွင်း သူ့မိန်းမကိုသေဆုံးစေခဲ့သည့် လဲကျနေသော သစ်ပင်ကြီးကိုကြည့်ရင်း ငိုနေသောသူ့ကလေးကို ချော့နေသည်။

"မငိုပါနဲ့ကလေးရယ်၊ မေမေက သားကိုနို့တိုက်ဖို့ ပြန်လာမှာပါ၊ အဖေလဲ မင်းအမေပြန်လာတာကို စောင့်နေတာပါပဲ" ဟု ရေရွတ်နေသည်။

(မောင်ဒီးနှင့် နန်းဒေဝီ ဖြည့်စွက်ရေးသား၍ ထက်မြက်တည်းဖြတ်သည်)

0 comments: