ဧရာဝတီ-အေးလဲ့ | မေ ၁၃၊ ၂၀၀၈
ရန်ကုန်တိုင်း ခရမ်းမြို့နယ်ရှိ နာဂစ် ဆိုင်ကလုန်းမုန်တိုင်း လေဘေးဒုက္ခသည်များ ထိရောက်သည့်အကူအညီများ မရရှိသည့် အပြင် ဒုက္ခသည် စခန်းမှ နှင်ထုတ်ခံရမှုများရှိကြောင်း ဒေသခံများက ပြောသည်။
အဆိုပါ ခရမ်းမြို့နယ်ရှိ ဘုန်းကြီးကျောင်းနှင့် ဆန်ဂိုဒေါင်များတွင် တည်းခိုနေထိုင်သည့် ဒုက္ခသည်များအား အာဏာပိုင် များက ယခုလ ၇ ရက်နေ့မှ စတင်ကာ တဦးလျင် ဆန် ၃ ပြည်နှင့် ငွေ ကျပ် ၅၀၀၀ ပေး၍ ပြန်လည် နှင်ထုတ်နေသည်ဟု ခရမ်းဒေသခံ တဦးက ပြောသည်။
“လူစုလူဝေးဖြစ်မှာစိုးလို့ မနေခိုင်းဘူး၊ ကိုယ့်အိမ်ကိုယ်ပြန်သွားနေ၊ အိမ်ပြိုလည်း ပြန်ဆောက်နေကြ ဆိုပြီးတော့ မောင်းထုတ်တယ်”ဟု ခရမ်းဒေသခံက ပြောသည်။
ယင်း ခရမ်းမြို့နယ်တွင် သောက်သုံးရေ မလောက်မငဖြစ်ကာ အခက်အခဲ ဖြစ်နေကြောင်းလည်း သိရသည်။
“ရေ ဒုက္ခ က အရေးအကြီးဆုံးပဲ၊ ကန်တခုတည်းရှိတယ်၊ ဒီကန်က ရေကလည်း တော်တော်ကို ဗွတ်ပုပ်နံ့ရနေတယ်၊ ကျေးရွာ ဥက္ကဌအိမ်မှာတော့ ရေသန့်ဘူးကြီး ၃လုံး ရောက်နေတယ်၊ ဥက္ကဌကလည်း ဝေလို့မလောက်လို့ မလှူရသေးဘူး” ဟုလည်း အထက်ပါ ဒေသခံက ဆက်ပြောသည်။
ခရမ်းမြို့နယ်ပင်လယ်ကမ်းနဖူးဘက်ရှိ ကျေးရွာများဖြစ်သည့် ကမွန်းခြုံ၊ အုန်းပင်၊ ကံကောင်းကျေးရွာတို့တွင် ငါးဖမ်း စက်လှေ ၃၇ စီးနှင့် ငါးဖမ်းအလုပ်သားများအပါအဝင် ခရီးသည်ပေါင်း ၂၇၀ ပျောက်ဆုံးနေကြောင်းလည်း သိရသည်။
ခရမ်းမြို့ပေါ်ရပ်ကွက်မှာ ၆၀ ရာခိုင်နှုန်း ပျက်စီးဆုံးရှုံး၍ ကျေးရွာပေါင်း ၅၄ ရွာ၊ ရပ်ကွက်ပေါင်း ၁၂ရက်ကွက်၊ အိုးမဲ့ အိမ်မဲ့ပေါင်း ၅ထောင်ကျော်၊ သေဆုံးသူဦးရေပေါင်း ၃၇ဦး ဖြစ်ပြီး အများဆုံးသေဆုံးသူမှာ ကိုယ်ဝန်ဆောင် အမျိုးသမီးနှင့် ကလေးများဖြစ်ကြောင်းကို ရပ်ရွာလူထု စာရင်းကောက်ခံချက်မှ သိရသည်။
လွန်ခဲ့သည့် ၅ ရက်နေ့က နအဖ ဒုတိယဗိုလ်ချူပ်ကြီး မြင့်ဆွေ ခရမ်းအနီး သုံးခွမြိုသို့ ရောက်ရှိလာပြီး ဒုက္ခသည် ၁၅ ဦးခန့် ကိုခေါ်၍ စောင်၊ ဒန်အိုး၊ ဆန်၊ ခြင်ထောင်တို့ကို လှူဒါန်းသည့် ဓာတ်ပုံအရိုက်ခံ၍ ပေးအပ်ခဲ့သည်။ ယင်း ဒုတိယ ဗိုလ်ချူပ်ကြီး မြင့်ဆွေပြန်သွားပြီးနောက် မယက ဥက္ကဌက အဆိုပါ ပေးအပ်သွားသည့် ပစ္စည်းများကို မမျှ တမည် စိုး၍ နောက်မှ မဲနှိုက် ပေးမည်ဆိုပြီး သိမ်းဆည်းလိုက်ကြောင်း ဒေသခံ တဦးက ပြောသည်။
ထိုနေ့ ညနေပိုင်းအချိန်တွင် စွမ်းအားရှင်များနှင့်မီးသတ်အဖွဲ့ဝင် များက တဦးလျင် ဆန် ၄-၅ပြည်နှင့် ခြင်ထောင်၊ ဒန်အိုးများ စသည့် ဒုက္ခသည်များအတွက် လှူဒါန်းသည့်ပစ္စည်းများအားကိုင်ကာ ပြန်သွားသည်ကို ရွာသား တချို့က တွေ့ခဲ့ရသည်ဟု ၎င်းကပြောသည်။
ပုဂ္ဂလိကအလှူရှင်တဦးက ၎င်း၏ဆေးဆိုင်အမည် “လင်းရောင်ခြည်”ကို ဆန်အိတ်ပေါ်တွင်တံဆိပ်တုံး ရိုက်၍ လှူသည်ကို လည်း ကြံ့ဖွံ့အတွင်းရေးမှုး ဒေါက်တာမြင့်သိန်း ဆိုသူက ထိုသို့ မပြုလုပ်ရန် ပြင်းပြင်းထန်ထန် ပြောဆို သတိပေးကြောင်း သိရသည်။
ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် မုန်တိုင်းဒဏ်ခံရသော ပြည်သူများအတွက် ထောက်ပံ့ငွေနှင့် ပစ္စည်းများ ပြည်နယ်နှင့်တိုင်းအသီးသီးရှိ စေတနာရှင်အလှူရှင်များက ဆက်လက်လှူဒါန်းဟူသော ခေါင်းစဉ်နှင့် လှူဒါန်း ထားသည့် စာရင်းများကို ဖော်ပြထားသော်လည်း အာဏာပိုင်များက ထိရောက်စွာကူညီမှုမပေးနိုင်ကြောင်း ဒုက္ခသည်များက ပြောဆိုကြသည်။
Wednesday, May 14, 2008
ရန်ကုန် ခရမ်းရှိ ကပ်ဘေး ဒုက္ခသည်များ စခန်းမှ ပြန်နှင်ထုတ်ခံရ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment