Wednesday, May 21, 2008

ကြိုတင်ထောက်ခံမဲနှင့် ကယ်ဆယ်ရေးပစ္စည်းများ လဲနေ

NEJ/ ၂၁ မေ ၂၀၀၈

ရန်ကုန်မြို့ မြို့နယ်အချို့တွင် လေဘေးဒုက္ခသည်များအား ကြိုတင်ထောက်ခံ ဆန္ဒမဲပေးခိုင်းကာ ဆန်၊ ဆီနှင့် အခြားထောက်ပံ့ရေးပစ္စည်းများကို ပေးဝေနေကြောင်း သိရသည်။

သင်္ကန်းကျွန်းမြို့နယ်ရှိ ဆင်ခြေဖုန်းရပ်ကွက်တခုမှ ကိုယ်တိုင်ကြိုတင်မဲ ပေးခဲ့ရသူတဦးက “ကျမက သင်္ကန်းကျွန်းမြို့နယ် ကြီးပွားရေးရပ်ကွက်နားကပါ။ ကျမတို့ရပ်ကွက်ထဲမှာ အိမ်တွေ ပြိုပျက်သွားတာချည်းပဲ။ လေဘေးဒုက္ခသည်ဘ၀ ရောက်ကုန်တယ်။ အခု ကြိုတင်မဲပေးရတယ်၊ သူတို့ကို အမှန်ခြစ်ပေးရတယ်။ သူတို့က ဆန်၊ ဆီတွေ ထုတ်ယူလို့ရအောင် တုံကင်ပေးလိုက် တယ်” ဟု ပြောသည်။

နအဖလက်အောက်ခံ ကြံ့ဖွံ့များက ကြိုတင်ထောက်ခံမဲများ အရယူရန် ဆောင်ရွက်နေကြကြောင်း သိရသည်။

နအဖစစ်အစိုးရက ၎င်းတို့စိတ်ကြိုက် ရေးဆွဲထားသည့် အခြေခံဥပေဒေမူကြမ်း ဆန္ဒခံယူပွဲကို မုန်တိုင်းဘေးသင့်သည့် နေရာများမှလွဲ၍ မြန်မာနိုင်ငံတ၀န်းလုံး၌ ယခုလ (၁၀) ရက်တွင် ကျင်းပခဲ့သည်။

လေဘေးဒဏ်ခံရသည့် ရန်ကုန်နှင့် ဧရာဝတီတိုင်းရှိ မြို့နယ် (၄၇) မြို့နယ်တို့၌ လာမည့် (၂၄) ရက်၌ ဆန္ဒခံယူပွဲ ကျင်းပရန် ကျန်ရှိနေသေးသည်။

စမ်းချောင်းမြို့နယ်အတွင်း၌လည်း ကြိုတင်မဲပေးခြင်းကို ယခုလ (၁၇) ရက်မှ စတင်နေကြောင်း၊ မဲပေးရန် စာရွက်ပေါ်တွင် အမှားအမှန်ကို မိမိဆန္ဒသဘောဖြင့် ဆောင်ရွက်ခွင့်မရှိကြောင်း စမ်း ချောင်း လင်းလွန်းတောင် ရပ်ကွက်တွင် နေထိုင်သူတဦးက ပြောသည်။

မုန်တိုင်းကယ်ဆယ်ရေးလုပ်ငန်း အရေးတကြီး လုပ်ဆောင်ရန် နိုင်ငံတကာက တိုက်တွန်းနေသည့် ကြားမှ နအဖ စစ်အစိုးရက အခြေခံဥပေဒေမူကြမ်း ဆန္ဒခံယူပွဲကို ကျင်းပခဲ့ပြီး ဆန္ဒခံယူပွဲ၌ ဆန္ဒမဲပေးသူ (၉၂. ၄) ရာခိုင်နှုန်းက ထောက်ခံမဲပေးခဲ့ကြောင်း ကော်မရှင်က ကြေညာခဲ့သည်။

လေဘေးဒုက္ခသည်များအား အကူအညီများပေးနေသည့် အနုပညာရှင် ကိုဇာဂနာကလည်း အထူးဆောက်ထားသည့် ကယ်ဆယ်ရေးစခန်းများရှိပြီး ထိုစခန်းများတွင် လာရောက် နေထိုင် သူများအား ထောက်ခံမဲပေးကြရန် တိုက်တွန်းမှုများရှိကြောင်း ပြောကြားသည်။

၎င်းက “သူတို့ စပါယ်ရှယ်ဆောက်ထားတဲ့ camp တွေ ရှိတယ်လေ၊ ရွက်ဖျင်တဲ ကောင်းကောင်း နဲ့လုပ်ထားတာ။ အဲဒီထဲမှာ လာနေတဲ့သူတွေဆိုလို့ရှိရင် ဒီမှာနေဖို့အတွက် မင်းတို့အားလုံး ထောက်ခံမဲ ထည့်ရမယ်ဆိုပြီးတော့ ပြောတယ်လို့ သူတို့က ပြောတယ်။ အဲဒါတော့ ဟုတ်တယ်။ အဲဒီကို မသွားတဲ့သူတွေကို မင်းတို့နိုင်ငံတော်က ကျွေးတာစားမလား၊ အလှူရှင်တွေက ကျွေးတာ စားမလားလို့ ပေါ်တင်ကို မေးတာ” ဟု ပြောသည်။

မရမ်းကုန်းမြို့နယ်မှ တရားရုံးချုပ်ရှေ့နေတဦးကမူ “ လေဘေးရောက်လို့ အတိဒုက္ခရောက်နေတဲ့ အချိန်မှာ ထောက်ခံမဲကိုရဖို့ ဂရုစိုက်နေတာတော့ ရှက်စရာပါ” ဟု ဆိုသည်။

0 comments: