Thursday, May 8, 2008

လူမဆန်သော ဗိုလ်ချုပ်ကြီးများအတွက် ဘေးထွက်ဆိုးကျိုး

မဇ္ဈိမသတင်းဌာန၊ နေသွင်-ကြာသပတေးနေ့၊ မေလ 08 2008

ချင်းမိုင်။ ။ စနေနေ့တွင် တတိုင်းပြည်လုံးက ကန့်ကွက်မဲ ပေးခြင်းဖြင့် စစ်ဗိုလ်ချုပ်များအပေါ် ပူပူနွေးနွေး ဒေါသကို ပြသ ကြပါလိမ့်မည်။ ဖွဲ့စည်းပုံပါ အချက်များကို ကြိုက်ခြင်း၊ မကြိုက်ခြင်းထက် စစ်ဗိုလ်ချုပ်များ၏ လူစိတ်ကင်းမဲ့မှုကို ဆက်လက် သည်းမခံနိုင်သောကြောင့် ဖြစ်သည်။

နေပြည်တော် ရုံးခန်းတွင် နိုင်ငံတကာမှ လူသားချင်း စာနာသော အကူအညီများ လက်ခံသင့်၊ လက်မခံသင့် ကိစ္စကို ဗိုလ်ချုပ်ကြီးများ ခေါင်းချင်းဆိုင်နေချိန်တွင် အစားအစာ၊ ရေနှင့် ဆေးဝါး ပြတ်လတ်သဖြင့် သေဆုံးသူ မည်မျှရှိမည်ကို မည်သူမှ မမှန်းဆနိုင်ပါ။ မုန်တိုင်းမှ အသက်ရှင် လွှတ်မြောက်ခဲ့သူများသည် ရက်စက်သော ဗိုလ်ချုပ်ကြီးများ၏ လက်ထဲတွင် နောက်ထပ် ကံဆိုးမိုးမှောင် ကျနေပြန်သည်။

မုန်တိုင်းစဲသွားသည်မှာ (၆) ရက် မြောက်သွားသည့်တိုင်အောင် အလောင်းများမှာ ရေထဲ မျောနေဆဲ၊ အသက်ရှင် လွတ်မြောက်သူများ၏ အနာဂတ်မှာ မရေမရာ ဖြစ်နေဆဲ၊ အသေအပျောက် စာရင်းသည် ရက်ပိုင်းအတွင်း ဆယ်ဂဏန်း မှ သိန်းဂဏန်း အထိ မယုံနိုင်အောင် ခုန်တက်သွားသည်။ ဧရာဝတီတိုင်း တခုတည်းတွင် တသိန်းခန့် သေဆုံးသွားသည်ဟု ဒေသ စစ်အာဏာပိုင် တယောက်က မီဒီယာများကို ဖွင့်ချလိုက်သည်။ ထိုအချိန်တွင် နေပြည်တော် ဗိုလ်ချုပ်များ၏ မှတ်တမ်းတွင် သေဆုံး (၂) သောင်းကျော်၊ ပျောက်ဆုံး (၄) သောင်းကျော်တွင် ရပ်နေသည်။

အပျက်အစီး ပမာဏမှာ ၂၀၀၄ ဆူနာမီတွင် ပစိဖိတ် ကမ်းရိုးတန်းက အပျက်အစီး အားလုံးကို ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းထဲကို စုပြုံ ထည့်လိုက်သကဲ့သို့ ရှိသည်။ မြန်မာပြည်သည် နောက်ထပ် အာချေး ဖြစ်နေသည်။ ကယ်ဆယ်ရေး လုပ်ငန်းများ အချိန်မှီ မလုပ်နိုင်လျှင် အစားအစာ ပြတ်တောက်၊ ရေငတ်၊ ဆေးဝါးမရှိ၊ နောက်ဆက်တွဲ ကူးစက်ရောဂါ စသည်တို့နှင့် သောင်းပေါင်းများစွာ သေကြရဦးမည်။

ကုသလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ဘန်ကီမွန်း၊ ပုပ်ရဟန်း မင်းကြီး စသော ကမ္ဘာ့ထိပ်တန်း ခေါင်းဆောင်များက မြန်မာပြည်သားများကို ကူညီကြရန် တကမ္ဘာလုံးကို ဆော်သြနေသည်။ တကမ္ဘာလုံးကလည်း မြန်မာပြည်သူ လူထုကို ကယ်ဆယ်ရန် စည်းလုံးနေကြသည်။ စစ်ဗိုလ်ချုပ်များကို ရန်သူသဖွယ် ပြောဆို ဆက်ဆံလာသော နိုင်ငံများပင် နိုင်ငံရေး ကိစ္စကို ပြည့်ဖုံးကားချကာ ဒုက္ခရောက်နေသော မြန်မာပြည်ကို အကူအညီ ခွင့်ပေးဖို့ တောင်းဆိုနေသည်။ သို့သော် အကူအညီပေးရန် အလျင် လိုနေသော ကုလသမဂ္ဂ အေဂျင်စီများ၊ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့များသည် လမ်းတ၀က်တွင် ပိတ်မိနေကြသည်။ စားစရာနှင့် ကယ်ဆယ်ရေးပစ္စည်းများ သယ်ဆောင်ထားသော လေယာဉ်။ သဘောင်္များလည်း ခရီးဝက်တွင် သောင်တင်နေသည်။

ဗိုလ်ချုပ်များ၏ အတွေးခေါင်မှုမှာ မုန်တိုင်းနှင့် နိုင်ငံရေး ဆက်စပ် တွေးတောနေခြင်း ဖြစ်သည်။ နိုင်ငံတကာမှ အကူအညီများ လိုချင်နေသော်လည်း အရေးကြီးသော အခြား ကိစ္စများအပေါ် အာရုံ ရောက်နေသဖြင့် အကူအညီ လက်ခံရေးအတွက် တွန့်ဆုတ်နေသည်၊ ရက်ပိုင်းသာ လိုတော့သော ဆန္ဒခံယူပွဲရက် မတိုင်ခင် ကာလအတွင်း မည်သည့် နိုင်ငံခြားသားကိုမျှ မြန်မာပြည်သို့ အ၀င်မခံလိုကြပေ။ တိုင်းပြည် အရေးပေါ် အခြေအနေတွင်ပင် ဆန္ဒခံယူပွဲကို ယခင်အတိုင်း ကျင်းပရန် ဆုံးဖြတ်ကြသည်။ "ပြည်သူတွေ သေချင်သလောက်သေ၊၊ ငါတို့လမ်းစဉ် (၇) ရပ် ကိုတော့ အပျက်မခံနိုင်ဘူး" ဆိုသည့် သဘော ဖြစ်နေသည်။

အစိုးရ မီဒီယာများတွင် စစ်တပ် ခေါင်းဆောင်ပိုင်းက ကယ်ဆယ်ရေး လုပ်ငန်းများတွင် ကူညီ လုပ်ဆောင်နေမှုများကို အသားပေး ပြသနေသည်၊ တပြိုင်နက်တွင်းတွင် ၀မ်းနည်း ကြေကွဲနေသော ပြည်သူများကို ထောက်ခံမဲ ပေးရန် ကြားဖြတ် တိုက်တွန်းနေသည်။

ယခုအချိန်တွင် ထောက်ခံမဲ။ ကန့်ကွက်မဲထက် ကပ်ဘေးကြုံရသော လူထုကို ကယ်တင်နိုင်ရေးအတွက် တတိုင်းပြည်လုံးက ပူပန်နေသည်။ အတင်းအကြပ် ထောက်ခံမဲ ထည့်ခိုင်းနေသော ဗိုလ်ချုပ်ကြီးများ အနေဖြင့် ဘေးထွက်ဆိုး ကျိုးရင်ဆိုင်ရမည် ဖြစ်သည်။ အစိုးရ မီဒီယာများတွင် စစ်ဗိုလ်များ၏ မည်သို့ပင် ကယ်တင်ရှင် သူရဲကောင်း လုပ်ပြနေသော်လည်း ဗိုလ်ချုပ်များ၏ အတွင်းသဘောကို ယခုတကြိမ်တွင် ပြည်သူများက ကောင်းစွာ သဘောပေါက်ကြပြီ ဖြစ်သည်။ ဒုက္ခ ရောက်နေသော ပြည်သူများကို အသက်ကယ်ရေးထက် အခြား လုပ်ဆောင်စရာများ ရှိနေသော မြန်မာ ဗိုလ်ချုပ်ကြီးများကို ပြည်သူတရပ်လုံးက ဆန့်ကျင်ကြတော့မည်။

ပြည်သူများသည် ဖွဲ့စည်းပုံပါ အချက်များကို ကြိုက်ခြင်း၊ မကြိုက်ခြင်းထက် စစ်ဗိုလ်ချုပ်များ၏ လူစိတ်ကင်းမဲ့မှုကို ဆက်လက် သည်းမခံနိုင်ကြောင်း ပြသမှုအဖြစ် ကန့်ကွက်မဲကို တခဲနက် ပေးကြတော့မည်။

0 comments: