မဇ္ဈိမသတင်းဌာန
ကြာသပတေးနေ့၊ မေလ 15 2008 18:29 - မြန်မာစံတော်ချိန်
နယူးဒေလီ။ ။ အကူအညီများထိရောက် လျှင်မြန်စွာပေးအပ်နိုင်ရေးအတွက် နိုင်ငံတကာအကူအညီပေးရေး လုပ်သားများကို ဆိုင်ကလုံး မုန်တိုင်းဒဏ်ခံခဲ့ရသောဒေသ များသို့ သွားရောက်ခွင့်ပြုရန် ကုလသမဂ္ဂက မြန်မာစစ်အစိုးရကို ကြာသပတေးနေ့က ထပ်မံတောင်းဆိုလိုက်သည်။
မုန်တိုင်းဒဏ်ခံခဲ့ရပြီး အကူအညီလိုအပ်နေသောသူ အရေအတွက်ကိုလည်း ကုလသမဂ္ဂက မူလ ၁.၅ သန်းမှ ၂.၅ သန်းသို့ တိုးမြှင့်ခန့်မှန်းခဲ့သည်။
"မြန်မာအစိုးရအနေနဲ့ ပျော့ပျောင်းမှုတွေ ပိုမိုပြသလာတာတောင်မှ ခုလိုအချိန်မှာ သူတို့ရဲ့တုံ့ပြန်မှုဟာ အလွန့်အလွန်လိုနေသေးတယ်" ဟု ကြာသပတေးနေ့က ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ကုလအတွင်းရေးမှူးချုပ်က ပြောဆိုသွားခြင်းဖြစ်သည်။
"အခြေအနေရဲ့အတိုင်းအတာပမာဏက အကူအညီပေးရေး လုပ်သားတွေ၊ ရင်းမြစ်တွေကို နောက်ထပ်အများကြီး ဆော်သြစည်းရုံးဘို့ လိုတယ်" ဟု သူကဆက်လက် ပြောကြားသွားခဲ့ပါသည်။

ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသက မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ဒေသတွေကို နိုင်ငံတကာက လူသားချင်းစောင့်ရှောက် ကယ်တင်သောလုပ်သားများ သွားရောက် အကဲခတ် လေ့လာသည့် နေရာမှာ အစိုးရက ချုပ်ချယ်ကန့်သတ်မှုများလုပ်နေခြင်းသည် အကြီးမားဆုံး ပြဿနာပင်ဖြစ်ကြောင်း ကုလသမဂ္ဂ ကယ်ဆယ်ရေးထိပ်တန်းအရာရှိကြီး ဂျွန်ဟုမ်း (John Holmes) ကလည်း မစ္စတာဘန်ကီးမွန်၏ စိုးရိမ်ပူပန်မှုကို ပဲ့တင်ထပ်ပြောဆို လိုက်သည်။
"ဤဒေသများကို အတတ်နိုင်ဆုံးနှင့် အမြန်ဆုံးဖွင့်လှစ်ပေးရန်၊ ဤသို့ဖွင့်လှစ်ပေးခြင်းဖြင့် အကျိုးရလဒ်ကို အကြီးအကျယ်ခြားနားစေမှာ ဖြစ်ပါတယ်။ သူတို့မှာရှိတဲ့ အမျိုးသားရေးရင်းမြစ်တွေဟာ ခုလိုပြဿနာကြီးများကို ဖြေရှင်းနိုင်လောက်အောင် လုံလောက်မှုမရှိဘူးဆိုတာ လူတိုင်းရှင်းရှင်းလင်းလင်း နားလည်ပြီးသားလို့ ကျနော် ထင်ပါတယ်" ဟု လူသားချင်းစောင့်ရှောက်မှုရေးရာ လက်ထောက်အတွင်းရေးမှူးချုပ် ဟုမ်း (Holmes) က မြန်မာအာ ဏာပိုင်များကို တောင်းဆိုပြောကြားသွားပါသည်။
ယခုအခါအကူအညီများမှာ အရေအတွက်တိုးများ ရောက်ရှိလာနေပြီဖြစ်ပြီး အစိုးရအနေဖြင့် မုန်တိုင်းဒဏ်ကြောင့် ပျက်စီးသွားသောဒေသများသို့ သွားရောက်လေ့လာခွင့် ပြုရန်မှာ အရေးပါလှသည်ဟုလည်း (Holmes) က ဆက်လက် ပြောဆိုသွားခဲ့ပါသည်။
မြန်မာဆိုင်ကလုံး မုန်တိုင်းဒုက္ခသည်များကို ကူညီနိုင်ရေးအတွက် အခိုင်အမာကိစ္စများကို ပြောဆိုဆွေးနွေးရန် မြန်မာအစိုးရအပေါ် သြဇာကြီးကြီးမားမား ရှိသည့် အာဆီယံ နိုင်ငံများမှခေါင်းဆောင်များနှင့် မိမိတွေ့ဆုံဆွေးနွေးမည်ဟုလည်း မစ္စတာဘန်ကီမွန်းက ပြောဆိုလိုက် ပါသည်။
သို့သော် မိမိတို့အနေဖြင့် "ဝမ်းနည်းစရာကောင်းတာက ခုအချိန်အထိ ကျနော်တို့မှာ အကူအညီပေးနိုင်ရေး၊ ဗီဇာရရေး၊ အစားအစာတွေတင်သွင်းခွင့်ရရေး ဆွေးနွေးရတာ တွေနဲ့ဘဲ အချိန်တွေ၊ စွမ်းအင်တွေ ကုန်နေရတယ်" ဟု မစ္စတာဘန်က ပြောသွားပါသည်။
အရေးပေါ်အကူအညီ အထောက်အပံ့များ ပေးအပ်ရေးအတွက် အဖွဲ့ဝင်နိုင်ငံများသို့ ကောင်စီအနေဖြင့် ပန်ကြားလိမ့်မည်ဟု မျှော်လင့်ရကြောင်း အစီရင်ခံစာ က ဆိုပါသည်။
"ပန်ကြားချက်စာသားကို ယခုအခါလုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံများနှင့် တိုင်ပင်ညှိနှိုင်းနေပုံရပြီး အရေးပေါ်အကူအညီ အထောက်အပံ့များ ပေးအပ်ရန် အဖွဲ့ဝင်နိုင်ငံများ ကို ပန်ကြားမေတ္တာရပ်ခံသွားမည် ဖြစ်ကာ အကူအညီများပေးအပ်ရေး လွယ်ကူချောမောစေရန်နှင့် အကူအညီများပေးအပ်နိုင်ရန် ညှိနှိုင်းဆောင်ရွက်ရေး ယန္တရားတရပ် ထူထောင်နိုင်ရေးအတွက်လည်း မြန်မာအစိုးရကို တိုက်တွန်းသွားမည်ဖြစ်သည်" ဟု ကုလလုံခြုံရေးကောင်စီ၏ အစီရင်ခံစာက ဆိုထားသည်။
Friday, May 16, 2008
မြန်မာအစိုးရ၏တုံ့ပြန်မှု 'အလွန့်အလွန် လိုအပ်နေသေးသည်' ဟု ဘန်ကီးမွန်ပြော
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment