NEJ/ ၁၆ မေ ၂၀၀၈
မြန်မာနိုင်ငံ၏ အရေးကြီးသည့် ကိစ္စရပ်တိုင်းကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့ (၂) ဦးကသာ အဆုံးအဖြတ် ပေးနေသကဲ့သို့ စစ်တိုင်းမှူး (၁၃) ဦးကလည်း လူ့အခွင့်အရေး ချိုးဖောက်မှုများကို စနစ်တကျ ကျူးလွန်နေကြောင်း ကုလသမဂ္ဂအရာရှိတဦး၏ (၂၃) မျက်နှာ အစီရင်ခံစာတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံမှ နှင်ထုတ်ခံရသည့် ကုလသမဂ္ဂ ထိပ်တန်းအရာရှိတဦးဖြစ်သည့် Charles Petrie က သူ့အစီရင်ခံစာတွင် ယခုကဲ့သို့ ရေးသားထားခြင်းဖြစ်သည်။
မြန်မာစစ်အစိုးရနှင့် လူထုဆက်ဆံရေးမှာလည်း အဆင့်တိုင်းတွင် မြေရှင်ပဒေသရာဇ်စနစ်ခေတ် ကဲ့သို့ အကြင်နာမဲ့လွန်းသည်ဟုလည်း Charles Petrie က ထောက်ပြသည်။ အကျိုးဆက်အဖြစ် ပြည်သူများ၏ဘ၀ကို စစ်အစိုးရဘက်က နားလည်စာနာမှု ခေါင်းပါးလာခြင်းဖြစ်သည်ဟုပါ အစီ ရင်ခံစာတွင် ဆက်လက်ဖော်ပြသည်။
မြန်မာစစ်အစိုးရ၀န်ကြီးဌာနပေါင်းစုံက စစ်အစိုးရ ထိပ်ပိုင်းခေါင်းဆောင်များထံ တင်ပြသည့် ကိန်းဂဏန်းများ၊ စီးပွားရေးဆိုင်ရာ အချက်အလက်များမှာလည်း အောက်ခြေတွင် အမှန်တကယ် ဖြစ်ပျက်နေသည့် အခြေအနေများနှင့် ဆန့်ကျင်နေသည်ဟု Mr Petrie က ထောက်ပြသည်။
မြန်မာနိုင်ငံ၏ စီးပွားရေး တိုးတက်မှုနှုန်းမှာလည်း ကမ္ဘောဒီးယားနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ထက် နိမ့်ကျနေသကဲ့သို့ မြန်မာနိုင်ငံ စီးပွားရေးမှာ နာဂစ်မုန်တိုင်း မတိုင်မီ လပိုင်းအလိုကပင် ချွတ်ခြုံ ကျမည့် အနေအထားမှာရှိသည်ဟု အစီရင်ခံစာတွင် ဖော်ပြသည်။
နေပြည်တော်က ကြည့်မည်ဆိုလျှင် တိုင်းပြည်စီးပွားရေး (၁၃) ရာနှုန်း တက်နေပါသည်၊ စာတတ် မြောက်မှုနှုန်း တက်နေပါပြီ စသည့် အစိုးရ အစီရင်ခံစာများအရ တိုင်းပြည်ကြီး စည်ပင်နေသည်ဟု ထင်စရာရှိသည်။ သို့သော် လိမ်ထားသည့် ကိန်းဂဏန်းများက စစ်ခေါင်းဆောင်များ တိုင်းပြည် အခြေအနေမှန် ဘာကြောင့် မသိနိုင် ဖြစ်နေသလဲဆိုသည့် အခြေအနေကို ထင်ဟပ်နေသည်ဟု သုံးသပ်ထားသည်။
Charles Petrie သည် မြန်မာနိုင်ငံတွင် ကုလသမဂ္ဂ လူမှုရေးဆိုင်ရာ ညှိနှိုင်းရေး တာဝန်ခံအရာရှိ အဖြစ် ဆောင်ရွက်ခဲ့သည်။ ၂၀၀၇ ခု လောင်စာဆီ ဈေးတက်သည့်ကိစ္စ ပြည်သူများ ဆန္ဒပြခြင်းနှင့် ပတ်သက်ပြီး စစ်အစိုးရအနေနှင့် ပြည်သူများအသံကို နားထောင်သင့်ကြောင်း၊ တိုင်းပြည်၌် လူမှုရေး အခြေအနေ ယိုယွင်းနေကြောင်း ထုတ်ပြန်ချက်ထုတ်အပြီးတွင် Charles Petrie ကို စစ်အစိုးရက တိုင်းပြည်မှ နှင်ထုတ်ခဲ့သည်။
Saturday, May 17, 2008
မြန်မာစစ်အစိုးရနှင့်ပြည်သူဆက်ဆံရေး မြေရှင်ပဒေသရာဇ်စနစ်ခေတ်လို အကြင်နာမဲ့နေ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment