Wednesday, May 21, 2008

လေဘေးဒုက္ခခံရသည့် နေရာများသို့ ကုလ ရဟတ်ယာဉ်များကို သွားခွင့်ပြု

NEJ/ ၂၁ မေ ၂၀၀၈

လေဘေးဒုက္ခသည်များအတွက် ကယ်ဆယ်ရေးပစ္စည်များ သယ်ယူပို့ဆောင်ရန် ကုလသမဂ္ဂ ရဟတ်ယာဉ် (၉) စီးကို မြန်မာစစ်အစိုးရက သယ်ယူပို့ဆောင်ခွင့် ပြုလိုက်သည်ဟု ကုလ သမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းက မြန်မာနိုင်ငံသို့ မထွက်ခွာမီ နယူးယော့ခ်မြို့၌ ပြောကြား သည်။

မစ္စတာဘန်ကီမွန်းက “ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (ဒဗ လျူအက်ဖ်ပီ) ရဲ့ ရဟတ်ယာဉ် (၉) စီးကို သယ်ယူပို့ဆောင် ရေးလုပ်ငန်းလုပ်ဖို့ အစိုးရဆီက ခွင့်ပြုချက် ကျနော်တို့ ရရှိခဲ့ပါတယ်။ ဒါကြောင့် အလွန် အလှမ်းဝေးကွာတဲ့ နေရာတွေ သွားရောက်နိုင်မှာဖြစ်တယ်” ဟု ပြောကြားကြောင်း ကုလသမဂ္ဂသတင်းထုတ်ပြန်ချက်၌ ဖော်ပြသည်။

မစ္စတာ ဘန်ကီမွန်းသည် ကြာသပတေးနေ့ အစောပိုင်း၌ ရန်ကုန်မြို့သို့ ရောက်ရှိမည်ဖြစ်ပြီး ဆိုင်ကလုန်း မုန်တိုင်းဒဏ် အခံရဆုံးဖြစ်သည့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသဘက်သို့ ဆက်လက် သွားရောက်မည်ဟု သိရသည်။ တနင်္ဂနွေနေ့၌ ရန်ကုန်မြို့တွင် အာဆီယံနှင့် ပူးပေါင်းကျင်းပမည့် လေဘေးကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် အလှူငွေ ရှာဖွေရေး ဆိုင်ရာ နိုင်ငံတကာ ညီလာခံတခုသို့ တက်ရောက်ရန်ရှိသည်။

ယခုအချိန်သည် မြန်မာနိုင်ငံတွက် သေရေးရှင်ရေး အချိန်ဖြစ်ကြောင်း၊ လေဘေးဒုက္ခခံနေရသူ များ၏ (၂၅) ရာခိုင်နှုန်းထံသို့သာ အကူအညီ ပေးရေးအဖွဲ့များ ရောက်ရှိကြောင်းနှင့် မြန်မာ နိုင်ငံသို့ရောက်ရှိပါက ကယ်ဆယ်ရေးလုပ်ငန်းများကို ချက်ချင်း အင်အားဖြည့်တင်း လုပ်ကိုင်သွား မည်ဟု ကုလသမဂ္ဂ အကြီးအကဲက ပြောသည်။

၎င်းက “ကျနော် မြန်မာပြည်သူလူထုအတွက် ကျနော် တတ်နိုင်သလောက် အစွမ်းကုန် ဆောင်ရွက် သွားပါမယ်။ ကယ်ဆယ်ရေးအဖွဲ့တွေ လုပ်ကိုင်နေရတဲ့ အခြေအနေကို ကျနော်ကြည့်ချင်ပါတယ်။ သူတို့အားစိုက်လုပ်ကိုင်နေတဲ့ ကယ်ဆယ်ရေးလုပ်ငန်းအတွက် အင်အားဖြည့်တင်းပေးမယ်။ ပြီး တော့ မြန်မာအာဏာပိုင်တွေရယ် နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့တွေရယ်နဲ့ ညှိနှိုင်းဆောင် ရွက်သွားမယ်” ဟု ပြောကြားသည်။

မုန်တိုင်းကြောင့် မြန်မာနိုင်ငံ၌ စိုက်ပျိုးရေးလုပ်ငန်း အကြီးအကျယ် ပျက်စီးသွားကြောင်းနှင့် ဆိုင်ကလုန်းကြောင့် ဖြစ်ပေါ်လာမည့် စီးပွားရေးအပေါ် ထိခိုက်မှုသည် ၂၀၀၄ ခုတွင် ဖြစ်ပွားခဲ့သည့် ဆူနာမိထက် ပိုမိုဆိုးရွားပြီး အချိန်ပိုမိုကြာရှည်နိုင်သည်ဟုလည်း မစ္စတာဘန်ကီမွန်းက ပြောကြား သည်။

မြန်မာနိုင်ငံတွင်း၌ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်၊ ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့နှင့် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ စသည့် ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများက မုန်တိုင်းဘေးဒုက္ခသည် များအတွက် အစားအစာ၊ ဆေးဝါး၊ အမိုးအကာ၊ ရေသန့်စင်ပစ္စည်းများ ပံ့ပိုးပေးခြင်းနှင့် ရောဂါဖြစ် ပွားမှု စောင့်ကြည့်သည့်လုပ်ငန်းများ ဆောင်ရွက်နေကြသည်။

လေဘေးဒုက္ခသည်များအတွက် အရေးပေါ်ကယ်ဆယ်ရေးပစ္စည်းများ ပို့ဆောင်ခွင့်ကို ရန်ကုန်မြို့ အထိသာ မြန်မာစစ်အစိုးရက ခွင့်ပြုထားပြီး သဘာဝဘေးဒဏ် ခံရသည့် နေရာများသို့ နိုင်ငံခြားသားများအား သွားရောက်ခွင့်နှင့် အကူအညီပစ္စည်းများ တိုက်ရိုက်ပေးအပ်ခွင့်တို့ကို ပိတ်ပင်ထားဆဲဖြစ်သည်။ ။

0 comments: