Wednesday, May 21, 2008

မြန်မာစစ်တပ် ကလေးစစ်သားများ ဆက်လက် အသုံးပြုနေဆဲ

ဧရာဝတီ-ကိုစိုး | မေ ၂၁၊ ၂၀၀၈

ကမ္ဘာတဝန်း ကလေးစစ်သားအသုံးပြုမှု စည်းမျဉ်းဥပဒေကိုကျူးလွန်နေဆဲ နိုင်ငံများတွင် မြန်မာနိုင်ငံသည် ဆက်လက် ပါဝင်နေသေးကြောင်း ကလေးစစ်သား အသုံးပြုမှုရပ်ဆိုင်းရေး ယာယီညွန့်ပေါင်း အဖွဲ့ကြီးက ယခုနှစ် အတွက် ထုတ်ပြန် သည့် အစီရင်ခံစာတွင် ပြောဆိုလိုက်သည်။

ယမန်နေ့က အမေရိကန်နိုင်ငံ နယူးရောက်မြို့ ကုလသမဂ္ဂ ရုံးချုပ်တွင် ၂၀၀၈ ခုနှစ်အတွက် ထုတ်ပြန်သော ယင်း အစီအရင် ခံစာကို နိုင်ငံပေါင်း ၁၉၇ နိုင်ငံအား ၂၀၀၄ ခုနှစ်မှ ၂၀၀၇ ခုနှစ် အတွင်း ကလေးစစ်သားအသုံးပြုမှုများ နှင့် ပတ်သက်ပြီး လေ့လာထုတ်ပြန်ထားခြင်းဖြစ်ကြောင်း အစီရင်ခံစာထုတ်ပြန်ရေးအဖွဲ့ ဒါရိုက်တာ ဒေါက်တာ ဗစ်တိုးရီးယား ဖိုဘီစ်က ပြောသည်။

အဆိုပါ အစီရင်ခံစာတွင်“မြန်မာနိုင်ငံသည် အစိုးရနှင့် အစိုးရကို တော်လှန်ရေးလုပ်နေသော တိုင်းရင်းသား လက်နက်ကိုင်အ ဖွဲ့များ အပါအဝင် ၂ ဘက်စလုံး က ကလေးစစ်သားများ ထောင်နှင့်ချီ၍ စုဆောင်း အသုံးပြုနေ ဆဲဖြစ်သောကြောင့် ကလေး စစ်သား အသုံးပြုမှုဆိုင်ရာ စည်းမျဉ်းဥပဒေအား အထင်အရှား ချိုးဖောက်နေဆဲ နိုင်ငံဖြစ်သည်”ဟု ဖော်ပြထားသည်။

နိုင်ငံတွင်း ပဋိပက္ခနယ်မြေ တချို့၏ တိုက်ပွဲများတွင် အသုံးပြုရန်အတွက် မြန်မာစစ်တပ် ကြည်းတပ်နှင့် လက်နက်ကိုင် နိုင်ငံရေးအဖွဲ့အစည်းများက ထောင်နှင့်ချီသော ကလေးစစ်သားအသစ်များကိုကျယ်ကျယ်ပြန့်ပြန့် ဆက်လက်စုဆောင်း နေသည် ဟုလည်း အစီရင်ခံစာက ဆိုသည်။

“မြန်မာအစိုးရက စစ်တပ်ကို ကျယ်ကျယ်ပြန့်ပြန့် တိုးချဲ့နေတဲ့အတွက် ကလေးစစ်သားတွေကို ပိုမို ပြီး ရှာဖွေ စုဆောင်းနေ တာဖြစ်ပါတယ်၊ အခုအခြေအနေကနေ ပိုတိုးတက်လာဖို့ မလွယ်ပါဘူး”ဟု လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ (HRW) မှ မစ္စ ဂျိုးဘက္ကာ က ဧရာဝတီသို့ ပြောသည်။

စစ်အစိုးရအနေနှင့် အသက် ၁၈ နှစ် မပြည့်သူများကို မြန်မာစစ်တပ်ထဲမှ ဖယ်ထုတ်သည်ဟု တရားဝင် ထုတ်ပြန်ထား သော်လည်း လက်တွေ့တွင် အသက်ပြည့်ပြီးသူနှင့် အသက်မပြည့်သူများ အပါအဝင် ကလေး စစ်သားသစ် များအား အဓမ္မ ခြိမ်းခြောက် အကျပ်ကိုင်၍ အကြမ်းဖက်စုဆောင်းမှုများကို လေ့လာတွေ့ရှိနေရသည်ဟု အစီရင် ခံစာက ဖော်ပြသည်။

အစီရင်ခံစာတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များရှိ ကလေးစစ်သားများမှာ ကျေးရွာများနှင့် စိုက်ခင်းများကို တိုက်ခိုက် ဖျက်ဆီးရာ တွင်လည်းကောင်း၊ အစောင့် ကင်းသမားအဖြစ်လည်းကောင်း၊ အရာရှိများခိုင်းစေရန် အမှုထမ်းရာတွင်လည်း ကောင်း အသုံးပြုခံကြရသည်ဟုလည်း ပါရှိသည်။

ကလေးစစ်သားအသုံးပြုမှုတွင် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေးလုပ်ထားသော ကရင် ငြိမ်းချမ်းရေးကောင်စီ (KNU-KNLA PC) ၊ ဝ ပြည်သွေးစည်း ညီညွတ်ရေးတပ်မတော်(UWSA) ၊ တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်ဖွဲ့ (DKBA) ၊ ကချင်ပြည်လွတ်လပ်ရေးတပ်မတော်(KIA)၊ ကရင်နီအမျိုးသားလွတ်မြောက်ရေး တပ်ဦး (KNPLF) စသည့် လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တချို့လည်း ပါဝင်ကြောင်း လေ့လာတွေ့ရှိရသည်ဟု အစီရင်ခံစာက ဆိုသည်။
ယခုအစီအရင်ခံစာ ထုတ်ပြန်သည့် ညွန့်ပေါင်းအဖွဲ့ကို ၁၉၉၈ ခုနှစ်တွင် နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI)နှင့် လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့(HRW) တို့ကဲ့သို့သော လူ့အခွင့်အရေးအဖွဲ့ကြီးများပူပေါင်း ဖွဲ့စည်းခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

0 comments: