ဧရာဝတီ-ကိုစိုး | မေ ၇၊ ၂၀၀၈
မြန်မာနိုင်ငံရှိ လေဘေး ဒုက္ခသည်များအတွက် လိုအပ်သော အမိုးအကာ အသုံးအဆောင်နှင့် ဆေးဝါးများ၊ သောက်ရေသန့် များစသည့်ီအကူအညီများ တရုတ်၊ ဂျပန်၊ လာအို၊ ဘင်္ဂလားဒေ့ရှ်၊ ထိုင်းနှင့် အိန္ဒိယနိုင်ငံများမှ ယနေ့ ရန်ကုန် လေဆိပ်သို့ ရောက်ရှိလာကြောင်း သိရသည်။
ယမန်နေ့ကလည်း အိမ်နီးချင်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ ထောက်ပံ့ရေးပစ္စည်း များ သယ်ဆောင်လာသော စစ်လေ ယာဉ်တစီး မြန်မာနိုင်ငံသို့ ဆိုက်ရောက် ခဲ့ပြီး အိန္ဒိယနိုင်ငံကလည်း လေဘေး ဒုက္ခသည်များ အတွက် တန်ပေါင်းများစွာ ရှိသည့် ဆန်၊ ဆေးဝါးနှင့် လိုအပ်သော အသုံးအဆောင် ပစ္စည်းများကို သဘောင်္ ၂ စင်း ဖြင့် တင်ပို့လိုက်ကြောင်း၊ မြန်မာ နိုင်ငံအတွင်း အကူအညီများ စတင် ရောက်ရှိ နေပြီ ဖြစ်ကြောင်း၊ မလေးရှား နိုင်ငံကလည်း ပါဝင်ကြောင်း နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်တဦး က ပြောသည်။
ထို့ပြင် တခြားသော အမေရိကန်၊ ယူကေ၊ နော်ဝေ၊ ပြင်သစ်၊ ကနေဒါ၊ နယ်သာလန်၊ ဆွီဒင်၊ ဂျာမနီ၊ ဂျပန် ၊ သြစတေးလျ စသည့် နိုင်ငံများကလည်း မြန်မာ နိုင်ငံသို့ အကူအညီများပေးမည်ဖြစ်ကြောင်း သိရသည်။
ယင်းနာဂစ် ဆိုင်ကလုန်း တိုက်ခိုက်ခံရသည့် ဒုက္ခသည်များအတွက် အမေရိကန်နိုင်ငံ၏အကူအညီများကို ခွင့်ပြု ရန် သမ္မတ ဂျော့ဘုရှ်ကလည်း မြန်မာစစ်အစိုးရကို ယမန်နေ့က တိုက်တွန်း ပြောကြားလိုက်သည်။
အမေရိကန်အနေနှင့် ယခုထက်ပိုမို၍ အကူအညီများ ပေးလိုသည်ဟုလည်း အမေရိကန်နိုင်ငံ ဝါရှင်တန် ဒီစီရှိ အိမ်ဖြူတော် တွင် သမ္မတဘုရှ်က ပြောကြားခဲ့သည်။
အဆိုပါ ဒုက္ခသည်များကို ကူညီကယ်ဆယ်ရေးအတွက် အမေရိကန်ရေတပ် ကယ်ဆယ်ရေးတပ်ဖွဲ့ကို မြန်မာနိုင်ငံသို့ လွှတ်ရန်ပြင်ဆင် ထားပြီးဖြစ်ကြောင်းနှင့် အမေရိကန်သံရုံးမှတဆင့် အရေးပေါ်ကယ်ဆယ်ရေးအကူအညီ ဒေါ်လာ ၂ သိန်း ခွဲ ပေးခဲ့ပြီးနောက် ဒေါ်လာ ၃ သန်း ထပ်မံကူညီမည်ဖြစ်ကြောင်းကိုလည်း သိရသည်။
“ဒုက္ခသည် မြန်မာပြည်သူတွေကို အမေရိကန်က လာရောက် ကူညီခွင့်ပြုဖို့ မြန်မာစစ်အစိုးရကို ကျနော်တို့ အသိပေးပြော ကြားလိုက်ပါတယ်”ဟု သမ္မတဘုရှ်က ပြောသည်။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်အထက်လွှတ်တော်က အရပ်သားများအား ချီးမြှင့် သည့် အမြင့်ဆုံး ရွှေတံဆိပ်ဆုကို ချီးမြှင့်ရန် အတည်ပြုလက်မှတ်ထိုးသည့် အခမ်းအနားတွင် သမ္မတ ဘုရှ် က ဤသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
မုန်တိုင်းဒဏ်ကြောင့် မြန်မာနိုင်ငံတွင်း အသက်ဆုံးရှုံးရသူများနှင့် ပျက်စီးဆုံးရှုံးခဲ့ရသူများကို ကူညီနိုင်ရေး၊ ပျောက်ဆုံးသူ များကို ရှာဖွေ နိုင်ရေးနှင့် လက်ရှိအခြေအနေတည်ငြိမ်ရေးတို့အတွက် ကူညီရန် အမေရိကန် ကယ်ဆယ်ရေး ရေတပ် လေယာဉ်တင်သင်္ဘော (USS Kitty Hawk) နှင့် (USS Nimitz) တို့ အပါအဝင် ထိုင်း ပင်လယ်ကွေ့တွင် နှစ်ပတ်လည် စစ်ရေးပြလေ့ကျင့်ရန်ထားရှိသော (USS Essex) (USS Juneau) (USS Harper’s Ferry) စသည့် လေယာဉ်တင်သဘောင်္ များကိုလည်း စေလွှတ်အသုံးပြုနိုင်သည်ဟု ဆိုသည်။
USS Essex သင်္ဘောသည် ကုန်း ရေ ၂မျိုး သုံးနိုင်သည့် ဟယ်လီကော်ပတာ ၂၃ စင်း တင်ဆောင်နိုင်ပြီး ကုန်တင် ယာဉ် ၁၉ စီးအပါအဝင် ကမ်းတက်တပ်သား ၁၈၀၀ တင်ဆောင် သယ်ယူနိုင်သည်ဟု ပင်တဂွန် စစ်ဌာနချုပ်ပြော ခွင့်ရ ဂျော့ဖ် မော်ရီးလ်က အေပီ သတင်း ဌာနသို့ ပြောသည်။
မြန်မာအစိုးရကသာ ခွင့်ပြုမည်ဆိုပါက အမေရိကန်နိုင်ငံမှ အထက်ပါအကူအညီများသည် မြန်မာနိုင်ငံသို့ အမြန်ဆုံး ပို့ဆောင် ရောက်ရှိရန် အဆင်သင့်ရှိနေသည်ဟုလည်း အမေရိကန်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့် ရှိသူ ရှောင် မက္ကောမက်ကလည်း ပြောသည်။
အမေရိကန်နိုင်ငံ၏ လေဘေး ဒုက္ခသည်များ အကူအညီပေးရေး ကမ်းလှမ်းချက်ကို ယခုအချိန်အထိ စစ်အစိုးရက လက်ခံ ခွင့်ပြုခြင်း ရှိမရှိကိုမူ မသိရှိရသေးချေ။
ယင်းသို့ ကမ္ဘာ့နိုင်ငံများက မုန်တိုင်းဒဏ်သင့် ဒုက္ခသည်များအတွက် အကူအညီများပေးနေပြီဖြစ်သော်လည်း မြန်မာစစ် အစိုးရ၏ ဆုံးဖြတ်ချက် နှောင့်နှေး မှုကြောင့် ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ကြီး၏ အကူအညီပေးရေး အစီစဉ် မှာ ကြန့်ကြာမှု ဖြစ်နေရသည်။ မြန်မာစစ်အစိုးရ က ကယ်ဆယ်ရေးကျွမ်းကျင်လုပ်သားများကို ဗီဇာထုတ် ပေးရန် အချိန်ဆွဲနေခဲ့သည်။
ကုလသမဂ္ဂ အနေဖြင့် ယင်း နာဂစ် ဆိုင်ကလုန်းမုန်တိုင်း ဒဏ်ခံရသောဒေသများသို့ လိုအပ်သော အသုံး အဆောင် နှင့် ဆေးဝါးများကို လေယာဉ်ဖြင့် အမြန်ဆုံးပို့ဆောင်နိုင်ရေးအတွက် တနင်္လာနေ့က စတင်၍ပြင်ဆင် ခဲ့ခြင်းဖြစ်သည်ဟုလည်း သိရသည်။
အဆိုပါအစီအစဉ် ကို ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း၏ ရုံးအဖွဲ့မှူး မစ္စတာ ဗီဂျေး နမ်ဘီယာ နှင့် ကုလသမဂ္ဂဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးကျော်တင့်ဆွေတို့ တနင်္လာနေ့က ပြုလုပ်သည့် အစည်းအဝေးအတွင်း ဆုံးဖြတ်ခဲ့ခြင်းဖြစ်ဟု ဆိုသည်။
ယင်းအစည်းအဝေးအတွင်း ဆိုင်ကလုန်းမုန်တိုင်း လေဘေးဒုက္ခသည်များအတွက် ထောက်ပံ့ကူညီမှုများ ပေးရန် မြန်မာစစ် အစိုးရက တောင်းခံကြောင်းကို ဦးကျော်တင့်ဆွေက အတည်ပြုပြောကြားခဲ့သည်ဟု ကုလသမဂ္ဂ အထွေထွေ အတွင်းရေး မှူးချုပ် ၏ ပြောရေးဆိုခွင့်ရှိသူ မစ္စတာ ဗီဂျေး နမ်ဘီယာ က ပြောသည်။
လွန်ခဲ့သည့် မေလ ၂ ရက်နေ့ ညပိုင်းက စတင်၍ ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်ဒေသနှင့် ရန်ကုန်တိုင်းတို့ကို ဖြတ်သန်း တိုက်ခတ်သော နာဂစ် ဆိုင်ကလုန်း မုန်တိုင်း ဒဏ်ကြောင့် လူ ပေါင်း ၂၂၀၀၀ ကျော် သေဆုံး၍ ၄၁၀၀၀ ခန့် ပျောက်ဆုံးနေ ကြောင်း အစိုးရက ထုတ်ပြန်ထားသည်။
ကုလသမဂ္ဂ အပါအဝင် ကျွမ်းကျင်သူများကမူ သေဆုံးပျောက်ဆုံးသူ ဦးရေ ယခုထက် ပိုမိုနိုင်ကြောင်းနှင့် လူ ၁ သန်း ခန့် အိုးမဲ့အိမ်မဲ့ဖြစ်နိုင်သည်ဟု ခန့်မှန်းကြသည်။
ကနန်ကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုအပေါ် CDM ကထိက ဌာနမှူး ဆရာမ
#ဒေါ်ရတီအုန်း ရဲ့ ပြောကြားချက် (Jan 12, 2024)
-
Mobile Medical Team-West Division တာဝန်ခံ
CDM ကထိက ဌာနမှူး ဆရာမ #ဒေါ်ရတီအုန်း ရဲ့ ပြောကြားချက် (Jan 12, 2024)
#တမူး မြို့နယ်၊ #ခမ်းပတ် မြို့အနီးရှိ #ကနန်...
10 months ago
0 comments:
Post a Comment