မဇ္ဈိမသတင်းဌာန မေ ၁၊ ၂၀၀၈
နယူးဒေလီ။ ။ စစ်အစိုးရ ပြုလုပ်မည့် မေလ လူထုဆန္ဒ ခံယူပွဲ ကျင်းပနေချိန်တွင် နိုင်ငံခြား သတင်းဌာနများမှ သတင်းထောက်များအား မြန်မာနိုင်ငံအတွင်း ဝင်ရောက်ခွင့် ပိတ်ပင်ထားသည်။
နိုင်ငံခြား သတင်းထောက်များ မေလ လူထုဆန္ဒခံယူပွဲ သတင်းအချက်အလက်များ ရယူရန် လာနိုင်မည် မဟုတ်ကြောင်း ပြန်ကြားဝန်ကြီးဌာန လက်အောက်ရှိ ဌာနတခု၏ ပြောဆိုချက်ကို ကိုးကားပြီး ရန်ကုန်အခြေစိုက် နိုင်ငံခြား သတင်းဌာနမှ သတင်းထောက်တဦးက ပြောဆိုခြင်း ဖြစ်သည်။
“မလာရဘူးလို့ ပြောပါတယ်။ ဘာဖြစ်လို့ မလာရဘူး ဆိုတာကို သူတို့ကို ပြန်မေးနိုင်တဲ့ အခြေအနေ မရှိပါဘူး။ ပြန်ကြားရေးနဲ့ ဆိုင်တဲိ့နစမေအာနညအ တခုက ပြောပါတယ်။ ဗီဇာ တင်မယ့်လူတွေ အလားအလာ မကောင်းတော့ ကျန်တဲ့သူတွေက တင်ဖို့ မကြိုးစားတော့ဘူးလေ” ဟု ပြောသည်။
သက်ဆိုင်ရာ နိုင်ငံများရှိ မြန်မာသံရုံးများတွင်လည်း ပြည်ဝင်ခွင့်ဗီဇာ လျှောက်ထားသည့် နိုင်ငံခြား သတင်းထောက်များ ဗီဇာ ငြင်းပယ်ခြင်း ခံရသလို နိုင်ငံခြား သတင်းဌာနတခု ဖြစ်သည့် ရိုက်တာမှ သတင်းထောက်တဦး ပြည်ဝင်ခွင့်ဗီဇာ လျှောက်ထားရာတွင် ယခုထိ တစုံတရာ မသိရှိရသေးကြောင်း အမည်မဖော်လိုသူ မြန်မာ သတင်းထောက်တဦးက ယခုလို ပြောသည်။
“လာခွင့်မရဘူးလို့ ကြားတယ်။ ရိုက်တာသတင်းထောက် ဗီဇာ လျှောက်ထားတာလည်း အခုထိ အခြေအနေ မသိရသေးဘူး။ တခြားသတင်းဌာနက သတင်းထောက်တွေလည်း အခြေအနေ မသိရသေးဘူး” ဟု ပြောသည်။
အိန္ဒိယနိုင်ငံ နယူးဒေလီရှိ အိန္ဒိယနိုင်ငံသား သတင်းထောက်အချို့လည်း မေလ ၁ဝ ရက်နေ့တွင် ပြုလုပ်မည့် ဆန္ဒခံယူပွဲအား သတင်းရယူရန် နယူးဒေလီရှိ မြန်မာသံရုံးထံ ပြည်ဝင်ခွင့်ဗီဇာ လျှောက်ထားရာ ငြင်းပယ်ခံရကြောင်း အမည်မဖော်လိုသည့် အိန္ဒိယ သတင်းထောက်တဦးကလည်း မဇ္ဈိမကို ပြောသည်။
သူက “ဗီဇာလျှောက်ကြတာ တယောက်မှ မရကြဘူးလို့ ပြောတယ်။ အားလုံးလိုလို ငြင်းပယ်ခံရတယ်လို့ ပြောတယ်” ဟု ပြောသည်။
ယခုလို နိုင်ငံခြား သတင်းထောက်များ ပြည်ဝင်ခွင့်ဗီဇာ ငြင်းပယ်ခံရခြင်းနှင့် ပတ်သက်၍ နေပြည်တော်ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနကို ဆက်သွယ်မေးမြန်းရာ ညွှန်ကြားရေးမှူးချူပ် ဦးချစ်နိုင်က ယခုလို ပြန်လည် ဖြေကြားခဲ့သည်။
“ကျနော် မသိဘူး။ ကျနော် မပြောနိုင်ဘူး။ ဗီဇာ မပိတ်ပါဘူး။ သံရုံးမှာ သွားမေးရင် သိတာပဲ၊ ဗီဇာမပိတ်တာ။ သတင်းထောက်ရယ်လို့ မဟုတ်ဘူးလေ။ နိုင်ငံခြားဧည့်သည် ဘယ်သူမဆို လာလို့ရတာပဲ။ ကျန်တာ မသိဘူး” ဟု သူက ပြောသည်။
ယခုလို နိုင်ငံခြားသတင်းထောက်များ ပြည်ဝင်ခွင့်ဗီဇာ ငြင်းပယ်ခံရချိန်တွင် ပြည်တွင်းရှိ မြန်မာ သတင်းထောက်များအား လွတ်လပ်စွာ မဲရုံများအတွင်း သတင်းရယူခွင့်၊ ဓာတ်ပုံရိုက်ခွင့်များ ပေးမည်ဟု ပြောဆိုနေသော်လည်း ကန့်သတ်မှုများ ရှိမှာ သေချာကြောင်း ပြည်တွင်း သတင်းဂျာနယ်မှ အယ်ဒီတာတဦးက ယခုလို ပြောသည်။
“ပြည်တွင်း သတင်းသမားတွေကိုတော့ သတင်းယူခွင့်၊ ဓာတ်ပုံရိုက်ခွင့် ပေးမယ်ပြောတယ်။ ခက်တာက မဲရုံတွေထဲမှာ သူတို့လူတွေကလည်း သတင်းသမားတွေကို ဓာတ်ပုံ လိုက်ရိုက်ထားမယ်လို့ ကြားနေတယ်။ ပြီးတော့လည်း သူတို့ပြတဲ့ နေရာတွေလောက်ပဲ သွားရမှာ” ဟု သူက ပြောသည်။
ပြည်တွင်းထုတ် အပတ်စဉ် သတင်းဂျာနယ်များတွင် မေလ လူထုဆန္ဒ ခံယူပွဲတွင် ထောက်ခံမဲပေးရန် မဲဆွယ်ထားသည့် စာတမ်းများ မဖြစ်မနေ ထည့်သွင်းဖော်ပြရန် အာဏာပိုင်များက ညွန်ကြားထားကြောင်း သိရသည်။
“အစိုးရ သတင်းစာတွေထဲမှာ ထောက်ခံမဲပေးဖို့ စည်းရုံး သိမ်းသွင်းရေးထားတဲ့ စာတမ်းတွေကို ဂျာနယ်တွေရဲ့ ရှေ့ဆုံး စာမျက်နှာ၊ နောက်ဆုံး စာမျက်နှာရယ်၊ မဟုတ်ရင် စာမျက်နှာ ၃ မှာ မထည့်မနေရ ဆိုပြီးတော့ ပြောထားတယ်” ဟု ရန်ကုန်ရှိ အပတ်စဉ်ထုတ် သတင်းဂျာနယ်တခုမှ အယ်ဒီတာ တဦးကလည်း ပြောသည်။
Thursday, May 1, 2008
ဒေါ်စုအိမ်အနီး လုံခြုံရေး အတားအဆီးများ ပိုချထား
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment