Friday, April 25, 2008

ကိုယ့်ကြမ္မာကိုယ်ဖန်တီးရေး မပျက်မကွက်မဲပေးကြရန် အန်အယ်လ်ဒီ တိုက်တွန်း

NEJ/ ၂၅ ဧပြီ ၂၀၀၈

မေလတွင် ကျင်းပတော့မည့် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း ဆန္ဒခံယူပွဲသည် လွတ်လပ်မှုနှင့် တရားမျှတမှု မရှိကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) က ဧပြီ (၂၄) တွင် အထူးကြေညာချက် ၇/၀၄/၀၈ ကို ထုတ်ပြန်လိုက်သည်။

အဆိုပါ ကြေညာချက်တွင် အဓိက ဖော်ပြထားသည့်အချက်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို အတည်ပြုရာတွင် လွယ်ကူစွာ အတည်ပြုနိုင်အောင် ဖန်တီးထားပြီး ပြင်ဆင်ရာတွင်မူ ခက်ခဲအောင် ရေးဆွဲထားသည်ဟု ဖော်ပြထားသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း ၂၀၀၈ ခုနှစ်၏ ကူးပြောင်း ရေးကာလ ပြဋ္ဌာန်းချက်များတွင် “ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အားလုံး၏ ထက်ဝက်ကျော် မဲပေးသည့် ဆန္ဒမဲ၏ မဲများဖြင့် အတည်ပြု ပြဋ္ဌာန်းလိုက်သည့် ဤဖွဲ့စည်းပုံ အခြေခံ ဥပဒေသည်......” ဟု ရေးသားထားချက်သည် မူကြမ်းကို လွယ်ကူစွာ အတည်ပြုနိုင် မည်ဖြစ်ကြောင်း၊ ယင်းအချက်သည် ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူအားလုံး၏ လေးပုံတပုံကျော် မဲဖြင့် လွယ်လင့်တကူ အတည်ပြုနိုင်ရန် ဖန်တီးထားခြင်းဖြစ်ကြောင်း အန်အယ်လ်ဒီက ဖော်ပြထားသည်။


ထို့အပြင် ယင်းမူကြမ်း၏ အခန်းအချို့ပါ ပြဋ္ဌာန်းချက်များ ပြင်ဆင်ခွင့်ကိုမူ “ပြည်ထောင်စုလွှတ် တော် ကိုယ်စားလှယ်အားလုံး၏ (၇၅) ရာနှုန်းကျော်က ပြင်ဆင်ရန် သဘောတူ လက်ခံပြီးနောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပ၍ ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ အားလုံး၏ ထက်ဝက်ကျော်မဲဖြင့်သာ ပြင်ဆင်ရမည်” ဟူသည့် အချက်သည် လွယ်ကူစွာ ပြင်ဆင်၍ မရရန် ပြဋ္ဌာန်းထားချက်ဖြစ်ကြောင်း အန်အယ်လ်ဒီက ထောက်ပြထားသည်။ ဆိုလိုသည်မှာ ပြင်ဆင်ခွင့်ကိုမူ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အားလုံး၏ နှစ်ပုံတပုံကျော် မဲဖြင့်သာ ပြင်ဆင်ရမည်ဟု ခက်ခဲအောင် ရေးဆွဲထားသည်ဟု အန်အယ်လ်ဒီက တင်ပြသည်။

ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ဥပဒေနှင့် နည်းဥပဒေတို့မှာ စံချိန်စံညွှန်း မမီကြောင်း၊ မဲရေတွက်ခြင်း နှင့် စာရင်းပြုစုခြင်းနှင့် ပတ်သက်၍လည်း စုပေါင်းစာရင်းချုပ်ချိန်၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ပြည်သူ လူထု စောင့်ကြည့်လေ့လာခွင့် မရှိသည့်အတွက် ပွင့်လင်းမြင်သာမှုမရှိဘဲ မမှန်မကန်လုပ်နိုင်သည့် အခွင့်အရေးများကို ရရှိစေကြောင်း ကြေညာချက်တွင် ဆက်လက်ဖော်ပြထားသည်။

အဆိုပါ မဲစာရင်းပြုစုခြင်းနှင့် ပတ်သက်၍ အန်အယ်လ်ဒီ ပြန်ကြားရေးအဖွဲ့ဝင်တဦးဖြစ်သည့် ဦးသိန်းညွန့်က “မဲပေးပြီးတဲ့အခါကျ မဲရုံမှူးတို့ မဲရုံအဖွဲ့ဝင်တို့က လက်မှတ်ထိုးသလို တဘက်မှာ လည်း သက်သေဆိုတဲ့ နေရာမှာလည်း သက်သေ (၅) ယောက် လက်မှတ်ထိုးဖို့ သတ်မှတ်ပေး ထားတာရှိတယ်။ အဲဒီ သက်သေ (၅) ယောက်က ရပ်ကွက်က လေးစားပြီးတော့ မှန်မှန်ကန်ကန် လုပ်တဲ့ပုဂ္ဂိုလ်များက သက်သေအဖြစ် ပါမယ်ဆိုရင်တော့ ဒီမဲတွေက ပြည်သူတွေ ဆန္ဒပြုတဲ့ အတိုင်း ဖြစ်လာမှာပေါ့။ ဒါပေမယ့် ဒီမဲတွေက သက်ဆိုင်ရာမြို့နယ်ကို ပို့တဲ့အခါ၊ တိုင်းနယ်ပြည် နယ်ပို့တဲ့အခါ ကော်မရှင်ကြီးကို ပို့တဲ့အခါကျတော့ မဲရေတွက်တဲ့အခါမှာတော့ သက်သေမပါ တော့ဘူး။ သက်သေမပါတဲ့အတွက် ကျနော်တို့ ထောက်ပြထားသလို မဲကို ရေတွက်စာရင်းပေါင်း တဲ့အခါမှာ ပြည်သူလူထုက စောင့်ကြည့်လေ့လာခွင့်မရဘူး။ အဲဒီမရတာကိုက မမှန်မကန်တဲ့ အခွင့်အရေးတွေကို လုပ်နိုင်တယ်လို့ ကျနော်တို့ အလေးအနက် ထောက်ပြထားတာပါ” ဟု ပြောသည်။

ကြေညာချက်တွင် အချက်ပေါင်း (၉) ချက်ပါဝင်ပြီး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပရေး ကော် မရှင်မှာ လွတ်လပ်မှုမရှိဘဲ နအဖ၏ သြဇာသက်ရောက်မှုအောက်တွင်သာ ရှိနေကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အချက်အလက်များကို မဲပေးကြမည့် ပြည်သူအများသိအောင် ကျယ်ကျယ် ပြန့်ပြန့် ချပြခြင်းမရှိကြောင်း၊ အစိုးရဌာနဆိုင်ရာ ၀န်ထမ်းများ၊ စက်ရုံအလုပ်ရုံ အလုပ်သမားများ ထံမှ ထောက်ခံမဲရရှိရန် ကြိုတင်ဆန္ဒမဲ ရယူနေကြောင်း၊ ဆန္ဒခံယူပွဲတွင် သိရှိရမည့် စာရွက် စာ တမ်းများ လိုက်လံဝေငှနေသည့် အန်အယ်လ်ဒီအဖွဲ့ဝင်များအား စစ်ဆေးမေးမြန်း ဖမ်းဆီးမှုများ ရှိနေကြောင်း စသည်တို့ကိုလည်း ဖော်ပြထားသည်။

သို့သော်လည်း ဆန္ဒခံယူပွဲသည် လျှို့ဝှက် ဆန္ဒမဲပေးသည့်စနစ် ဖြစ်သောကြောင့် ပြည်သူလူထု အနေဖြင့် ကြောက်ရွံ့ စိုးရိမ်ခြင်းကင်းစွာဖြင့် ဒီမိုကရေစီရရှိရေးအတွက် မဲရုံသို့ သွားကြပြီး ကိုယ့် ကံကြမ္မာ ကိုယ်ဖန်တီးရန် ကြက်ခြေခတ် (X) ၍ မပျက်မကွက် ကန့်ကွက်မဲ ပေးကြရန် အန်အယ်လ်ဒီက ထပ်မံတိုက်တွန်းထားသည်။

အခြေခံဥပဒေမူကြမ်း ဆန္ဒခံယူပွဲတွင် ကန့်ကွက်မဲ ပေးကြရန် အန်အယ်လ်ဒီအဖွဲ့ဝင်များ၏ စည်းရုံး လှုံ့ဆော်မှုများသည် ပြည်သူများ အကြား တပြည်လုံး အတိုင်းအတာအထိ ပျံ့နှံ့နေကြောင်း အန် အယ်လ်ဒီ ပြောခွင့်ရသူတဦးဖြစ်သည့် ဦးဥာဏ်ဝင်းက ပြောသည်။

၎င်းက “တိုင်းနယ်ပြည်နယ် အကုန်လုံးကို အနှံ့အပြား ရောက်တယ်။ နောက်တခုက အန်အယ်လ်ဒီ တင်မကဘူး အန်အယ်လ်ဒီ မဟုတ်သော ပုဂ္ဂိုလ်များကလည်း သူတို့အသိစိတ်ဓာတ်နဲ့ ၀င်ရောက်ဆောင်ရွက်ပေးနေတာရှိတယ်။ ပြည်မဘက်မှာတော့ ပြည်သူ တော်တော်များများက ကျနော်တို့ ရှင်းပြတာတွေကို သူတို့ကိုယ်တိုင်တောင် နားလည်ပြီးသား ဖြစ်နေတယ်။ သူတို့ကိုယ်တိုင် ဘာ လုပ်ရမလဲဆိုတဲ့အဖြေကို ထုတ်ပြီးသားဖြစ်နေတာ အများအားဖြင့် တွေ့ရတယ်။ ဒါပေမယ့် အဖြေ ထုတ်တဲ့နေရာမှာ ဘယ်လို အမှားအယွင်းရှိမလဲ ဆိုတာတော့ စိုးရိမ်တာပေါ့ဗျာ” ဟု ပြောသည်။

0 comments: