Friday, April 25, 2008

မြန်မာဝန်ကြီးချုပ် ထိုင်းသို့ အလည်အပတ် သွားရောက်မည်

မဇ္ဈိမသတင်းဌာန-မုံပီး၊ ဧပြီ ၂၅ ရက် ၂၀၀၈

နယူးဒေလီ။ ။ လာမည့် မေလတွင် ကျင်းပမည့် ဆန္ဒခံယူပွဲအတွက် အကြီးအကျယ် အလုပ်များနေချိန်တွင် မြန်မာဝန်ကြီးချုပ် ဒုဗိုလ်ချုပ်ကြီး သိန်းစိန်သည် ဤဧပြီလကုန်တွင် ထိုင်းနိုင်ငံသို့ ၂ ရက်ကြာ တရားဝင် အလည်အပတ်ခရီး သွားရောက်မည် ဖြစ်သည်။

ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ ဧပြီလ ၂၉-၃ဝ ရက်တွင် ထိုင်းနိုင်ငံသို့ အလည်အပတ် သွားရောက်ရန် စီစဉ်ထားသည့် မြန်မာဝန်ကြီးချုပ်သည် ထိုင်းဝန်ကြီးချုပ် စမတ် ဆွန်ထော်ရဝေ့ခ်ျ (Samak Sundaravej) ၊ နိုင်ငံခြားရေးဝန်ကြီး နွပ်ဖဒွန်း (Noppadon) တို့နှင့် တွေ့ဆုံဆွေးနွေးမည် ဖြစ်သည်။

“ဤအလည်အပတ် ခရီးစဉ်သည် နိုင်ငံအကြား လှိုက်လှဲသော ဆက်ဆံရေးကို ပေါ်ပေါက်စေမည် ဖြစ်သလို၊ လယ်ယာ အငှါးချထားခြင်း လုပ်ငန်းများ မြှင့်တင်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းများ လုပ်ကိုင်ရန် အတွက်လည်း နားလည်မှု စာချွန်လွှာများ လက်မှတ် ရေးထိုးကြလိမ့်မည် ဖြစ်သည်” ဟု ဧပြီလ ၁၇ ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်သောသတင်း ကြေညာချက်က ဆိုသည်။


မြန်မာစစ်တပ် အသိုင်းအဝိုင်းနှင့် နီးစပ်သော သတင်းရပ်ကွက်များ၏ အဆိုအရ ဦးသိန်းစိန်သည် ထိုင်းဝန်ကြီးချုပ်နှင့် တွေ့ဆုံသည့်အခါ ထိုင်းနှင့်ထားဝယ် ဆက်သွယ်ဖေါက်လုပ်ထားမည့် ၄ လမ်းသွား မော်တော်ကားလမ်း နှင့် ရထား လမ်းဒွေးလမ်းတို့ ပါဝင်သည့် ထားဝယ် ရေနက်ဆိပ်ကမ်း အပါအဝင် စာချုပ် အများအပြားကို လက်မှတ် ရေးထိုးဘွယ်ရှိသည်ဟု ဆိုသည်။

“စာချုပ်မှာ ထားဝယ်-ရန်ကုန် အချင်း ၅ လက်မရှိ ဓါတ်ငွေ့ပိုက်လိုင်းနဲ့ ထားဝယ်နှင့် ရန်ကုန်မြို့တွေမှာ တည်ဆောက်မဲ့ ဓါတ်ငွေ့စက်ရုံတို့ပါ ပါဝင်မှာပါ” ဟု အဆိုပါ သတင်းရပ်ကွက်ကပင် ဆက်လက် ပြောဆိုသွားခဲ့ပါသည်။

ယခု ခရီးစဉ်သည် ထိုင်းဝန်ကြီးချုပ် မြန်မာနိုင်ငံသို့ သွားရောက်ခဲ့စဉ်က မြန်မာစစ်အစိုးရက ပေးအပ်ခဲ့သည့် ကတိအရ လာရောက်လည်ပတ်သည့် အပြန်အလှန် လည်ပတ်မှု ဖြစ်နိုင်ကြောင်းဖြင့် ထိုင်းအခြေစိုက် မြန်မာ့စစ်ရေးအကဲခတ် ဦးဝင်းမင်းက ဆိုလိုက်ပါသည်။

“ဒါပေမဲ့ လာရောက် လည်ပတ်တဲ့အချိန်က ဆန္ဒခံယူပွဲ ကျင်းပခါနီး အချိန်ဆိုတော့ စိတ်ဝင်စားစရာ ကောင်းနေပါတယ်” ဟု ဦးဝင်းမင်းက ဆိုလိုက်ပါသည်။

မြန်မာစစ်အစိုးရက ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းကို အတည်ပြုရန် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ တရပ်ကို မေလတွင် ကျင်းပမည်ဟု ကြေညာထားပြီး အဆိုပါ ဆန္ဒခံယူပွဲ၌ ထောက်ခံမဲ ရရှိရေးအတွက် အကြီးအကျယ် ပြင်ဆင်မှုများ လုပ်နေသည်ဟု သတင်းများ ရရှိသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ အတည်ဖြစ်လျှင် မြန်မာ စစ်အာဏာရှင်များက ယင်းတို့၏ တရားဝင်မှုကို ပြည်တွင်းရော ပြည်ပတွင်ပါ ပြောဆိုနိုင်တော့မည် ဖြစ်သည်။

မည်သို့ပင်ဆိုစေ၊ အတိုက်အခံ အုပ်စုများနှင့် အနောက်နိုင်ငံများက စစ်အစိုးရ၏ ဆန္ဒခံယူပွဲ ဖြစ်စဉ်သည် “တရားမျှတမှုနှင့် လွတ်လပ်မှု” မရှိကြောင်း ဝေဘန် ပြောဆိုနေကြသည်။ အဆိုပါ ဆန္ဒခံယူပွဲတွင် ထောက်ခံမဲ ရရှိရေးအတွက် မဲဆန္ဒရှင်များကို ခြိမ်းခြောက်မှုများ လုပ်နေပြီး မဲခိုးမဲလိမ်မှုများလည်း ဖြစ်နိုင်ဘွယ်ရှိသည်ဟု ခန့်မှန်း ပြောဆိုနေကြသည်။

“အနောက်နိုင်ငံတွေက ခုလို ဝေဘန်မှုတွေ ရှိနေတာဆိုတော့ ခြိမ်းခြောက်တာတွေ၊ မဲခိုးတာတွေ ရှိနေဦးတော့ ထွက်လာတဲ့ ဆန္ဒခံယူပွဲ ရလဒ်ကို ထိုင်းနိုင်ငံ ထောက်ခံလာအောင် နအဖက လော်ဘီ လုပ်မှာဘဲ” ဟု ဦးဝင်းမင်းက ပြောဆိုသွားပါသည်။ မြန်မာစစ်အစိုးရ၏ တရားဝင်အမည် “နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ” (နအဖ) ကို ရည်ညွှန်းပြောဆိုသွားခြင်း ဖြစ်သည်။

စစ်အစိုးရသည် ဤသို့ ထောက်ခံမှုများ ရရှိရေးအတွက် အိမ်နီးချင်း နိုင်ငံများဖြစ်သည့် ထိုင်း၊ အိန္ဒိယ၊ တရုတ် နှင့် အာဆီယံနိုင်ငံများသို့ ဂရုတစိုက် စီစဉ်ထားသည့် လော်ဘီ ခရီးစဉ်များ ထွက်လျက် ရှိသည်ဟုလည်း သူကပင် ဆက်လက် ပြောဆိုသွားပါသည်။

“ရွေးကောက်ပွဲအပြီး အခြေအနေအပေါ် ထောက်ခံမှု ရရှိဘို့အတွက် အိမ်နီးချင်းနိုင်ငံတွေကို စီးပွါးရေး အခွင့်အရေးတွေ ပေးပြီး ဆွဲဆောင်ဘို့ နအဖက စီစဉ် လုပ်ဆောင်နေတယ်။ ကုလားတန် ရေလမ်း အသုံးပြုခွင့်ကို အိန္ဒိယကို ပေးလိုက်ပြီး၊ ရခိုင် ရေနက်ဆိပ်ကမ်းကိုတော့ တရုတ်ကို ပေးလိုက်တယ်။ အခုလည်း ထားဝယ် ရေနက်ဆိပ်ကမ်းကို ထိုင်းကိုပေးဘို့ လုပ်နေပြန်ပြီ” ဟု ဦးဝင်းမင်းက မဇ္ဈိမသို့ ပြောကြားသွားပါသည်။

မြန်မာနိုင်ငံ စစ်အစိုးရ ဒုတိယအကြီးအကဲ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး ယခု ဧပြီလဆန်းပိုင်းတွင် အိန္ဒိယနိုင်ငံသို့ အလည်အပတ် လာရောက်စဉ် ကုလားတန် ဘက်စုံသယ်ယူပို့ဆောင်ရေး စီမံကိန်း ဖေါ်ထုတ်ရန် အိန္ဒိယအစိုးရနှင့် စာချုပ်တရပ် လက်မှတ် ရေးထိုးခဲ့ပါသည်။

ထိုအတောအတွင်း အစိုးရပိုင် စီးပွါးရေးလုပ်ငန်း ၂ဝ ကျော်ကို ပုဂ္ဂလိက ကုမ္ပဏီများသို့ လေလံတင် ရောင်းချမည်ဟုလည်း မြန်မာစစ်အစိုးရက အင်္ဂါနေ့တွင် ကြေညာသွားပါသည်။

ဤလုပ်ရပ်ကို ကြည့်ခြင်းဖြင့် မြန်မာစစ်အစိုးရသည် ယင်း၏ ဝန်ထုပ်ဝန်ပိုးများကို ဆက်လက် မထမ်းထားနိုင်တော့ကြောင်းနှင့် ဆက်လက် မထိန်းသိမ်းထားနိုင်တော့ကြောင်း နောက်ထပ် ပြဆိုလိုက်ခြင်းလည်း ဖြစ်သည်။ အလားတူပင် မြန်မာ စစ်အစိုးရကို ထောက်ခံရန် ပြည်တွင်းပုဂ္ဂလိက လုပ်ငန်းရှင်များကို အလားတူ စီးပွါးရေး အခွင့်အလမ်းများပေး၍ ဆွဲဆောင်ခြင်း မပြုနိုင်ကြောင်းလည်း ပြဆိုနေသည်။

0 comments: