AFP/Reuters/ခေတ်ပြိုင်၊ ၂၄ ဧပြီ ၂၀၀၈
မြန်မာနိုင်ငံ၌ ကျင်းပမည့် အခြေခံဥပဒေ ဆန္ဒခံယူပွဲသည် အများယုံကြည်လက်ခံသည့် ဆန္ဒ ခံယူပွဲအသွင်ဖြစ်စေရန် တောင်းဆိုမည့် သဘောထား ကြေညာချက်မူကြမ်းကို အမေရိကန် ပြည်ထောင်စုက ယနေ့ လုံခြုံရေးကောင်စီထံ တင်သွင်းမည်ဟု အမေရိကန်နိုင်ငံဆိုင်ရာ ကုလ သမဂ္ဂ သံအမတ်ကြီးက ပြောသည်။
အမေရိကန်၏ ကြေညာချက်မူကြမ်းကို တရုတ်နိုင်ငံက ဆန့်ကျင်ခဲ့ဖူးသဖြင့် မလိုက်နာ မနေရ မဟုတ်သော စာသားများ ပါဝင်သည့် ကြေညာချက်ကို တင်သွင်းရန် စီစဉ်ထားကြောင်း၊ မြန်မာ နိုင်ငံ၏ ဆန္ဒခံယူပွဲ လုပ်ငန်းစဉ်သည် မယုံကြည်စရာကောင်းပြီး စိုးရိမ်ဖွယ်ရာ လက္ခဏာများ ရှိနေသည်ဟု အမေရိကန်သံအမတ်ကြီး ဇယ်လ်မေး ခါလီဇတ်ဒ်က ပြောသည်။
၎င်းက “လာမယ့် လူထုဆန္ဒခံယူပွဲနဲ့ ရွေးကောက်ပွဲတွေအတွက် လုံခြုံရေးကောင်စီအနေနဲ့ လေး နက်တဲ့ သတင်းစကားပါးဖို့ အလွန်ရေးကြီးပါတယ်။ ဒီလုပ်ငန်းစဉ်ဟာ အများယုံကြည် လက်ခံဖို့ လိုအပ်တယ်ဆိုတာ ရှင်းရှင်းလင်းလင်း ပြောရပါမယ်” ဟု ပြောသည်။
အဆိုပါ ကြေညာချက်မူကြမ်း၌ တွေ့ဆုံဆွေးနွေးရေး လုပ်ဆောင်ရန်နှင့် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန် တောင်းဆိုထားသည့် လုံခြုံရေးကောင်စီ၏ ယခင်တောင်းဆိုချက်များကို စစ်အစိုးရက လိုက်နာရန် နှေးကွေးနေသည်ဟု ဖော်ပြထားပြီး အရေးတကြီး ဆောင်ရွက်ရန် တောင်းဆိုသည့် ပြင်းထန်သော စကားလုံးများ သုံးနှုန်းထားသည်ဟု ရိုက်တာသတင်းတွင် ဖော်ပြသည်။
ထိုကြေညာချက်ကို ပြင်သစ်နှင့် ဗြိတိန်နိုင်ငံတို့ထံမှ အကြံဉာဏ်ရယူ၍ အမေရိကန်က ပြင်ဆင် ရေးဆွဲထားခြင်းဖြစ်သည်။
ကြေညာချက် အတည်ပြုရန် လုံခြုံရေးကောင်စီအဖွဲ့ဝင် (၁၅) နိုင်ငံ၏ တညီတညွတ်တည်း ထောက်ခံမှုရရန် လိုအပ်ပြီး အမေရိကန်သံအမတ်အနေဖြင့် တရုတ်၏ ထောက်ခံမှုရရှိရန် ခက်ခက်ခဲခဲ ကြိုးပမ်းရမည်ဖြစ်သည်။
အမေရိကန်သံအမတ်ကြီး ဇယ်လ်မေး ခါလီဇတ်ဒ်က “မြန်မာပြည်သူလူထုတွေဟာ လုံခြုံရေး ကောင်စီဆီကရယ်၊ နိုင်ငံတကာ အသိုင်းအ၀န်းဆီကရယ် ကူညီပံ့ပိုးမှု လိုအပ်နေပါတယ်” ဟု ပြောသည်။
မြန်မာစစ်အစိုးရက လာမည့် မေလ (၁၀) ရက်တွင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပမည်ဟု ကြေညာထားသည်။ ။
Friday, April 25, 2008
ဆန္ဒခံယူပွဲအပေါ် သဘောထား ကြေညာရန် လုံခြုံရေးကောင်စီထံ အမေရိကန်တင်သွင်း
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment