Friday, April 18, 2008

ကိုမင်းကိုနိုင် မျက်လုံး အရေးပေါ် ကုသခံယူရန် လိုအပ်

မဇ္ဈိမသတင်းဌာန-မောင်ဒီး၊ ဧပြီ ၁၈ ရက် ၂၀၀၈

နယူးဒေလီ။ ။ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၏ မျက်လုံး ဝေဒနာအတွက် ဆေးဝါးကုသမှုပေးရေး နအဖ ထံ တောင်းဆိုတိုက်တွန်းရန် ကုလ လူ့အခွင့်အရေး ကောင်စီကို နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) - AAPP က ယနေ့ တောင်းဆိုလိုက်သည်။

ကိုမင်းကိုနိုင်သည် လွန်ခဲ့သည့် ၃ ပတ်ကျော်ကတည်းက မျက်စိ တိမ်စွဲနေသဖြင့် ဆေးဝါးကုသမှု အမြန် လိုအပ်နေသဖြင့် ထိုင်းနိုင်ငံအခြေစိုက် AAPP က ယခုလို တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

“ဒီလလယ်ကျရင် အပြင်ဆေးရုံ ထုတ်မယ် ပြောပြီးတော့ အခုကျတော့ နောက်လမှဆိုပြီး ပြန်ဖြစ်လာတော့ သူ့ရဲ့ အခြေအနေက နောက်လမှဆိုရင် တော်တော် အန္တရာယ် ရှိနေတယ်လေ။ နောက်လထိ ရွှေ့လိုက်ပြီဆိုတော့ သူ့ရဲ့ အခြေအနေအတွက် စိုးရိမ်ရလို့ နိုင်ငံတကာကနေ ဝိုင်းဝန်းပြီး တိုက်တွန်းပေးပါဆိုတဲ့ ရည်ရွယ်ချက်နဲ့ သတင်းထုတ်ပြန်တာပါ” ဟု AAPP မှ အတွင်းရေးမှူး ဦးတိတ်နိုင်က ပြောသည်။

မျက်စိ ကိုက်ခဲမှုကြောင့် ညအိပ်မပျော် ဖြစ်ရသည်အထိ ဝေဒနာ ခံစားနေရသောကြောင့် အင်းစိန်ထောင် အာဏာပိုင်များကို ဆေးဝါး ကုသပေးရန် တောင်းဆိုရာ အာဏာပိုင်များက ပြီးစလွယ် ကုသပေးခြင်းနှင့် ထိရောက်သည့် ဆေးဝါးများ မပေးခြင်းကြောင့် အနာသက် ပိုရှည်လာသည်ဟု သူက ဆက်ပြောသည်။

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်အား ၂ဝဝ၇ ခုနှစ် သြဂုတ်လအတွင်းက ရန်ကုန်မြို့တွင် လောင်စာဆီဈေး ကျဆင်းရေး လမ်းလျှောက်ပွဲအပြီး နှစ်ရက်အကြာ ၂၁ ရက်နေ့တွင် လုပ်ဖော်ကိုင်ဖက် ကျောင်းသား ခေါင်းဆောင်များနှင့်အတူ ဖမ်းဆီးခဲ့သည်မှာ ယခုဆိုလျှင် ၈ လခန့်ရှိပြီ ဖြစ်သည်။

ထိရောက်သည့် ဆေးဝါးကုသ မပေးသဖြင့် အင်းစိန်ထောင်အတွင်း ထိန်းသိမ်း ခံနေရသည့် ၈၈ ကျောင်းသားခေါင်းဆောင် ကိုလှမျိုးနောင်နှင့် မန္တလေးတိုင်း အိုးဘိုထောင်တွင် ထိန်းသိမ်းခံနေရသည့် မတ္တရာ လွှတ်တော်အမတ် ဦးသန်းလွင်လည်း မျက်လုံးတဖက် ကွယ်ခဲ့ရပြီး ကျန်တဖက်မှာလည်း ပျက်စီးလုနီးပါး ဖြစ်နေသည်။

0 comments: