Saturday, March 8, 2008

ဂမ်ဘာရီရောက်နေစဉ် ရန်ကုန်၌ လုံခြုံရေး အထူးတင်းကျပ်ထား

NEJ/ ၇ မတ် ၂၀၀၈

ရန်ကုန်မြို့လည်ခေါင်နှင့် မြို့နယ်များတွင် လက်နက်အပြည့်အစုံ တပ်ဆင်ထားသည့် နအဖ စစ်ကားများ ယခင်ရက်များကထက် ယနေ့ ပိုမို၍ တိုးချဲ့ကင်းလှည့်နေပြီး လမ်းဆုံ လမ်းခွ များ၌လည်း လုံခြုံရေးအထူး တင်းကျပ်ချထားသည်ဟု ရန်ကုန်မြို့ခံများက ပြောသည်။

ကျောက်တံတားမြို့နယ်၌ နေထိုင်သူတဦးက “စစ်ကားတွေ လှည့်နေတယ်။ မြို့ထဲမှာ အကုန် လုံးလက်မှာ အနီပတ်တွေနဲ့ချည်းပဲ။ စစ်သားတွေကော၊ ရဲလုံထိန်းတွေကော အရင် စက်တင်ဘာ အရေးအခင်းတုန်းကလို ပုံစံမျိုး ပြန်လှည့်နေတယ်။ တော်တော်လေးကို တင်းတင်းကျပ်ကျပ် ချထားတယ်။ ဘာကြောင့်လဲတော့မသိဘူး။ ချထားတဲ့ ရဲတွေကလည်း ပုံမှန်အတိုင်း အပြာပတ် ပတ်တာကနေ အခု အနီပတ်တွေ ပြောင်းသွားပြီ” ဟု ပြောသည်။

လုံခြုံရေး တိုးမြှင့်ချထားရသည့် အကြောင်းရင်းကို မသိရသော်လည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ အီဘရာဟင် ဂမ်ဘာရီ မြန်မာနိုင်ငံရောက်ရှိချိန်နှင့် အချိန်ကိုက် ဆန္ဒပြလှုပ်ရှားမှုများ ပြုလုပ်လာနိုင်သည်ဟု ယူဆသည့်အတွက် လုံခြုံရေးတိုးမြှင့် ချထား ခြင်းဖြစ်ကြောင်း မြို့ခံတချို့က ခန့်မှန်းသည်။

ဗဟန်းမြို့နယ်၌ နေထိုင်သူတဦးက “၂ ရက်လောက်ရှိပြီ လုံခြုံရေးတွေချထားတာ ဒီနေ့တော့ ခါတိုင်းရက်တွေနဲ့ မတူဘူးပေါ့ နည်းနည်းပိုပြီးတော့ လက်နက်ကိုင်တွေ လှည့်နေတာတွေ့တယ်။ စစ်ကားတွေနဲ့ရော၊ ရဲကားတွေနဲ့ရော။ မြို့လယ်တွေမှာ လှည့်နေတယ်။ လူတွေကလည်း နဂိုကတည်းကိုက တအုံနွေးနွေးနဲ့ အနေအထားဆိုတော့ ဂမ်ဘာရီ လာမယ်ဆိုတဲ့ဟာမှာ လှုပ်ရှားမှုလုပ်ဖို့ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်” ဟု ပြောသည်။

ရန်ကုန်မြို့လယ်ခေါင် ပန်းဆိုးတန်းနှင့် ဆူးလေတ၀ိုက်တွင်သာမက တာမွေ၊ ပုဇွန်တောင်၊ ကြည့်မြင်တိုင်၊ အလုံ၊ ကမာရွတ်စသည့် မြို့နယ်များ၌လည်း စစ်ကားများ လှည့်လည်နေသည် ဟု ရန်ကုန်မြို့ခံတို့က ပြောသည်။ စွမ်းအားရှင်နှင့် ကြံ့ဖွံ့အဖွဲ့ဝင်များကလည်း လမ်းဆုံလမ်းခွနှင့် ပန်းခြံများအနီးမှ စောင့်ကြည့်နေကြကြောင်း သိရသည်။

ကုသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူးအကြံပေး မစ္စတာအီဘရာဟင် ဂမ်ဘာရီ သည် ယမန်နေ့က ရန်ကုန်မြို့သို့ ရောက်ရှိလာကာ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း၊ အိုင်စီအာစီကိုယ်စားလှယ်များ၊ နိုင်ငံခြားသံတမန်များနှင့် တွေ့ဆုံခဲ့ပြီး ယနေ့ ပြန်ကြားရေးဝန်ကြီး ဗိုလ်ချုပ်ကျော်ဆန်းနှင့် တွေ့ဆုံသည်။ ။

0 comments: