Thursday, March 13, 2008

မြန်မာနိုင်ငံတွင် ဥပဒေနှင့်မညီသော ဖမ်းဆီးမှုများအရှိန်မြင့်လာဟု ပီညဲရိုးပြောကြား

AFP/ခေတ်ပြိုင် ၁၃ မတ် ၂၀၀၈

မြန်မာစစ်အစိုးရသည် ဥပဒေနှင့်မညီသော ဖမ်းဆီးမှုများကို ရပ်တန့်ရမည့်အစား ပို၍အရှိန် အဟုန်မြှင့် လုပ်ဆောင်လာသဖြင့် ဇန်န၀ါရီလအထိ ထောင်တွင်း၌ ဖမ်းဆီးခံနေရသည့် နိုင်ငံရေးအကျဉ်းသား အရေအတွက်မှာ (၁,၈၅၀) ဦးအထိ ရှိလာသည်ဟု ယမန်နေ့၌ ထုတ်ပြန်သည့် ကုလသမဂ္ဂအစီရင်ခံစာတွင် ဖော်ပြထားသည်။

“ဥပဒေမဲ့ ဖမ်းဆီးမှုတွေကို ရပ်တန့်ရမယ့်အစား အစိုးရက ပိုပြီးတော့တောင် ဖမ်းဆီးမှုတွေ လုပ်လာတယ်” ဟု ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာ ပေါ်လို ဆာဂျီယို ပီညဲရိုး၏ အစီရင်ခံစာတွင် ဖော်ပြထားပြီး လူ့အခွင့်အရေးချိုးဖောက်မှုများနှင့်ပတ်သက်၍ မြန်မာစစ်အစိုးရ၏ သဘောတူညီမှုများမှာလည်း ပျောက်ကွယ်ကုန်ပြီဟု ဆိုထားသည်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီသို့ ယနေ့တင်ပြမည့် အစီရင်ခံစာတွင်လည်း ပြီးခဲ့သည့်နှစ် စက်တင်ဘာ အတွင်း စစ်အစိုးရကို ဆန့်ကျင်သည့် လူထုအုံကြွမှုနှင့်ပတ်သက်ပြီး ဖမ်းဆီးမှုများ ဆက်လုပ်နေကြောင်း သတင်းများရရှိနေဆဲဖြစ်သည်ဟု ၎င်းက ပြောသည်။

ယမန်နှစ် နိုဝင်ဘာ ၎င်း မြန်မာနိုင်ငံသို့ ရောက်ရှိစဉ်က ဖမ်းဆီးခံရသူ (၇၀) ဦးရှိခဲ့ပြီး (၆၂) ဦးမှာ၏ ထိန်းသိမ်းခံထားရဆဲဖြစ်ကြောင်း ပီညဲရိုးက ပြောသည်။

ဖမ်းဆီးခံရသူများ နှိပ်စက်ညှဉ်းပန်ခံရကြောင်း၊ အချုပ်ခံနေရစဉ်အတွင်း သေဆုံးမှုများနှင့် ၀ရမ်းမပါဘဲ ဖမ်းဆီးမှုများလည်း ရှိနေကြောင်း သိရှိရသည်ဟု ၎င်းက ပြောသည်။

ယမန်နှစ် စက်တင်ဘာအရေးအခင်းတွင် အကြမ်းဖက်နှိမ်နင်းခဲ့မှုများနှင့် တိုင်းရင်းသားဒေသ အချို့တွင် စစ်တပ်အင်အား တိုးချဲ့ တပ်ဖြန့်ထားခြင်းသည် စစ်အစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှုပုံစံများအဖြစ် ပို၍ ပေါ်လွင်လာရသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် လူမှုရေးမှာ ပိုမိုဆိုးရွားသည့်အခြေအနေသို့ ရောက်လာကြောင်း၊ ထို့အပြင် မြန်မာနိုင်ငံအရှေ့ပိုင်း ကရင်ပြည်နယ်ဘက်တွင်လည်း တိုင်းရင်းသားလူမျိုးစုများအား အကြမ်းဖက်ခြင်း၊ ဥပဒေမဲ့ သတ်ဖြတ်ခြင်း၊ အရပ်သားများကို တိုက်ခိုက်ခြင်းနှင့် အဓမ္မနေရာ ပြောင်းရွှေ့ခြင်းတို့နှင့်ပတ်သက်၍ ဆက်လက်အစီရင်ခံရန် ရှိနေသေးသည်ဟု ပြောသည်။

နှိပ်စက်ညှဉ်းပန်းခြင်း၊ အတင်းအကျပ်ခိုင်းစေခြင်း၊ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခြင်းနှင့် အရွယ် မရောက်သူများအား စစ်မှုထမ်းခိုင်းခြင်း စသည့်ကျူးလွန်မှုများကို စစ်အစိုးရအသိုင်းအ၀န်းတွင် အပြစ်ပေးခံရခြင်းမရှိသည့် အစဉ်အလာမှာ အဓိက အတားအဆီးတခုသဖွယ် ဖြစ်နေသည်ဟု အစီရင်ခံစာတွင်ပါရှိသည်။

ယမန်နှစ် နိုဝင်ဘာတွင် ပီညဲရိုးသည် မြန်မာနိုင်ငံသို့ (၅) ရက်ကြာ သွားရောက်ခဲ့ပြီး ကျန်းမာ ရေးချို့တဲ့သည့် နိုင်ငံရေး အကျဉ်းသားများကို အမြန်ဆုံးလွှတ်ပေးရန် စစ်အစိုးရကို တိုက်တွန်းခဲ့ပြီး ယင်းလုပ်ရပ်သည် ဒီမိုကရေစီအရေးနှင့် အမျိုးသားပြန်လည် ရင်ကြားစေ့ရေးတွင် အလေး ထားစရာ အပြုအမူတခုဖြစ်လိမ့်မည်ဟု ပြောကြားခဲ့သည်။ ။

0 comments: