Tuesday, March 25, 2008

စစ်တပ်ကြီးစိုးရေးဦးတည်သည့် အခြေခံဥပဒေကို စစ်သားများနားမလည်

ဧရာဝတီ | မတ် ၂၄၊ ၂၀၀၈

စစ်တပ်ထဲမှ အရာရှိအရာခံတပ်သားများအား ဆန္ဒခံယူပွဲ၌ ထောက်ခံမဲပေးကြရန် အထက်အရာရှိအဆင့်ဆင့်က ညွှန်ကြားထားသော်လည်း စစ်သားများအပါအ၀င် မိသားစုဝင်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို နားမလည်ကြကြောင်း စစ်တပ်အသိုင်းအ၀န်းမှလာသောသတင်းများအရ သိရသည်။

“ကျနော့်အမြင်ကတော့ စစ်သားတွေ ဆန္ဒခံယူပွဲအပေါ်မှာ စိတ်ဝင်စားမှုမရှိကြဘူး၊ သူတို့ရဲ့ မိသားစု စားဝတ်နေရေးကိစ္စကိုပဲ စိတ်ဝင်စားကြတာ” ဟု ရန်ကုန်ရှိ စစ်တပ်တခုအနီးတွင် ဆေးခန်းဖွင့်ထားသည့် ဆရာဝန်တဦးက ပြောသည်။

စစ်တပ်မိသားစုဝင်အများစုသည် ဖွဲ့စည်းပုံအခြေခံဥပဒေကို နားမလည်ကြသော်လည်း ထောက်ခံမဲမပေးပါက ဆန္ဒခံယူပွဲပြီးလျှင် အရာရှိများ၏ အပြစ်ပေးခြင်းခံရမည်ကို စိုးရိမ်နေကြသည်ဟုလည်း အဆိုပါဆရာဝန်က ပြောသည်။

ရန်ကုန်ရှိ စစ်တပ်မိသားစုဝင်တဦးက “ထောက်ခံရမလား၊ ကန့်ကွက်ရမလားဆိုတာကို စဉ်းစားနေတုန်းပဲ။ ဒါပေမယ့် အခုထိတော့ ဖွဲ့စည်းပုံမူကြမ်းကို မဖတ်ရသေးဘူး” ဟု ပြောသည်။

စစ်တပ်အတွင်း၌ မဲရုံဆောက်ကာ ဆန္ဒခံယူပွဲကျင်းပပါက ကန့်ကွက်မဲမပေးဝံ့သူ အများအပြားရှိကြောင်းလည်း သိရသည်။

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ တပ်ကြပ်ကြီးတဦးက ကြည်း၊ ရေ၊ လေ တပ်မတော်သားများအား တပ်မတော်က ရေးဆွဲထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ထောက်ခံမဲပေးရန် ညွှန်ကြားထားကြောင်း ဧရာဝတီကို ပြောသည်။

“စစ်တပ်ဝန်းအပြင်မှာသာ မဲပေးခွင့်ရရင် ကန့်ကွက်မဲပေးမှာပါ။ ဒါပေမယ့် မဲရုံက စစ်တပ်ဝန်းထဲမှာဆိုရင် ထောက်ခံမဲပေးရမှာ” ဟု အဆိုပါ တပ်ကြပ်ကြီးက ပြောသည်။

အဘယ့်ကြောင့် ထောက်ခံမဲပေးရမည်ကိုမူ အဆိုပါ တပ်ကြပ်ကြီးက ရှင်းလင်းစွာ ဖြေဆိုခြင်းမရှိပေ။

သာမန်အားဖြင့် စစ်သားအများစုသည် လာဘ်ပေးလာဘ်ယူမှုများနှင့် မကင်းကြသဖြင့် အထက်အရာရှိများက ငြိုငြင်မည်ကိုစိုးရိမ်သောကြောင့် ကန့်ကွက်မဲပေးကြမည်အဟုတ်ကြောင်း ရန်ကုန်ရှိ စစ်ရေးလေ့လာသူတဦးက သုံးသပ်ပြောဆိုသည်။

၁၉၈၈ ခုနှစ် ရှစ်လေးလုံး ဒီမိုကရေစီလှုပ်ရှားမှုကြီးတွင် ရန်ကုန်တိုင်း မင်္ဂလာဒုံ လေတပ်အခြေစိုက်စခန်းရှိ စစ်သားများသည် ပြည်သူလူထုနှင့် ဦးစွာပူးပေါင်းခဲ့ကြသူများ ဖြစ်သည်။

၁၉၉၀ ခုနှစ် မေလ ရွေးကောက်ပွဲတုန်းကလည်း စစ်အခြေစိုက်နေရာများဖြစ်ကြသည့် ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်နှင့် မှော်ဘီမြို့နယ်၊ မန္တလေးတိုင်း မိတ္ထိလာမြို့နယ်၊ မေမြို့နှင့် အခြားစစ်အခြေစိုက် ဒေသများ၌ အန်အယ်လ်ဒီပါတီက မဲအပြတ်အသတ်နှင့်အနိုင်ရခဲ့သောကြောင့် အန်အယ်လ်ဒီကို စစ်တပ်အသိုင်းအ၀န်းက မဲပေးခဲ့သည်ဟု လေ့လာသူများက ပြောသည်။

စစ်အစိုးရသည် နိုင်ငံတ၀န်းလုံးရှိ စစ်တပ်အသိုင်းအ၀န်းထံမှ ထောက်ခံမဲများရရှိမည်ဟု ကြိုတင်ကာ တွက်ချက်ထားသော်လည်း လေတပ်နှင့် ရေတပ်တို့ကို အပြည့်အ၀ ထိန်းချုပ်နိုင်မည်မဟုတ်ကြောင်း စစ်ရေးလေ့လာသူများက သုံးသပ်နေကြသည်။

ရေတပ်မှ အငြိမ်းစားတပ်ကြပ်ကြီးတဦးက “ဆန္ဒခံယူပွဲဆိုတာကို ကျနော်နားလည်ထားတာက တပ်ချုပ်ကြီးကို (ဗိုလ်ချုပ်မှူးကြီးသန်းရွှေ) ဦးသန်းရွှေဆိုပြီး စစ်ဘက်က အရပ်ဘက်ကို ပြောင်းတဲ့ပွဲပါပဲ။ အခြေအနေကတော့ ပြောင်းမှာမဟုတ်ဘူး” ဟု ပြောသည်။

မြန်မာနိုင်ငံ စစ်တပ်အသိုင်းအ၀န်းတွင် အရွယ်ရောက်ပြီးဆန္ဒမဲပေးခွင့်ရှိသူအရေအတွက် တစ်ဒသမနှစ်သန်းခန့် ရှိသည်ဟု ထိုင်းနိုင်ငံအခြေစိုက် စစ်ဖက်ရေးရာလေ့လာသူ ဦးဌေးအောင်က ခန့်မှန်းသည်။

0 comments: