Sunday, March 16, 2008

ရန်ကုန်မှာ ညဘက်တွင် စစ်သား၊ အရပ်သား ပူးတွဲ ကင်းပုန်းဝပ်

မဇ္ဈိမသတင်းဌာန မတ် ၁၄ ရက် ၂၀၀၈

နယူးဒေလီ။ ။ ရန်ကုန်တိုင်းရှိ မြို့နယ်များတွင် ရက်သတ္တတပတ်ခန့် ကတည်းက စစ်သား၊ အရပ်သား ပူးတွဲ၍ ကားများနှင့် ကင်းလှည့်နေသလို ကင်းပုန်းဝပ်၊ ကင်းလှည့်သည့် အလုပ်ကိုပါ ပူးတွဲ လုပ်ကိုင်နေကြသည်။

လည်ပတ်အနီ၊ အဝါ၊ အစိမ်း ပတ်ထားသည့် စစ်သားများနှင့်အတူ မီးသတ်၊ ကြံ့ဖွံ့၊ စွမ်းအားရှင်များသည် FAW စစ်ကား၊ မီးသတ်ကား၊ ဟိုင်းလပ်ကား၊ ဒိုင်နာကားများနှင့် ရန်ကုန်တိုင်း မြို့နယ်များတွင် ဥဒဟို ဆိုသလို ကင်းလှည့် သွားလာနေပြီး ညဘက်တွင်ပါ ပူးတွဲ၍ ကင်းပုန်းဝပ်ကာ လုံခြုံရေး ချထားနေသည်။

“မြို့နယ် တော်တော်များများမှာ ကင်းပုန်းဝပ်တဲ့ စစ်သားတွေ ရှိနေတယ်။ အရင် ရက်ပိုင်းမှာက စစ်တပ်က ကင်းပုန်း ဝပ်တယ်။ အခုကျတော့ ရဲတွေက ကင်းပုန်းဝတ်လာပြီ။ ရဲနဲ့ ကြံ့ဖွံ့တို့ ပေါင်းပြီးတော့ ညဘက်တွေမှာ ရပ်ကွက်တွေထဲမှာ ကင်းပုန်းဝပ်လာတယ်” ဟု ဒဂုံမြို့သစ်ရှိ ဒေသခံတဦးက ပြောသည်။

သူက ဆက်ပြီး “၁၂ နာရီ လောက်ဆိုရင် စစ်ဝတ် စစ်စား အပြည့်အစုံ၊ လက်နက် အပြည့်အစုံနဲ့ ၄-၅ ညလောက်ရှိပြီ။
၇ ရက်နေ့ ညဦးပိုင်းကနေ ကင်းပုန်းဝပ်ခဲ့တာပေါ့ဗျာ။ တပတ်လောက်တော့ ရှိနေပြီပေါ့ဗျာ။ အဲဒါ ညတိုင်းပါပဲ။ ၁၂ နာရီလောက်မှာ ကင်းပုန်းဝပ်တယ်ပေါ့ဗျာ။ မနက် ၃ နာရီလောက်မှာ ပြန်ရုပ်သိမ်းတယ်” ဟု ပြောသည်။

သင်္ကန်းကျွန်းဒေသခံက “ည ၁၂ နာရီလောက်မှာ ကင်းပုန်း ဝပ်တယ်လေ။ စွမ်းအားရှင်တို့၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးတို့။ ပြီးတော့ ရပ်ကွက်ထဲမှာ အလုပ်အကိုင်မရှိတဲ့ ပြည်သူတွေ နေ့စားတွေပေါ့။ ဝတ်ရတဲ့ အဝတ်အစားကတော့ အနက်ပေါ့နော်။ ဦးထုပ်တွေကစ အနက်ရောင်တွေ ဝတ်ရတယ်။ ရယက ရုံးမှာ ညနေ ၆ နာရီလောက် အရောက်လာရတယ်။ အဲဒီရောက်တဲ့ အခါကျမှ သူတို့ လိုအပ်မယ် ထင်တဲ့ နေရာတွေကို ခေါ်သွားတယ်ပေါ့” ဟု ပြောသည်။

“ခွေးတွေ ဟောင်လို့ မီးဖွင့်လိုက်တဲ့အခါ စစ်တပ်က ‘ဘာ့လို့ ဖွင့်လဲ’ ဆိုပြီး ဟိန်းဟောက်တယ်။ ရပ်ကွက်နေ ပြည်သူတွေက ဒီအပေါ်မှာ မလုံခြုံ ဖြစ်နေတယ်။ အခုလို မလိုအပ်ဘဲ ရပ်ကွက်တွေထဲ ဝင်နေတာ သူတို့ အိမ်တွေရဲ့ လုံခြုံမှုကို စိုးရိမ်တယ်။ ဘာကို စိုးရိမ်လဲဆိုရင် လုမှာ ယက်မှာ၊ အကြမ်းဖက်မှာကို စိုးရိမ်တာ” ဟု သူက ပြောသည်။

မြို့နယ်များ၏ လမ်းဆုံလမ်းခွများ၊ ဈေးများ၊ အထူးသဖြင့် ယခု ရက်ပိုင်းအတွင်း ၁ဝ တန်း စာမေးပွဲ ဖြေဆိုနေသည့် စာသင်ကျောင်းများရှေ့တွင် လုံခြုံရေးကို ပိုမို တိုးမြှင့်လာနေသည်။

ဒဂုံမြို့သစ်ဒေသခံက “လုံခြုံရေးကလည်း တိုးပြီးတော့ ချထားတယ်။ လမ်းဆုံလမ်းခွတွေ၊ စာသင်ကျောင်းတွေမှာပေါ့။ စာသင်ကျောင်းတွေမှာ ဒီရက်ပိုင်းက ၁ဝ တန်းကျောင်းသားတွေ စာမေးပွဲတွေနဲ့ ဆိုတော့ လုံးခြုံရေး တင်းကျပ်တယ်။ ဈေးတွေမှာ လုံခြုံရေးတွေကို ထူထူထပ်ထပ် ချထားတာ တွေ့ရတယ်” ဟု ပြောသည်။

လုံခြုံရေး ယူထားသည့် တပ်မများသည် တပ်မ ၄၄ ၊ ၆၆ ၊ ၇၇ တို့ဖြစ်ကာ လသာ၊ လှိုင်၊ ဗိုလ်တထောင်နှင့် ဗဟန်းမြို့နယ်များတွင် ပိုမို ချထားသည်ဟု သူက ဆက်ပြောသည်။

ယခုလ ၆ ရက်နေ့မှ ၁ဝ ရက်နေ့အထိ မြန်မာပြည်တွင် ရောက်ရှိနေသည့် ကုလကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီ ရောက်နေချိန်အတွင်း ရန်ကုန်လုံခြုံရေးကို တိုးမြှင့်လာသလို၊ သူပြန်ပြီးနောက် နအဖ အကြီးအကဲ သေဆုံးပြီ ဟူသည့် ကောလာဟလ ပေါ်ထွက်လာချိန်၊ စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော် ကျဆုံးခဲ့သည့် နှစ်ပတ်လည် မတ်လ ၁၃ ရက်နေ့နှင့် မတ်လ ၁ဝ ရက်နေ့မှ ၁၅ ရက်နေ့တွင် ပြီးဆုံးမည့် ၁ဝ တန်း စာမေးပွဲများကြောင့် ဆူပူလှုပ်ရှားမှုများ မဖြစ်ပေါ်စေရန် အင်အားပြ ခြိမ်းခြောက်သည့် သဘော ဖြစ်နိုင်သည်ဟု ဒေသခံများက ခန့်မှန်းကြသည်။

စစ်သား၊ အရပ်သား ပူးတွဲကာ စစ်ကား၊ မီးသတ်ကား၊ အချောဆွဲထားသည့် ဟိုင်းလတ်ကား၊ ဒိုင်နာကား၊ ဆိုင်ကယ်များနှင့်လည်း ကင်းလှည့်နေဆဲပင် ဖြစ်သည်။

“တမြို့နယ်မှာ ကားအစီးရေ ၂ဝ နီးပါးရှိတယ်။ ဖြန့်ပြီးတော့ လှည့်တာပေါ့။ ဆိုင်ကယ်တွေက ရှေ့ပြေး သဘောမျိုးနဲ့ ထားပြီးတော့ စစ်ကားတွေက နောက်ကနေ လိုက်ကင်းလှည့်နေတာလေ။ မီးသတ်ကားတွေက အရင်ကလို မဟုတ်ဘဲ ရှေ့တစီး နောက်တစီး ပုံစံတွေ လုပ်လာတယ်။ ကြားမှာ စစ်ကားတွေကို အစာသွပ်ထားသလိုပေါ့ဗျာ” ဟု ဒဂုံမြို့သစ်မှ ဒေသခံက ပြောသည်။

သင်္ကန်းကျွန်းဒေသခံကလည်း ရပ်ကွက်များရှိ ဆိုးသွမ်းသူများကို နေ့စားခ ကျပ်ငွေ ၁၅ဝဝ ပေးကာ အင်အားဖြည့် ကင်းလှည့်နေသည်ဟု ဆိုသည်။

သူက “ကားပေါ်မှာ လူဦးရေ ၄ဝ ကျော်၊ ၅ဝ နည်းပါးလောက် ရှိတယ်ပေါ့ဗျာ။ တချို့က ပိုက်ဆံရလို့ လိုက်တယ်။ တချို့က ဖိအားပေးလို့ လိုက်ရတာတွေ ရှိတယ်။ တချို့ကလည်း မလိုက်ချင်ကြဘူး။ မြေငှား နေရတယ်။ ဧည့်စာရင်းကိစ္စရယ်၊ နေစရာပျောက်မှာရယ်၊ ဧည့်စာရင်းမပေးမှာရယ် ကြောက်ပြီးတော့ လိုက်ရတဲ့သူတွေ ရှိတယ်” ဟု ပြောသည်။

သူက ဆက်ပြီး “ချောဆွဲတဲ့ ကားတွေကို ချောဆွဲစဉ်က ဆီပေးမယ်လို့ ပြောတယ်။ တကယ်လည်း သုံးပြီးတော့ ဆီသွားထုတ်တော့ မရတော့ဘူး။ ဆီပေးဖို့ သွားပြောတဲ့အခါကျတော့ အထက်လူကြီးက ညွှန်ကြားတာ ဖြစ်တယ်၊ သူ့ဆီကို သွားတောင်းဆိုပြီးတော့ ဟ ထားလိုက်တာပေါ့ဗျာ။ သွားတောင်းတဲ့ အခါကျရင်လည်း ဘာတွေ ထပ်ဖိအားပေးလဲ ဆိုတော့ လိုင်းပျောက်သွားမယ် ဆိုပြီး ဖိအားပေးတယ်။ ခြိမ်းခြောက်တယ်ပေါ့ဗျာ” ဟု ပြောသည်။

0 comments: