ဧရာဝတီ-ကိုစိုး | ဖေဖော်ဝါရီ ၈၊ ၂၀၀၈
စစ်အစိုးရ၏ အခွင့်အရေးပေးမှုနှင့် မြန်မာ့စီးပွားရေးလောကကို လက်ဝါးကြီးအုပ်ထားပြီး အကျိုးအမြတ်များစွာ ဖြစ်ထွန်း နေသော စီးပွားရေးကုမ္ပဏီ လုပ်ငန်းကြီးများအား မြန်မာပြည်သူများက ဆန့်ကျင် သပိတ်မှောက်ရန် စာများ လူအများ အကြားတွင်ပျံ့နှံ့နေကြောင်း သိရသည်။
မြန်မာဘီယာ ကြော်ငြာ ဆိုင်းဘုတ် တခုကို တွေ့မြင်ရစဉ်
မည်သည့်အဖွဲ့က ဖြန့်ဝေသည်ကိုမသိရသော အဆိုပါ စာများတွင် လန်ဒန် စီးကရက်၊ ဗီးဂတ်စ် စီးကရက်၊ မြန်မာဘီယာ၊ ဒဂုန်ဘီယာ၊ ဂျေ ဒိုးနတ်ကော်ဖီဆိုင်လုပ်ငန်း၊ ပါရမီ ယာဉ်လိုင်းများနှင့် အစိုးရ အောင်ဘာလေထီ အပါအဝင် ကုမ္ပဏီ လုပ်ငန်း ၁၀ ခုကျော် ကို သပိတ် မှောက်မှုများ ပြုလုပ်မည် ဖြစ်ကြောင်း ပါရှိသည်။
သပိတ်မှောက်ဆန့်ကျင်မည့် လုပ်ငန်းများတွင် အစိုးရသတင်းစာ မြန်မာ့အလင်း၊ ကြေးမုံနှင့် ဦးမြတ်ခိုင် ၏ လျှပ်တပြက် ဂျာနယ်၊ မန္တလေး ကြံ့ဖွံ့က ထုတ်ဝေသော နန်းမြင့်ဂျာနယ်များလည်း ပါဝင်သည်ဟု ဆိုသည်။
ဦးမြတ်ခိုင်သည် လွန်ခဲ့သော စက်တင်ဘာ အရေးအခင်းအတွင်း ဆန္ဒပြသံဃာများ၏ ဓာတ်ပုံများကို ပြန်ကြားရေး ဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဆန်းထံသို့ပေးပို့သူဖြစ်ကြောင်းနှင့် ပြန်ကြားရေးဝန်ကြီးအတွက် သတင်းပေးပြုလုပ်သူ ဖြစ်ကြောင်း လူအများအကြားပြောဆိုမှုများရှိသည်။
အထက်ပါ ကုမ္ပဏီအများစုသည် စစ်အစိုးရ ထိပ်သီးခေါင်းဆောင်များနှင့် သက်ဆိုင်နေပြီး စစ်တပ်ပိုင် စီးပွားရေး ဦးပိုင် လီမိတက်နှင့်ပတ်သက်နေကြောင်း သိရသည်။
ဂျေ ဒိုးနတ်ကော်ဖီဆိုင်လုပ်ငန်းသည်လည်း စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ သား ကြိုင်စန်းရွှေ ပိုင်လုပ်ငန်းဖြစ်သည်ဟု စာပါ စာရင်းတွင်ဖော်ပြထားသည်။
မကြာသေးခင်က အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက ငွေကြေးလည်ပတ်စီးဆင်းမှုနှင့်ပတ်သက်ပြီး မြန်မာ ကုမ္ပဏီ ၄ ခုနှင့် လူပုဂ္ဂိုလ် ၃ ဦးကို ပြင်းထန်စွာ ပိတ်ဆို့အရေးယူရန် ထုတ်ပြန်ချက်တွင်ပါဝင်သည့် ဦးတေဇ၏ ထူးကုမ္ပဏီသည်လည်း သပိတ်မှောက်ရန် စာရင်းတွင်ပါရှိသည်။
ယင်း သပိတ်မှောက်လှုပ်ရှားမှုနှင့်ပတ်သက်ပြီး ဧရာဝတီက မြန်မာပြည်တွင်းရှိ လူတန်းစားအလွှာ အသီးသီး ၏ သဘောထား ထင်မြင်ချက်များကို မေးမြန်းခဲ့သည်။
“မြန်မာပြည်သူတွေအနေနဲ့ သပိတ်မှောက်ဖို့မလွယ်ဘူး၊ တရုတ်လုပ် ပစ္စည်းတောင် မလွယ်ဘူး၊ ဘာဖြစ်လို့လည်း ဆိုတော့ မနက်တိုင်း တရုတ်သွားတိုက်ဆေးကို သုံနေကြတာ”ဟု စစ်ကိုင်းမြို့ရှိ ဘီယာဆိုင်ရှင် တဦးက ပြောဆိုသည်။
ရန်ကုန်မြို့မှ အလုပ်သမားအေဂျင်စီ မန်နေဂျာတဦးကလည်း “အဲဒီလုပ်ငန်း ထုတ်ကုန်တွေကို သပိတ်မှောက်ဖို့ ဆိုတာမဖြစ် နိုင်ဘူး၊ တကယ်လို့ လန်ဒန် စီးကရက်မသောက်ရင် တခြားရွေးစရာမရှိဘူးလေ”ဟု ပြောသည်။
မြန်မာပြည်တွင် ရွေးခြယ်စရာ နည်းပါးသောကြောင့် လူအများ အကြပ်အတည်း ဖြစ်နိုင်ကြောင်း၊ ၎င်းအနေနှင့် ဆိုပါက အစိုးရ အောင်ဘာလေထီကို မထိုးဘဲနေစေလိုကြောင်း၊ အစိုးရ ဘတ်ဂျက် ကို ထိခိုက်နိုင်မည့် အခွန် ရှောင်ခြင်းမျိုးကိုဆောင်ရွက်မည်ဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်တဦးက ပြောသည်။
ကချင်ပြည်နယ် တရုတ်မြန်မာနယ်စပ် လိုင်ဇာဒေသခံ တဦးကလည်း ကချင်ပြည်နယ်အနေနှင့် ယင်းကုမ္ပဏီများအား သပိတ်မှောက်သင့်ကြောင်းပြောဆိုသည်။
“အဲဒီ ကုမ္ပဏီတွေက စစ်အစိုးရ သက်တမ်းရှည်အောင် အထောက်ပံ့ ပေးနေတာ၊ ကျနော့်အနေနဲ့ ဆိုရင် သပိတ်မှောက် ချင်တယ်” ဟု ၎င်းက ပြောသည်။
ဤကဲ့သို့ သပိတ်မှောက်မည်ဆိုပါက လက်တွေ့အခက်အခဲရှိနိုင်သော်လည်း အကျိုးသက်ရောက်မှု သေချာပါလျှင် လူအများ ပါဝင်လာနိုင်ကြောင်း ရန်ကုန်အခြေစိုက် စီးပွားရေး အယ်ဒီတာ တဦးက ပြောသည်။
“လှုပ်ရှားမှုတခုအနေနဲ့တော့ ဖြစ်နိုင်ပါတယ်၊ လက်တွေ့ကတော့ ခက်လိမ့်မယ်၊ လူထုထဲကို ရောက်အောင် ထိရောက်ဖို့ လိုမယ်၊ အကျိုးသက်ရောက်မှု အသေအချာရှိခဲ့ရင်တော့ လူအများပါလာနိုင်တယ်လို့ ထင်တယ်”ဟု ၎င်းက ဆိုသည်။
လူအများနှင့် ပတ်သက်သည့် အစိုးရအောင်ဘာလေထီကို ဆန့်ကျင် သပိတ်မှောက်ရန်လည်း ၎င်းက ဆက်လက် အကြံပြုသည်။
“အရက်တို့ စီးကရက်တို့နဲ့စာရင် ထီလက်မှတ်လိုဟာမျိုးက လူအများနဲ့ နီးစပ်တယ်၊ ငွေ ၁၀၀ မှာ အစိုးရက ၄၀ ရာနှုန်း စားလိုက်တာ၊ ၆၀ ပဲ ဆုကြေးထဲပြန်ဝင်တာ၊ အသားလွတ် အခွန်ကောက်လိုက်တာပဲ၊ ဒါ တရားဝင် လောင်း ကစားပဲ။ အစိုးရက တရားဝင်စားနေတာ”ဟု အထက်ပါ စီးပွားရေး အယ်ဒီတာက ပြောဆိုသည်။
ရန်ကုန်အခြေစိုက် အသက် ၅၀ ဝန်းကျင်ရှိ စာရေးဆရာ တဦးကမူ ကုမ္ပဏီလုပ်ငန်းအများစုမှာ လက်ရှိ စစ်အစိုးရနှင့် မကင်းသည်က များသောကြောင့် ထိရောက်မှုရှိရန်မလွယ်ကူကြောင်း ပြောသည်။
“အစိုးရနဲ့ကင်းတဲ့ အဲဒီလိုလုပ်ငန်းတွေက မရှိသလောက်ဘဲ၊ အဲဒါတွေကိုသာ ကျနော်တို့က သပိတ်မှောက်ရမယ် ဆိုရင် ဘာမှ မသုံးမစွဲရတဲ့အခြေအနေမျိုးဖြစ်သွားနိုင်တယ်၊ ကျနော်တော့ အဲဒီလိုမျိုးမြင်တယ်၊ အခု ပြောတဲ့ စာရင်းထဲမှာကို လူအများသုံးနေတဲ့ လူသုံးကုန်ပစ္စည်း အတော်များများ ပါနေတယ်၊ သိပ်ထိရောက်မယ်လို့ မထင်ဘူး”ဟု ၎င်း က ပြောကြားသည်။
0 comments:
Post a Comment